Healthy Life Ad
Q & A

ကလေးဦးနှောက်ဖွံ့ဖြိုးမှုနှင့် အာဟာရ

Q. ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ဘယ်အချိန်က စတင်ဖြစ်ပေါ်လဲ ဆရာမ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

A. ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ သူ့ကို ကိုယ်ဝန်ဆောင်တဲ့အချိန်ကတည်းက စပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ငါးလက စတယ်လို့ ပြောလို့ရပါတယ်။ အဲဒီအချိန်မှာဆို ဦးနှောက်စဖြစ်လာမယ့် Myelin Neurone တွေက တဖြည်းဖြည်းနဲ့ Proliferation (ဆဲလ်ပွားခြင်း)ဖြစ်လာပြီး ဖွံ့ဖြိုးလာပါပြီ။ Sinus တွေက တစ်စတစပေါ်လာပါတယ်။ တဖြည်းဖြည်း ဖွံ့ဖြိုးလာတဲ့အခါ ကိုယ်ဝန်ငါးလလောက်မှာဆို ဦးနှောက်ရဲ့အလေးချိန်က ၅၀ ဂရမ်ရှိလာပါပြီး အလုပ်တွေ စတင်လုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီတော့ ကလေးတွေ မွေးဖွားလာတဲ့အချိန်မှာ ဦးနှောက်အလေးချိန်က ၃၅၀ ဂရမ်လောက် ရှိလာပြီး ဦးနှောက်စွမ်းရည်က တော်တော်လေး ဖွံ့ဖြိုးနေပါပြီ။ သုံးနှစ်ဆိုရင်ပဲ လူကြီးဦးနှောက်ရဲ့ သုံးပုံတစ်ပုံရှိနေပါပြီ။

Q. ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ဘယ်လို အာဟာရဓာတ်တွေမှီဝဲဖို့ လိုအပ်ပါသလဲ ဆရာမ။

A. ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မိခင်တွေအနေနဲ့ အစားအသောက်ထဲမှာ ဇင့်ဓာတ်ပါတာ၊ အိုမီဂါ ၃ဖက်တီးအက်စစ် ပါတာတွေစားဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် ငါးကို အဓိကစားခိုင်းပါတယ်။ ဘာလို့လဲ အိုမီဂါ ၃ ဖက်တီးအက်စစ်က ဦးနှောက်ဆဲလ်တွေရဲ့ အမြှေးပါးကို ပြုလုပ်ပေးနိုင်လို့ပါ။ အသီးအရွက်ထဲမှာ ဆိုရင်တော့ ထောပတ်သီးပါ။ ထောပတ်သီးထဲမှာ အိုမီဂါ ၆ တို့ ၉ တို့လည်း ပါပါတယ်။ တကယ်လို့ ဒီလိုအစားအစာတွေ မစားဖြစ်ဘူးဆိုရင်လည်း ဖြည့်စွက်စာအနေနဲ့ အိုမီဂါ ၃ ဆေးလုံးတွေလည်း သောက်လို့ရပါတယ်။ တခြားလိုအပ်တဲ့ ဓာတ်တွေလည်း ရှိပါသေးတယ်။

Q. အိုမီဂါ ၃ဖက်တီးအက်စစ် ရရှိနိုင်တဲ့ သဘာဝအစားအစာတွေ ပြောပြပေးပါ ဆရာမ။

A. သဘာဝအစားအစာကတော့ ငါးပါ။ ဆော်လမွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးတို့ ငါးမျိုးက အိုမီဂါ ၃ အများဆုံးရှိပါတယ်။ ငါးများများစားလို့ ဆိုပေမယ့် မာကျူရီဓာတ်တွေ ဝင်ထားနိုင်တဲ့ ငါးအကြီးကြီးတွေ ဥပမာ- ငါးမန်းတို့လို၊ ဓားရှည်နဲ့တူတဲ့ ငါးစတာတွေကို ရှောင်ရပါမယ်။ ဒါကြောင့် ဆရာမတို့က ကိုယ်ဝန်ဆောင်တွေကို ငါးမန်းတောင်ဟင်းချိုကို ရှောင်ခိုင်းတာ ဖြစ်ပါတယ်။

Q. ကိုယ်ဝန်စဆောင်တဲ့အခါ ဘယ်လိုဓာတ်တွေ လိုအပ်ပါသလဲ ဆရာမ။

A. ကိုယ်ဝန်စဆောင်ကတည်း ပရိုတင်း(အသားဓာတ်) ကို အားဖြည့်ရပါမယ်။ အသားအပြင် နို့ကိုလည်း သောက်ရပါမယ်။ သဘာဝနွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ်ပါ။ ဒိန်ချဉ်သောက်တာလည်း ကောင်းပါတယ်။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်တဲ့အခါ ကိုလင်းဓာတ် Choline ပါဝင်တဲ့ အစားအစာတွေကိုလည်း စားစေချင်ပါတယ်။ ကိုလင်းကလည်း ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်။ ကိုလင်းဆိုကတော့ မရှိမဖြစ် အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်ဘီ အုပ်စုဝင်ဖြစ်ပြီး သူရဲ့ Precusor တွေကတော့ Sphingomyelin? Phosphatidycholi ? Acetylcolin တို့ ဖြစ်ပါတယ်။ မှတ်ဉာဏ်အတွက် အရမ်းပဲအရေးကြီးသလို ကြွက်သားလှုပ်ရှားမှုမှာလည်း ပါဝင်နေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။

