Healthy Life Ad
Health Tips

မိခင်ဆီမှ သမီးထံမျိုးရိုးလိုက်ဖြစ်တတ်သည့် ဝေဒနာ ၁၀ မျိုး

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

မျိုးရိုးဗီဇက လူတွေရဲ့သွင်ပြင်နဲ့ ကိုယ်ရည်ကိုယ်သွေးကိုသာမက အားနည်းချက်တွေအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ မိခင်ကနေ သမီးဆီကို မျိုးရိုးလိုက်ဖြစ်ပွားတတ်တဲ့ ဝေဒနာတွေရှိပါတယ်။ သင့်မိခင်မှာ ဒီမျိုးရိုးလိုက်တဲ့ ဝေဒနာတွေရှိနေရင်တောင် သင့်မှာမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို မျှဝေလိုက်ပါတယ်။

(၁) အရိုးပါးရောဂါ

အရိုးကျိုးနိုင်ခြေမြင့်မားတဲ့ အရိုးအားနည်းမှုအခြေအနေကို အရိုးပါးရောဂါလို့ ခေါ်ပါတယ်။ အမျိုးသမီးတွေအဖြစ်များပြီး မျိုးရိုးလိုက်တာက အရိုးပါးရောဂါလည်း အပါအဝင်ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ ကယ်လ်ဆီယမ်ဆုံးရှုံးပြီး အရိုးကြွပ်ဆတ်တာကြောင့် ဖြစ်တတ်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
ကယ်လ်ဆီယမ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားသင့်ပါတယ်။ ကယ်လ်ဆီယမ်ကို ဗီတာမင်ဒီနဲ့ပေါင်းပြီး ခန္ဓာကိုယ်က စုပ်ယူနိုင်တာကြောင့် ဗီတာမင်ဒီရအောင် အပြင်ထွက်လမ်းလျှောက်ပေးပါ။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယမ်စုပ်ယူမှုလျော့ကျစေနိုင်ပြီး အရိုးသိပ်သည်းဆ လျော့ပါးစေပါတယ်။ ဆော်ဒါအချိုရည်မသောက်ပါနဲ့။

ပုံမှန်သောက်တာက တင်ပဆုံရိုးကျိုးနိုင်ခြေကို ၁၄ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ ကိုယ်အလေးချိန်ထိန်းပြီး အားကစားလုပ်ပါ။ အသက် ၁၉ နှစ်နဲ့ ၆၄နှစ်ကြား လူတွေဟာ တစ်ပတ်မှာ အေရိုးဗစ်လေ့ကျင့်ခန်းကို မိနစ် ၁၅၀ ကြာ ပြုလုပ်သင့်ပြီး ကြွက်သားအားကောင်းစေမယ့် လေ့ကျင့်ခန်းကို တစ်ပတ်မှာနှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။

(၂) ရူမတွိုက်အဆစ်ရောင်ရောဂါ

ရူမတွိုက်အဆစ်ရောင်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိကြပါဘူး။ ဒါပေမဲ့ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေ ပေါင်းစပ်ရာက ကိုယ်ခံအားစနစ်ထိခိုက်ပြီး ဖြစ်ရတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
ဆေးလိပ်ဖြတ်ပါ၊ ကော်ဖီနဲ့ အနီရောင်အသားကို လျှော့ချပါ။ သွားနဲ့သွားဖုံးကျန်းမာရေး ဂရုစိုက်ပါ။ သွားဖုံးရေစီးကမ်းပြိုရောဂါက ရူမတွိုက်အဆစ်ရောင်ရောဂါ ဖြစ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဗီတာမင်စီပါဝင်မှုများတဲ့ အစားအသောက်တွေစားပါ၊ အင်တီအောက်ဆီးဒင့် ရရှိတာကြောင့် ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျစေပါတယ်။

