Healthy Life Ad
International

လေယာဉ်ပေါ်မှာ ဆီးမသွားနိုင်လို့ အသက်အန္တရာယ်ရှိနေတဲ့ လူနာ အသက်ရှင်ဖို့ ဆီးတွေကို ပါးစပ်နဲ့ စုပ်ထုတ်ပေးခဲ့တဲ့ ဆရာဝန်

ကိုထက်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ဒေါက်တာဇန်ဟောင်အမည်ရှိ တရုတ်ဆရာဝန်တစ်ဦးက တရုတ်နိုင်ငံကနေ နယူးယော့ခ်ကို ပျံသန်းနေတဲ့ China Southern Airline လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦးရဲ့ ဆီးတွေကို ပါးစပ်နဲ့ စုပ်ထုတ်ကာ အသက်ကယ်တင်ခဲ့ပါတယ်။

လေယာဉ်စတင်ပျံသန်းချိန်မှာ ခရီးသည်တွေက အဆင်ပြေပြေရှိခဲ့ပေမယ့် လေယာဉ်ပျံသန်းပြီး ၆ နာရီအကြာမှာ အသက်ကြီးလူနာတစ်ဦးက အရေးပေါ် ဆေးကုသမှုအကူအညီ လိုအပ်နေကြောင်း ကြေညာခဲ့တဲ့အခါ လေယာဉ်ပေါ်မှာ ခရီးသည်အဖြစ် လိုက်ပါလာတဲ့ သွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဇန်ဟောင်က လူနာဆီ အပြေးအလွှား သွားရောက်ခဲ့ပါတယ်။ လူနာရဲ့ ဝမ်းဗိုက်က ဖောင်းနေပြီး အလွန်အမင်းနာကျင်ကာ၊ ချွေးထွက်များပြီး သတိလစ်လုမတတ်ဖြစ်နေခဲ့ပါတယ်။ လူနာရဲ့မိသားစုက လူနာမှာ ဆီးအိတ်ကြီးတဲ့ ရောဂါရာဇဝင်ရှိတယ်လို့ ဒေါက်တာဇန်ကို ပြောပြခဲ့ပါတယ်။ လူနာကို စမ်းသပ်ကြည့်ရာမှာ ဆီးမသွားနိုင်တဲ့အတွက် ဆီးအိမ်မှာ တစ်ထောင်မီလီလီတာရှိတဲ့ ဆီးတွေနဲ့ ပြည့်နေလို့ ဆီးအိမ်ပေါက်ကွဲမတတ်ဖြစ်နေတာကို စမ်းသပ်တွေ့ရှိ ခဲ့ရပါတယ်။

ဆီးမသွားနိုင်ရင် ဆီးအိမ်ပေါက်ကွဲပြီး အသက်သေဆုံးနိုင်တဲ့အတွက် ဒေါက်တာဇန်က အောက်ဆီဂျင်နှာခေါင်းစည်း၊ ဆေးထိုးအပ်၊ ပိုက်၊ ပုလင်း၊ တိပ် စတာတွေကို ပြင်ဆင်ခဲ့ပေမယ့် ဘယ်လိုမှ အဆင်မပြေတာနဲ့ နောက်ဆုံးမှာ ဒေါက်တာဇန်က ပါးစပ်နဲ့ ဆီးတွေကို စုပ်ထုတ်ပေးခဲ့ပါတယ်။ လူနာရဲ့ ဆီးထဲက ၇၀၀-၈၀၀ မီလီလီတာခန့် ဆီးတွေစုပ်ယူပြီးချိန်မှာ လူနာအခြေအနေ သက်သာလာခဲ့ပါတယ်။

ဆီးတွေ လုံးဝ ကုန်ခမ်းတဲ့အထိ ၃၄ မိနစ်ကြာ စုပ်ယူခဲ့ပြီးချိန်မှာတော့ လူနာက လေယာဉ်ဆင်းတဲ့အချိန်အထိ ကျန်းမာရေးအခြေအနေတည်ငြိမ်နေခဲ့တယ်လို့ သိရပါတယ်။
‘ဒီလိုလုပ်ဖို့ အများကြီး မတွေးခဲ့ရပါဘူး။ အသက်ကယ်တယ်ဆိုတာ ဆရာဝန်တစ်ယောက်ရဲ့ ပင်ကိုအသိပါ’လို့ ဒေါက်တာဇန်က ဆိုပါတယ်။

(Ref;foxnews 22-11-2019)

Most Popular

Healthy Life Ad
To Top