Healthy Life Ad
International

မိခင်ဖြစ်သူ၏ သားအိမ်ဖြင့် အာရှဒေသအတွင်း ပထမဦးဆုံး ကလေးမွေးနိုင်ခဲ့သူ

ကိုထက်

အိန္ဒိယနိုင်ငံမှ အသက် ၂၈ နှစ်အရွယ် မီးနာကရှိဝီလန်ဟာ အာရှဒေသရဲ့ ပထမဦးဆုံး အစားထိုးထားတဲ့ သားအိမ်နဲ့ အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။ ဝီလန်ဟာ ပြီးခဲ့တဲ့ ၉ နှစ်ခန့်ကတည်းက အိမ်ထောင်ကျခဲ့ပြီး ကလေးရဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ဟာ သဘာဝနည်းနဲ့သာ ကလေးလိုချင်ခဲ့ပြီး ပထမဦးဆုံးကိုယ်ဝန်မှာ ကလေးငယ်ဟာ မွေးပြီးနာရီပိုင်းအကြာမှာ သေဆုံးသွားခဲ့ပါတယ်။ နောက်ထပ်နှစ်ကြိမ် ကိုယ်ဝန်ဆောင်စဉ်မှာတင် ပျက်ကျခဲ့ပြီး တစ်ကြိမ်က နေရာလွဲမှားသန္ဓေတည်ခဲ့တယ်လို့ သိရပါတယ်။

ဆရာဝန်တွေက အကြိမ်ကြိမ်စစ်ဆေးပြီး နောက်ဝီလန်ရဲ့ သားအိမ်ဟာ ကိုယ်ဝန်ဆောင်ဖို့အတွက် စွမ်းဆောင်ရည် လျော့နည်းနေခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ကလေးရနိုင်ဖို့က သားအိမ်အစားထိုး ကုသနည်းတစ်ခုပဲရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် ဝီလန်ရဲ့ မိခင်ဖြစ်သူ ၄၅ နှစ်အရွယ် စုရှိလာဂျရက်က သမီးဖြစ်သူထံ သားအိမ်လှူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဝီလန်ဟာ မိခင်ဆီမှ သားအိမ်ကို အစားထိုးခဲ့ပြီး ရက်ပေါင်း ၄၀ ခန့် စောင့်ကြည့်ခဲ့ရပါတယ်။ ၁၇ လ အကြာမှာ ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်မေလမှာ သူတို့ရဲ့သမီးလေး ရက်ဟာကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ ကလေးဟာ မွေးလာချိန်မှာ ၃ ပေါင်သာရှိတဲ့အတွက် အောက်တိုဘာလအထိ ဆေးရုံမှာ စောင့်ရှောက်မှုခံယူခဲ့ရပါတယ်။

“ဘဝက ပြည့်စုံသွားတယ်လို့ ခံစားရပါတယ်၊ ကိုယ်တိုင်အမေဖြစ်ခွင့်ရသွားတဲ့ ခံစားချက်ဟာ အရမ်းကို အဓိပ္ပာယ်ရှိပြီး အားအင်တွေလည်း ပြည့်လာစေပါတယ်၊ ဒီကုသနည်း ပိုပြီးတိုးတက်အောင်မြင်လာဖို့ မျှော်လင့်ပါတယ်၊ ဒီကုသနည်းဟာ မိသားစုပေါင်းမျာစွာကို ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံမှုတွေ ပေးလာနိုင်မှာပါ”လို့ ဝီလန်က ပြောပြခဲ့ပါတယ်။

“ကလေးရောမိခင်ရော ကျန်းကျန်းမာမာနဲ့ အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်၊ သူရဲ့သားအိမ် အကြောတွေဟာ သေးငယ်နေတဲ့အတွက် ခွဲစိတ်ရတာအနည်းငယ်တော့ ခက်ခဲခဲ့ပါတယ်” လို့ ဝီလန်ကို မီးဖွားပေးခဲ့သော ဒေါက်တာပူတန်ဘီကာက ပြောပြခဲ့ပါတယ်။ သားအိမ် အစားထိုးထားတဲ့ အမျိုးသမီးတိုင်းဟာ မီးဖွားချိန်မှာတော့ သဘာဝနည်းအတိုင်း မွေးလို့မရဘဲ ခွဲမွေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၄ ခုနှစ်မှာ ထိုအချိန်က အသက် ၃၆ နှစ် အရွယ်ရှိသော ဆွီဒင်အမျိုးသမီးဟာ ကမ္ဘာ့ပထမဦးဆုံးသော အစားထိုးသားအိမ်နဲ့ အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့တဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ သူ့ကို အသက် ၆၁အရွယ် မိတ်ဆွေတစ်ဦးမှ သားအိမ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဆွီဒင် နိုင်ငံမှာ သားအိမ်အစားထိုးမှု ၉ ယောက်ပြုလုပ်ထားပြီး အမေရိကန်မှာ ၇ ယောက် အစားထိုးကုသမှု ခံယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဝီလန်ဟာတော့ အာရှဒေသအတွင်း ပထမဦးဆုံး အောင်မြင်ခဲ့တဲ့ အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။

ဒီလို သားအိမ်အစားထိုးကုသမှုဟာ ယနေ့အချိန်အထိ ကုန်ကျစရိတ်အလွန်အမင်းများပြားတဲ့အတွက် အင်္ဂလန်နိုင်ငံ၊ သားအိမ်အစားထိုးကုသမှု ထောက်ပံ့ရေးအဖွဲ့တစ်ဖွဲ့မှ ကုသမှုအတွက်လိုအပ်ချက် တချို့ကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ သားအိမ်အစားထိုးကုသတာက အလွန်ရှုပ်ထွေးပြီး အန္တရာယ်လည်း များပါတယ်။ အဆင်မသင့်ရင် ဘေးထွက်ဆိုးကျိုးတွေ အများအပြားဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝီလန်ဟာ သားအိမ်အစားထိုးကုသနည်းကို ထောက်ခံသူတစ်ဦးဖြစ်လာသလို သားအိမ်အစားထိုးကုသမှုခံယူလိုသူ အမြောက်အများရှိနေပြီလို့လည်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top