(၃) အရွယ်မတိုင်မီ အိုမင်းခြင်း

သင့်ခန္ဓာကိုယ်က အိုမင်းခြင်းဖြစ်စဉ်ကို ဘယ်လောက်ကြာကြာ ဟန့်တားနိုင်သလဲဆိုတာဟာ ဗီဇတချို့နဲ့ ဆက်စပ်နေပါတယ်။ ဒီမျိုးရိုးဗီဇတွေက မိခင်ဆီကနေ လာတတ်ပါတယ်။ သင်က သင့်မိခင်ရဲ့ ထိခိုက်နေတဲ့ ဒီအင်န်အေကို မျိုးရိုးလိုက်ရရှိထားရင် သင်ရဲ့အိုမင်းမှုဖြစ်စဉ်က မြန်ဆန်ပါလိမ့်မယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
မျိုးရိုးကို ကာကွယ်လို့မရပေမယ့် နေကာနိုင်စွမ်းရှိတဲ့ နေကာခရင်မ်ကို အပြင်သွားတိုင်း လိမ်းပေးသင့်ပါတယ်။

(၄) စိတ်ကျရောဂါ

နှစ်စဉ် လူဦးရေ သန်း ၃၀ဝ ခန့်ဟာ စိတ်ကျရောဂါ ခံစားနေရပါတယ်။ စိတ်ကျတာကလည်း မျိုးရိုးလိုက်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ကျရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများပြီး ဒါက နာတာရှည်ဖြစ်တတ်ပါတယ်။ ကလေးမွေးပြီး စိတ်ကျရောဂါကလည်း မျိုးရိုးလိုက်နိုင်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
သင့်ခန္ဓာကိုယ်ကျန်းမာရေးကို စောင့်ရှောက်ပါ။ အိပ်ရေးဝ၀အိပ်စက်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသောက်ပါ။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။ သင့်စိတ်ထဲမှာ ပြဿနာတွေကို သိမ်းမထားပါနဲ့။ ရင်ထဲမွန်းကျပ်နေတာရှိရင် နားလည်မှုပေးနိုင်မယ့် မိတ်ဆွေသူငယ်ချင်းနဲ့ မိသားစုဝင်တွေကို ပြောပြပြီး အကူအညီတောင်းပါ။ သင့်အခြေအနေက ဆေးကုဖို့ လိုတယ်ထင်ရင် စိတ်ကျန်းမာရေးအထူးကုနဲ့ သွားပြလိုက်ပါ။

(၅) မျက်စိရေတိမ်ရောဂါ

အမျိုးသမီးတွေက အမျိုးသားတွေထက် ရေတိမ်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။ ရေတိမ်က မျိုးရိုးလိုက်တတ်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။ အသက် ၄၀ နှစ် မတိုင်ခင် ၂-၄ နှစ်တစ်ခါ၊ အသက် ၄၀နှစ်နဲ့ ၅၄ နှစ်အတွင်းမှာ ၁-၃နှစ်တစ်ခါ၊ အသက် ၅၅နှစ်နဲ့ ၆၄ နှစ်အတွင်းမှာ ၁-၂ နှစ်တစ်ခါ၊ အသက် ၆၅ နှစ်နောက်ပိုင်းမှာ ၆လတစ်ခါ မျက်စိဆရာဝန်နဲ့ ပြရပါမယ်။ တစ်ပတ်မှာ သုံးကြိမ်နဲ့အထက် လမ်းလျှောက်ပေးရပါမယ်။ ယောဂကျင့်လို့ရပါတယ်။

(၆) နှလုံးသွေးကြောဆိုင်ရာ ရောဂါများ

အမျိုးသမီးခန္ဓာကိုယ်ထဲမှာ၊ အထူးသဖြင့် ဗိုက်တစ်ဝိုက်မှာ အဆီစုပုံတာက မျိုးရိုးလိုက်တတ်ပါတယ်။ ဗိုက်အဆီများရင် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနှစ်ဆရှိပါတယ်။ သွေးကြောထဲ ကိုလက်စထရောအပိုရှိရင် နှလုံးရောဂါထခြင်း (Heart Attack) ရနိုင်ခြေရှိပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
ကိုယ်အလေးချိန်များတာက လေဖြတ်တာ၊ နှလုံးရောဂါထခြင်း၊ သွေးတိုးခြင်းနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။ သင့်အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းကိုရွေးပြီး တစ်ပတ် ၃-၄ ကြိမ်လုပ်ဆောင်ပါ။ ဆားများတဲ့၊ အချိုကဲတဲ့၊ အဆီအအိမ့်များတဲ့ အစားအသောက်တွေအစား ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ ကောက်နှံတစ်ခုလုံးစာကို များများစားပေးပါ။

