Healthy Life Ad
Health Tips

သွားမတိုက်ဘဲ အိပ်ရာဝင်ခြင်းကြောင့် ဖြစ်တတ်သည့် ဆိုးကျိုးများ

စူး (ဆေးဝါးတက္ကသိုလ်)

အိပ်ရာမဝင်ခင်သွားတိုက်ဖို့၊ သန့်ရှင်းတဲ့ သွားတွေနဲ့သာ အိပ်စက်အနားယူဖို့လိုတယ်ဆိုတာ လူတိုင်းသိကြပေမယ့် တစ်ခါတလေမှာ သွားမတိုက်ဘဲ အိပ်ရာဝင်တာမျိုး လုပ်မိတတ်ကြပါတယ်။ စာဖတ်ရင်း၊ တီဗီကြည့်ရင်း အိပ်ချင်စိတ်များလာလို့ သွားမတိုက်ဘဲ အိပ်ရာထဲဝင်အိပ်တာ၊ အိပ်ခါနီးသွားတိုက်ပြီးမှ သရေစာစားမိတာတွေကြောင့် မသန့်ရှင်းတဲ့သွားတွေနဲ့ အိပ်စက်မိတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ အဲဒီအခါဖြစ်တတ်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သွားပိုးပေါက်ဖြစ်ခြင်း

ညဘက်သွားတိုက်ရတဲ့ ရည်ရွယ်ချက်က သွားမျက်နှာပြင်ပေါ်က စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားတွေကင်းစင်ပြီး သွားချေးဖတ်တွေ ကပ်ငြိမှုမရှိအောင် ကာကွယ်ဖို့ဖြစ်ပါတယ်။ ညဘက်သွားတိုက်ပြီးမှ အိပ်ရာဝင်တဲ့အခါ သွားမျက်နှာပြင်ရှိ ဘက်တီးရီးယားတွေ ကင်းစင်ပြီး သွားတွေကို သန်စွမ်းစေပါတယ်။ သွားမတိုက်ဘဲ အိပ်ရာဝင်တဲ့အခါ ဘက်တီးရီးယားအကွက်လွှာတွေ စတင်ကြီးထွားလာပြီး အက်စစ်ထွက်ရှိနှုန်း များလာပါတယ်။ ဒါကြောင့်ကြာလာတဲ့အခါ သွားပိုးစားတာ၊ သွားပိုးပေါက်ဖြစ်တာတွေ ဖြစ်လာတတ်ပါတယ်။

သွားခိုင်ခံ့သန်စွမ်းမှု လျော့နည်းခြင်း

တကယ်လို့ သကြားဓာတ်ပါဝင်တဲ့ အစားအသောက်တွေကိုစားပြီး ညဘက်သွားမတိုက်ဘဲ အိပ်ရာဝင်ရင် တံတွေးထွက်နှုန်း လျော့ကျပြီး သွားကြွေလွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ ညအချိန်ဆိုတာ ကိုယ်၊ စိတ်အနားယူဖို့နဲ့ သွားတွေတစ်နေ့တာ ပျက်စီးမှုကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် အရေးပါတဲ့ အချိန်ပါ။ သွားမတိုက်ဘဲ အိပ်ရာဝင်ရင် သွားတွေပြန်လည်သန်စွမ်းကျန်းမာလာဖို့ လိုအပ်တဲ့ ဖလိုရိုက်ဓာတ်မရရှိတဲ့အတွက် သွားတွေရဲ့ ခိုင်ခံ့သန်စွမ်းမှု လျော့ကျသွားပါတယ်။

သွားရည်ကျနှုန်း များခြင်း

သွားမတိုက်ဘဲ အိပ်တဲ့သူတွေက ခံတွင်းသန့်ရှင်းမှု မရှိတာကြောင့် ပါးစပ်ဟပြီးအသက်ရှူရတာ များလာပါတယ်။ အဲဒီအခါ ခံတွင်းထဲမှာ တံတွေးဂလင်းအလုပ်လုပ်ပြီး တံတွေးထွက်နှုန်းများကာ ပါးစပ်ကနေ လျှံကျတတ်ပါတယ်။ အထူးသဖြင့် ဘေးတစောင်းအိပ်တတ်တဲ့အခါ သွားရည်ပိုကျတတ်ပါတယ်။ ညဘက်သွားမှန်မှန်တိုက်ပေမယ့် သွားရည်ကျနေရင် သွားအနေအထားကို စစ်ဆေးသင့်ပါတယ်။ သွားခေါနေသူအများစုက သွားရည်ကျနိုင်ခြေ ပိုများတတ်လို့ ဖြစ်ပါတယ်။

ညအိပ်ရာမဝင်မီ သွားတိုက်မည်ဆိုလျှင်

ညဘက် အိပ်ရာဝင်ခါနီး သွားတိုက်မယ်ဆိုရင် ကိုယ်စားထားတဲ့ အစားအသောက်တွေကို ဂရုစိုက်ပါ။ ဥပမာ-အက်စစ်ဓာတ်များတဲ့ အစားအသောက်စားပြီးရင် အနည်းဆုံး မိနစ် ၃၀ ကြာမှ သွားတိုက်သင့်ပါတယ်။ အက်စစ်ဓာတ်က သွားကြွေလွှာကို အားနည်စေတဲ့အတွက် အဲဒီအချိန်မှာ သွားတိုက်တာကြောင့် သွားကြွေလွှာကင်းစင်သွားစေနိုင်လို့ ဖြစ်ပါတယ်။ သွားကြားထိုးကြိုးထိုးပြီးမှ သွားတိုက်ပါ။ တစ်နေ့လုံး ခံတွင်းကျန်းမာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားပြီး သရေစာကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။သွားတိုက်တံကို သုံးလေးလတစ်ကြိမ် အသစ်လဲပါ။ ဒါမှမဟုတ် သွားတိုက်တံအမျှင်တွေ ဖွာနေရင် အသစ်လဲပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top