Q. ကိုလင်းဓာတ်ကို ဘယ်လောက်ပမာဏ ရရှိဖို့ လိုအပ်ပါသလဲ ဆရာမ။

A. ကိုလင်းဓာတ်ကို ကလေးတွေမှာ ဘယ်လောက်လိုသလဲဆိုတော့ တစ်နေ့တာအတွက် –
ကလေးမွေးခါစကနေ ၆ လထိကို ၁၂၅ မီလီ ဂရမ်ပဲလိုပါတယ်။
၇-၁၂ လထိကို ၂၅၀ မီလီဂရမ်
၁-၃ နှစ်ဆို ၂၀ဝ မီလီဂရမ်
၄-၈ နှစ်ဆို ၂၅၀ မီလီဂရမ် လိုအပ်ပါတယ်။
ကိုလင်းဓာတ်များတဲ့ အစာတွေကတော့ ကြက်သား၊ နို့၊ တိုဟူး၊ ကြက်ဥပြုတ်၊ မြေပဲ၊ အမဲအသည်း စတာတွေဖြစ်ပါတယ်။ ကိုလင်းများတဲ့ အစားအစာတွေကို ကိုယ်ဝန်ဆောင်ရှိကတည်းက စနစ်တကျ သေသေချာ စားထားသင့်ပါတယ်။

Q. ကလေးမွေးပြီးတဲ့အခါရော ဘာတွေဆောင်ရွက်ဖို့ လိုအပ်ပါသလဲ ဆရာမ။

A. ကလေးမွေးပြီး မိခင်နို့တိုက်တဲ့အချိန် ခြောက်လ

“ကလေးတွေမှာ ဦးနှောက်တစ်သျှူးပျက်စီးတာ ကာကွယ်ဖို့ အန်တီအောက်ဆီးဒင့်များများပါတဲ့ အစာတွေကိုလည်း ကျွေးရပါမယ်။ အစိမ်းရောင်အရွက်တွေ၊ အဝါရောင်ရှိတဲ့ အသီးတွေ၊ ကညွတ်တို့လို ဟင်းနုနွယ်တို့ကို များများစားရမယ်။ နောက်ပြီး သင်္ဘောသီး၊ ဘယ်ရီသီးတွေ စားပေးရပါမယ်။”

အတွင်းမှာ ကလေးရဲ့ဦးနှောက်က ဆက်လက်ဖွံ့ဖြိုးနေပြီး အခုနောက်ပိုင်းမှာဆို နို့တိုက်တဲ့ မိခင်တွေရဲ့ ကလေးရဲ့ဉာဏ်ရည်က အတော်လေးထက်မြက်တာကို တွေ့လာရတာက တွေ့လာရပါတယ်။ ကလေးတစ်သိန်းကျော်လောက်ကို မိခင်နို့တိုက်တဲ့ကလေးနဲ့ မိခင်နို့သေသေချာချာတိုက်ကျွေးမခံရတဲ့ ကလေးဆိုပြီး နှစ်မျိုးခွဲလေ့လာတဲ့နေရာမှာ မိခင်နို့စို့ရတဲ့ ကလေးတွေရဲ့အိုင်ကျူက အတော်လေးမြင့်တာကို တွေ့ရပါတယ်။ ဒါကြောင့် မိခင်က နို့ရည်ကတကယ့်ကို အာဟာရပြည့်ဝပြီး စွမ်းအင်တွေပေးနိုင်ဖို့ မိခင်ကိုယ်တိုင်ကလည်း အာဟာရစုံလင်အောင် အပြည့်အဝစားပေးရမှာပါ။

Q. မိခင်နို့တိုက်တာကြောင့် ကလေးရဲ့ဦးနှောက်အတွက် နောက်ထပ်ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်ပါသလဲ ဆရာမ။

A. မိခင်နို့မှာဆိုရင် Alpha Albumin ပရိုတင်း ပါဝင်ပါတယ်။ အဲဒီကနေတစ်ဆင့် သကြားဓာတ် တစ်မျိုးဖြစ်တဲ့ Lactose ကို ထုတ်လုပ်ကာ ကလေးတွေရဲ့ ခန္ဓာကိုယ် အသားဓာတ်ပြည့်ဝမှုနဲ့ အိပ်ရေးဝမှုတို့ကို အားပေးပါတယ်။ တချို့ကလေးတွေက ဂျီကျပြီး ကောင်းကောင်းမအိပ်တဲ့အခါ သူရဲ့ဦးနှောက်မှာရှိတဲ့ Myelin က အလုပ်မလုပ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ Weaning Diet မှာ ပရိုတင်းတွေ ပိုကျွေးရတာဖြစ်ပါတယ်။ နောက်တစ်ခုက အခုနောက်ပိုင်းမှာဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုဟာ အူလမ်းကြောင်းနဲ့လည်း ဆိုင်လာပါတယ်။

Q. ကလေးဦးနှောက်တစ်သျှူး မပျက်စီးအောင် ကာကွယ်နိုင်တဲ့အစားအစာတွေရော ရှိပါသလားဆရာမ။

A. ကလေးတွေမှာ ဦးနှောက်တစ်သျှူး ပျက်စီးတာ ကာကွယ်ဖို့ အန်တီအောက်ဆီးဒင့်များများပါတဲ့ အစာတွေကိုလည်းကျွေးရပါမယ်။ အစိမ်းရောင်အရွက်တွေ၊ အဝါရောင်ရှိတဲ့အသီးတွေ၊ ကညွတ်တို့လို ဟင်းနုနွယ်တို့ကို များများစားရမယ်။ နောက်ပြီး သင်္ဘောသီး၊ ဘယ်ရီသီးတွေ စားပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top