(၇) ခေါင်းတစ်ခြမ်းကိုက်ရောဂါ

အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆပိုပြီး ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရတတ်ပါတယ်။ ဒီရောဂါက မျိုးရိုးစဉ်ဆက်ဖြစ်တတ်ပြီး ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာထတာသက်သာအောင် လုပ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
အရက်၊ ချောကလက်၊ ဒိန်ခဲ၊ ကော်ဖီနဲ့ အချဉ်အရသာရှိ သစ်သီးတွေကို လျှော့စားပါ။ အနံ့ပြင်းတဲ့ နေရာတွေနဲ့တောက်ပတဲ့ အလင်းရောင်ကိုရှောင်ပါ။ ရေများများသောက်ပါ။ နေ့တိုင်း အနားယူပေးပါ။ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်ဖြတ်ရင် နှလုံးသွေးကြောရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးပြီး မျက်စိကိုလည်း စစ်ဆေးပါ။

(၈) အိပ်မပျော်ခြင်း

အိပ်မပျော်တာက စိတ်နဲ့သာမက မျိုးရိုးလိုက်နိုင်ခြေလည်းရှိတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
အဆိုးမြင်အတွေးတွေ၊ မကောင်းတဲ့ စိတ်ခံစားချက်တွေနဲ့ အိပ်ရာမဝင်ပါနဲ့။ ညနေပိုင်းမှာ ကော်ဖီ၊ ဆေးလိပ်မသောက်ပါနဲ့၊ အစားအသောက်ကို အလွန်အမင်းမစားပါနဲ့။ ညနေခင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။ အိပ်ရာမဝင်ခင် ၄နာရီအလိုမှာ လေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံးပါ။ နေ့တိုင်း တူညီတဲ့အချိန်မှာ အိပ်ရာဝင်၊ အိပ်ရာထ လုပ်ပေးပါ။

(၉) အယ်လ်ဇိုင်းမားရောဂါ

အယ်လ်ဇိုင်းမားရောဂါက အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပြီး အဖြစ်များဆုံး သူငယ်ပြန်ရောဂါပါ။ ဒီရောဂါကုသဆေးမရှိဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေနဲ့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ
သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရောအဆင့်ကို ထိန်းချုပ်ပါ။ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်တာက သူငယ်ပြန်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ဦးနှောက်ထဲ အောက်ဆီဂျင်ရောက်ရှိမှုများစေပါတယ်။ သကြား၊ ပြည့်ဝဆီလျှော့ပြီး သစ်သီးနဲ့ဟင်းသီး ဟင်းရွက်များများ စားပေးပါ။

(၁၀) ရင်သားကင်ဆာနှင့် သားဥအိမ် ကင်ဆာ

၂၀၁၃မှာ မင်းသမီးအင်ဂျလီနာဂျိုလီက သားဥအိမ်ကင်ဆာ အစောပိုင်းလက္ခဏာပြနေတာကြောင့် ကင်ဆာကာကွယ်တဲ့အနေနဲ့ ရင်သားနှစ်ဖက်စလုံးနဲ့ သားဥအိမ်တွေကို ဖြတ်ထုတ်ခဲ့ပါတယ်။ မိခင်နဲ့အဘွားက ကင်ဆာကြောင့် သေဆုံးခဲ့တဲ့အတွက် ကင်ဆာမျိုးရိုးဗီဇကို ဖြတ်ချလိုက်တာပါ။

ဘယ်လိုကာကွယ်နိုင်မလဲ
အရက်သောက်တာကို လျှော့ချပါ။ အသက် ၃၀ အရွယ်မှာ ကလေးယူပါ။ အသက် ၃၀မှာ သားဦးကလေးမွေးပြီး မိခင်နို့ချိုတိုက်ကျွေးရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ ဆေးလိပ်မသောက်ပါနဲ့။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top