Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်က မဂ္ဂနီဆီယမ်ဓာတ် လိုအပ်နေကြောင်းပြသသည့် လက္ခဏာ ၉ ရပ်

စူး (ဆေးဝါးတက္ကသိုလ်)

အဆက်မပြတ် ပင်ပန်းနွမ်းနယ်မှုဖြစ်နေရင်၊ မျက်လုံးတွေက အကြောဆွဲသလိုလှုပ်နေရင်၊ ကြွက်သားလှုပ်နေရင် သင့်ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲက ဖြစ်စဉ်အများစုမှာ လိုအပ်နေတဲ့အတွက် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့တာက ပြင်းထန်တဲ့ နာမကျန်းမှုကို ဖြစ်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ရင် အောက်ပါလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။

(၁) သကြားပါတဲ့ အစာစားချင်စိတ်ပြင်းပြခြင်း

အချိုစာတွေကို စားချင်စိတ် ပြင်းပြနေတယ်ဆိုတာက သင့်ခန္ဓာကိုယ်ထဲမှာ တချို့သတ္တုဓာတ်တွေ၊ အထူးသဖြင့် မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့တာက လစဉ်ရာသီလာခြင်း၊ အားကစားသမားတွေမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေနဲ့ ဆက်နွှယ်မှုရှိပါတယ်။

(၂) ကြွက်သားနာခြင်းနှင့် ကြွက်တက်ခြင်း

ကြွက်သားနာတာနဲ့ ကြွက်တက်တာက အလွန်နာကျင်စေပါတယ်။ ဒါတွေကို ပုံမှန်ခံစားနေရတယ်ဆိုရင် ဒါက မဂ္ဂနီဆီယမ်ဓာတ်လျော့နည်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်အီးတို့က ကြွက်တက်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီး နေ့တိုင်း ဗီတာမင်နဲ့ သတ္တုဓာတ်အားဆေး မှီဝဲသင့်သလားဆိုတာ မေးသင့်ပါတယ်။

(၃) အိပ်မပျော်ခြင်း

မဂ္ဂနီဆီယမ်ချို့တဲ့မှုက အိပ်မပျော်တဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်က ဦးနှောက်အနား ရစေတဲ့ လုပ်ငန်းဆောင်တာအတွက် မရှိမဖြစ် အရေးပါတဲ့အရာပါ။ မဂ္ဂနီဆီယမ်ပါတဲ့ ဦးနှောက်ရဲ့ အစွမ်းက အပန်းပြေပြီး အေးအေးဆေးဆေး အိပ်မောကျစေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့တာက ကြွက်တက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်မှုအရည်အသွေးကိုလည်း လျော့ကျစေပါတယ်။

(၄) အရိုးရောဂါဖြစ်ခြင်း

မဂ္ဂနီဆီယမ်ချို့တဲ့တာက အရိုးကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါက အရိုးကျိုးနိုင်ခြေလည်း များစေနိုင်ပါတယ်။ အကြောင်းကတော့ မဂ္ဂနီဆီယမ်ချို့တဲ့မှုက သွေးထဲမှာ ကယ်လ်ဆီယမ်အဆင့် ချို့တဲ့တာကို ဖြစ်စေနိုင်ပြီး ကယ်လ်ဆီယမ်က အရိုးကောင်းဖို့အတွက် မရှိမဖြစ် အရေးပါလို့ပါပဲ။

(၅) အက်ဆစ်ဆန်တက်ခြင်း

မဂ္ဂနီဆီယမ်ချို့တဲ့နေရင် အစားအသောက်နဲ့ အစာအိမ်အက်ဆစ်က အစာရေမျိုပြွန်ထဲ ပြန်ရောက်ပြီး အက်ဆစ်ဆန်တက်ခြင်း ဒါမှမဟုတ် ရင်ပူခြင်းလိုမျိုး ခံစားချက် ဖြစ်စေနိုင်ပါတယ်။

(၆) စိတ်ဖိစီးမှုများခြင်း

မဂ္ဂနီဆီယမ်က အာရုံကြောစနစ်ကောင်းမွန်စေဖို့ မရှိမဖြစ် သတ္တုဓာတ်တစ်မျိုးပါ။ အပန်းပြေစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်ချို့တဲ့ရင် စိတ်ဖိစီးမှုများပြီး စိုးရိမ်သောကများစေနိုင်ပါတယ်။ စိတ်ဓာတ်ကျနိုင်ခြေလည်း သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။

(၇) ဝမ်းချုပ်ခြင်း

စိတ်ဖိစီးမှုများတာကနေ အမျှင်ဓာတ်အစားနည်းတာတွေအထိ ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေက အများကြီးပါ။ မဂ္ဂနီဆီယမ်ဆိုတာ အစာခြေလမ်းကြောင်းအပါအဝင် ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းအတော်များများမှာ အပန်းပြေအနားရစေတဲ့ အစွမ်းရှိပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့မှုကြောင့် အူလမ်းကြောင်းလုပ်ငန်းဆောင်တာ ကောင်းကောင်းမလုပ်နိုင်ဘဲ ဝမ်းချုပ်စေနိုင်ပါတယ်။

(၈) နုံးချည့်ညောင်းညာခြင်း

မဂ္ဂနီဆီယမ်က ဆဲလ်ထဲမှာ စွမ်းအင်တိုးစေပါတယ်။ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ရင် ဆဲလ်အတွင်းမှာ စွမ်းအင်အလုံအလောက် မရနိုင်ပါဘူး။ အဲဒီအခါ နုံးချည့်ခြင်း၊ စွမ်းအင်လျော့နည်းခြင်းနဲ့ လှုပ်ရှားမှု မကောင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

(၉) အပြင်းအထန် ခေါင်းကိုက်ခြင်း

ဗီတာမင်အေ၊ ဘီ၊ စီနဲ့ ဒီတို့ ချို့တဲ့ရင် ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့ရင် ခေါင်းတစ်ခြမ်းမှာ သက်ရောက်ပြီး ခေါင်းကိုက် စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့ရင် ဦးနှောက်ထဲက သွေးကြောတွေ မြန်မြန်ကျဉ်းမြောင်းလိုက်၊ ကျယ်လာလိုက်ဖြစ်ပြီး ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။

မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားသည့် အစာများ

မျှတကောင်းမွန်တဲ့ အစားအသောက်က ခန္ဓာကိုယ်ရဲ့ နေ့စဉ်မဂ္ဂနီဆီယမ်လိုအပ်ချက်ကို မြင့်တက်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို မလိုက်နာရင် လူအများက မဂ္ဂနီဆီယမ်ကို အလုံအလောက်မရတာ ဖြစ်နိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစားအသောက်တွေကတော့ အခွံမာအစေ့အဆန်၊ ကွေကာ၊ ပဲသီး၊ လတ်ဆတ်တဲ့သစ်သီး၊ သစ်သီးခြောက်၊ ငါး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တို့ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top