Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ဝေဒနာ သက်သာစေရန်

ငွေကြယ်စင်ယံ

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတွေအတွက် စိတ်လှုပ်ရှားဖွယ်ရာကောင်းသလို ကြည်နူးဖွယ်ရာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကံမကောင်းတဲ့အချက်က ကိုယ်ဝန်ပထမသုံးလတာ ကာလအတွင်း ခေါင်းကိုက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ဝေဒနာတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ခေါင်းကိုက်ဝေဒနာသက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) များများ အနားယူပါ

ကိုယ်ဝန်ဆောင် ပထမသုံးလတာကာလအတွင်း သင့်ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ ဟော်မုန်းအဆင့်မြင့်တက်စေပြီး စိတ်ဖိစီးမှုပိုများကာ ပိုမိုပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ဒါကြောင့် အနားများများယူတဲ့နည်းနဲ့ ခန္ဓာကိုယ်တွင်းပြောင်းလဲမှုကို လိုက်လျောညီထွေရှိအောင်ကျင့်ပြီး ခေါင်းကိုက်ဝေဒနာသက်သာအောင် နေထိုင်ပါ။

(၂) သွေးတွင်းသကြားဓာတ် ပမာဏကို စောင့်ကြည့်ပါ

သွေးတွင်းသကြားဓာတ်ပမာဏက နည်းလွန်းရင် ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင့်ခန္ဓာကိုယ်က ကြီးထွားလာတာကြောင့် တစ်နေ့တာအတွင်း သွေးတွင်းသကြားဓာတ် ပုံမှန်ရှိစေဖို့ အစာကို နည်းနည်းနဲ့မကြာခဏစားပါ။

(၃) ရေများများသောက်ပါ

ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်အတွက်သာမက သင့်ကလေးအတွက်ပါ အာဟာရဖြည့်တင်းဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါနဲ့ ရေဓာတ်ခမ်းခြောက်တဲ့အခါ ဦးခေါင်းရှိသွေးကြောတွေက ရောင်ရမ်းတတ်ပါတယ်။ ရေများများသောက်ပြီး ဦးခေါင်းထဲက သွေးကြောရောင်ရမ်းမှုကို လျှော့ချကာ ခေါင်းကိုက်ဝေဒနာ သက်သာအောင်ကြိုးစားပါ။

(၄) ကဖင်းမှီဝဲမှုကို ဖြည်းဖြည်းချင်းလျှော့ချကာ ဖြတ်ပေးပါ

ကော်ဖီကိုပုံမှန်သောက်နေတဲ့ အမျိုးသမီးတွေအနေနဲ့ ကဖင်းဓာတ်ကို ရုတ်တရက် ဖြတ်လိုက်တာကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ကဖင်းဓာတ်က ကိုယ်ဝန်ဆောင်ချိန် မသောက်သင့်ပေမယ့် ခေါင်းကိုက်ဝေဒနာမရအောင် ဖြည်းဖြည်းချင်း ဖြတ်တောက်သွားဖို့ လိုအပ်ပါတယ်။

(၅) စိတ်ဖိစီးမှုကို လျှော့ချပါ

ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးသမီးတစ်ယောက်ရဲ့ စိတ်နဲ့ကိုယ်ဟာ ထိခိုက်လွယ်တဲ့ အနေအထားရှိတာကြောင့် စိတ်ဖိစီးမှု နည်းနည်းဖြစ်လာရင်တောင် ခေါင်းကိုက်လွယ်နေတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ အနားယူပါ။ ဖြစ်နိုင်ရင် စိတ်ညစ်စရာကောင်းတဲ့ အခြေအနေကနေ သင့်ကိုယ်သင် ရုန်းထွက်လိုက်ပါ။

(၆) ရေချိုးပါ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ကိုယ်ခန္ဓာအပူချိန် မြင့်တက်နေတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အေးမြငြိမ်သက်အောင် လုပ်ဖို့အရေးကြီးပါတယ်။ ခန္ဓာကိုယ် အေးမြသွားတဲ့အခါ ခေါင်းကိုက်တာ သက်သာသွားပါလိမ့်မယ်။ ရေမချိုးဖြစ်ရင်တောင် မျက်နှာနဲ့နဖူးပေါ်မှာ စိုစွတ်တဲ့အဝတ်စတစ်စ ကပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top