Healthy Life Ad
International

သံလိုက်ငယ်လေးများကို မျိုချမိပြီး အရေးပေါ်အခြေအနေဖြစ်ခဲ့ရသည့် ၆နှစ်အရွယ်ကောင်လေး

ကိုထက်

အသက်ခြောက်နှစ်အရွယ် အဗီဆန်းဟာ ဟောလိုးဝင်းပွဲတော်မှာဝတ်ဆင်ဖို့ တစ်လလုံးစိတ်အားထက်သန် နေခဲ့ပေမယ့် တကယ့်ဟောလိုးဝင်းပွဲတော်နေ့မှာတော့ ဗိုက်နာပြီး နေလို့မကောင်းလို့ ဘယ်မှမသွားခဲ့လိုက်ရပါဘူး။ အဗီဆန်းရဲ့မိဘတွေက မသန့်တဲ့အစားအစာစားမိလို့ ဗိုက်အောင့်တယ်ဆိုပြီး ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဗီဆန်းဟာ သုံးရက်ဆက်တိုက်အန်ပြီး ဝမ်းဗိုက်အလွန်နာကျင်လာတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ဆေးရုံကိုအရေးပေါ်သွားခဲ့ကြရပါတယ်။

“ ဟောလိုးဝင်းနေ့ညရှစ်နာရီလောက်က စပြီးအန်ပါတယ်၊ တစ်ချိန်လုံးလည်း နေလို့မကောင်းဘူး၊ ဗိုက်နာတယ်လို့ ပြောနေတယ်၊ နောက်နေ့မှာ တစ်နာရီခြားတစ်ခါလောက်ကို အန်ပါတယ်၊ သုံးရက်မြောက်နေ့မှာတော့ အစာမစားနိုင်၊ ရေတောင် မသောက်နိုင် လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်သွားခဲ့ပါ တယ်” လို့ အမေဖြစ်သူက ပြောပြခဲ့ပါတယ်။

ဓာတ်မှန်ရိုက်စစ်ဆေးပြီးချိန်မှာတော့ သေးငယ်တဲ့သံလိုက်ငယ် ၁၄ ခုကို အဗီဆန်းရဲ့ အူတွေထဲမှာ တွေ့ရှိလိုက်ရပါတယ်။ ဒီတော့မှအဗီဆန်းဟာ သူ့အစ်ကိုရဲ့ သံလိုက်ငယ်တွေကို မသိအောင် ယူဆော့နေစဉ် အစ်ကိုရောက်လာသဖြင့် မမြင်အောင်ပါးစပ်ထဲထည့်ဖွက်ရာမှ မတော်တဆမျိုချမိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
သံလိုက်ငယ်လေးတွေဟာ အူအတွင်းမှာရွေ့လျားရင်း တစ်ခုနဲ့တစ်ခု ဆွဲကပ်ကာ အူနံရံတွေကို ညှပ်မိနေခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ အူနံရံတွေကို ဖိညှပ်မိပြီး ဒဏ်ရာဖြစ်လာတဲ့ပြင် သည်းခြေရည်တွေက အူနံရံထဲကို စိမ့်ဝင်ခဲ့တယ်လို့ သိရပါတယ်။

အဗီဆန်းဟာ ဆေးရုံမှာ နှစ်ပတ်တက်ရောက်ခဲ့ရပြီး ပျက်စီးသွားတဲ့ နေရာတွေကို ပြန်လည်ကုသပေးဖို့အတွက် ခွဲစိတ်ကုသမှု ၃ ကြိမ် ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ၂ ပတ်လုံးလုံး အဖျားတွေလည်း အရမ်းကြီးနေခဲ့တယ်လို့ ဆိုပါတယ်။ အဗီဆန်းဟာ ဟောလိုးဝင်းညထဲက ဒီနေ့အထိ အစားလည်းမစားနိုင်၊ ရေလည်းမသောက်နိုင် သေးဘူးလို့ သိရပါတယ်။

ဒီလိုသံလိုက်သေးသေးလေးတွေကို ကစားစရာအဖြစ်ရော၊ သင်ထောက်ကူပစ္စည်းအဖြစ်ပါ နေရာတော်တော်များများမှာ တွေ့ရှိလာရပြီဖြစ်ပါတယ်။ သံလိုက်အလုံးလေးတွေဟာ အလွန်သေးငယ်တဲ့အတွက် အခုလိုငယ်ရွယ်သူတွေအတွက် အလွန်အန္တရာယ်များပါတယ်။ “ခရစ္စမတ်ကလည်းနီးလာပြီဆိုတော့ ကလေးတွေကို အဲ့ဒီသံလိုက်လေးတွေ လက်ဆောင်မပေးကြဖို့နဲ့ ကျွန်တော်တို့အဖြစ်ကိုကြည့်ပြီး သတိထားကြဖို့ နီးစပ်ရာတွေကို တတ်နိုင်လောက် အသိပေးနေပါတယ်” လို့ အဖေဖြစ်သူက ပြောပြခဲ့ ပါတယ်။

(Ref DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top