Healthy Life Ad
Health Tips

ဒိန်ချဉ်၏ အိမ်တွင်း အသုံးဝင်ပုံများ

မီးမိုးမေ

ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားပါဝင်တာကြောင့် အစာခြေအူလမ်းကြောင်းစနစ်ရဲ့ ကျန်းမာရေးကို ကောင်းစေတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ဒါ့အပြင် ဒိန်ချဉ်ကို မျက်နှာပေါင်းတင်ရာမှာ၊ နေလောင်ဒဏ်ကုသရာမှာနဲ့ အိမ်မွေးခွေး၊ ကြောင်လေးတွေ အစာမကြေဖြစ်နေချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။

မျက်နှာပေါင်းတင်နည်း

မျက်နှာကြည်လင်တောက်ပစေဖို့ Spa သွားပြီး အကုန်အကျမခံနိုင်ရင်လည်း စိတ်မပူပါနဲ့။ ဒိန်ချဉ်နဲ့ ပေါင်းတင်လိုက်ပါ။
မျက်နှာကိုသန့်စင်အောင် ဆေးကြောပြီး ဒိန်ချဉ်အလွတ်ကို မျက်နှာတစ်ပြင်လုံးအနှံ့လိမ်းပေးပါ။ မိနစ် ၂၀ လောက်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ ချွေးပေါက်တွေကျဉ်းပြီး မျက်နှာကြည်လင်သန့်စင်သွားပါလိမ့်မယ်။
မျက်နှာတစ်ခုလုံးလန်းဆန်းသစ်လွင်သွားအောင် ဒိန်ချဉ်လက်ဖက်စားဇွန်းတစ်ဇွန်း၊ လိမ္မော်ရည် လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရှားစောင်းလက်ဖက်စားဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး မျက်နှာပြင်အနှံ့လိမ်းပေးပါ။ အချိန်ငါးမိနစ်လောက်ထားပြီးရင် ရေအေးနဲ့ ဆေးချလိုက်ပါ။

နေလောင်ဒဏ်ရာ ကုသနည်း

နေလောင်ဒဏ်ရာသက်သာဖို့အတွက် အေးမြနေတဲ့ဒိန်ချဉ်အလွတ်ကို မျက်နှာပြင်အနှံ့ လိမ်းပေးလိုက်ပါ။ ဒိန်ချဉ်က မျက်နှာပြင်ကို အစိုဓာတ်ထိန်းပေးနိုင်ပြီး အေးမြစေပါတယ်။ ပြီးရင် ရေအေးနဲ့ဆေးချလိုက်ပါ။

ကြောင်၊ ခွေး အစာမကြေမှုကို ကုသနည်း

အချစ်တော်အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြောင်နဲ့ခွေးတွေမှာ အစာမကြေလေပွတာမျိုးဖြစ်ရင် လေထတာနဲ့ဝမ်းလျှောတာကို တားဆီးပေးနိုင်တဲ့ အူအကျိုးပြုဘက်တီးရီးယားမရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ ၁၄ပေါင်လောက်ဝတဲ့ အိမ်မွေးတိရစ္ဆာန်ကို ဒိန်ချဉ်လက်ဖက်စားဇွန်းနှစ်ဇွန်းခန့် ကျွေးနိုင်ပါတယ်။ ဒီထက်ပိုဝရင် တိုးပြီးကျွေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top