Healthy Life Ad
Life Style

သုတေသနလေ့လာမှုအရ သိရသည့် သက်ရှည်ကျန်းမာရေးအတွက် လျှို့ဝှက်ချက်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာ့ကင်ဆာ အထူးကုဆရာဝန်တစ်ဦးရေးတဲ့ စာအုပ်အသစ်ထဲမှာ ဒေါက်မြင့်ဖိနပ်မစီးတာ၊ အေးခဲတဲ့ သစ်သီးပြောင်းစားတာ၊ ခန္ဓာကိုယ်စစ်ဆေးတာ အစရှိတဲ့ သေးငယ်တဲ့ ပြောင်းလဲမှုတွေက သက်ရှည် ကျန်းမာရေးအတွက် အရေးပါတယ်လို့ ဆိုထားပါတယ်။

– စစ်ဆေးပါ

အဝတ်အစားအားလုံးချွတ်ပြီး သင့်ခန္ဓာကိုယ်ကို မှန်ထဲမှာ ကြည့်ရှုစစ်ဆေးရမှာ ဖြစ်ပါတယ်။ မှဲ့တွေ ပြောင်းလဲမှုရှိသလား၊ အလုံးအကျိတ်တွေ ပေါ်နေသလား၊ အရေပြားအရောင်ပြောင်းနေသလား စတာတွေကို ကြည့်ရှုစစ်ဆေးတာက အရေပြားကင်ဆာရဲ့အစောပိုင်းလက္ခဏာတွေကို တွေ့ရှိနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

– ဒေါက်မြင့်ဖိနပ်ချွတ်ပါ

သက်သောင့်သက်သာမရှိတဲ့ ဒေါက်မြင့်ဖိနပ်တွေကြောင့် ခြေထောက်မှာ ရောင်ရမ်းမှုဖြစ်ပြီး ကိုယ်တွင်း စနစ်တစ်ခုလုံးအပေါ် ထိခိုက်စေနိုင်ပါတယ်။ ရောင်ရမ်းမှုဟာ နှလုးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ ကင်ဆာ၊ ဆီးချိုရောဂါ၊ အိုမင်းမှု စတာတွေနဲ့ ဆက်စပ်မှုရှိတာကြောင့်ပါ။ ဒါကြောင့် ရောင်ရမ်းမှုလျော့ကျစေဖို့ နေ့တိုင်း သက်သောင့်သက်သာရှိတဲ့ ဖိနပ်ကိုစီးသင့်ပါတယ်။

– ကော်ဖီကို အသင့်အတင့်သောက်ပါ

ကော်ဖီ၊ လက်ဖက်ရည်ကို အသင့်အတင့် သောက်တာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကဖင်းဓာတ်မှီဝဲတာနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အရိုးပါးရောဂါ၊ ကင်ဆာ စတဲ့ ရောဂါတွေရဲ့ဆက်စပ်မှုကို လေ့လာပြီး ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။

– နေ့တိုင်း တူညီသောအချိန်တွင်စားသောက်ပါ

ခန္ဓာကိုယ်မှာ ဖိစီးမှုလျော့ကျစေဖို့ အကောင်းဆုံးနည်းတစ်ခုက တစ်နှစ်မှာ ၃၆၅ ရက်စလုံး ပုံမှန် အလေ့အထတစ်ခုကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က နေ့ခင်းမှာနေ့လယ်စာ မစားထားရင် ဆာလောင်မှုကြောင့် စိတ်ဖိစီးမှုဟော်မုန်းကော်တီစော အထွက်တိုးလာပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

– တုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ

တုပ်ကွေးဖြစ်ရင် ရောင်ရမ်းမှုဒဏ်ကို တစ်ပတ်-နှစ်ပတ်လောက် ခံစားရတာက အဝလွန်တာ၊ နှလုံးရောဂါထတာ၊ လေဖြတ်တာနဲ့ကင်ဆာ ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေး ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပါ။

-မတ်တပ်ရပ်ပါ

အထိုင်များတာနဲ့အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ စောစော သေဆုံးမှု စတာတို့ ဆက်စပ်မှုရှိတာကို သိသာထင်ရှားစွာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ထိုင်ခုံပေါ် ကြာကြာ မထိုင်ခင်နဲ့ထိုင်ပြီးချိန်မှာ မတ်တပ်ရပ်ပေးပါ။ တစ်နေ့ လေ့ကျင့်ခန်း နှစ်နာရီလုပ်ရင်တာင် ထိုင်ချိန် ၂၂နာရီရဲ့ ဆိုးကျိုးကို ပြန်လည် မဖြေလျှော့နိုင်ပါဘူး။

– လျှောထိုင်ခြင်းကို ရှောင်ပါ

လျှောထိုင်တာကြောင့် လည်ပင်းနဲ့ ခါးဝေဒနာ ရစေရုံသာမက ခေါင်းကိုက်တာ၊ အဆစ်ရောင်တာ၊ သွေးလှည့်ပတ်မှု မကောင်းတာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ အသက်ရှူရခက်ခဲတာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာ၊ အဆစ်တောင့်တင်းတာ၊ နုံးချည့်ညောင်းညာတာ၊ နာ့ဗ်ကြောပြဿနာ စတာ တွေဖြစ်တတ် ပါတယ်။ ဒါကြောင့် မတ်မတ်ထိုင်ပါ။

– နေ့စဉ် အက်စ်ပရင်ဆေး မှီဝဲပါ

လေ့လာမှုအများအပြားအရ အက်စ်ပရင်ဆေးမှီဝဲတာက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေရုံသာမက ရောင်ရမ်းမှုကို တွန်းလှန်နိုင်စွမ်းလည်း ရှိပါတယ်။ နေ့စဉ် အက်စ်ပရင် ပမာဏ အနည်းငယ် (၇၅မီလီဂရမ်)မှီဝဲတာကြောင့် အဆုတ်၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြကို ၄၆ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ သောက်ပါ။

– အေးခဲထားသော ဟင်းသီးဟင်းရွက်၊ သစ်သီးများစားပါ

အေးခဲထားတဲ့ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေက လတ်ဆတ်တဲ့ ဒေသထွက်ကုန်တွေ ဖြစ်တာ များပါတယ်။

– ကလေးမွေးပါ

ကလေးရှိသူတွေဟာ ကလေးမရှိသူတွေထက် အသက်ရှည်နိုင်ခြေပိုများပါတယ်။ အကြောင်းကတော့ ကလေးနောက်က ပြေးလိုက်တာကြောင့် သင့်ကို စိတ်ရောကိုယ်ပါ တက်ကြွစေလို့ ဖြစ်ပါတယ်။

– ဝိုင်တစ်ဖန်ခွက် သောက်ပါ

အထူးသဖြင့် ဝိုင်နီ တစ်နေ့တစ်ဖန်ခွက် သောက်တာကြောင့် နှလုံးရောဂါဖြစ်နှုန်း လျော့ကျစေပါတယ်။ ဒါပေမဲ့ အမျိုးသမီးဆိုရင် တစ်ဖန်ခွက်၊ အမျိုးသားဆိုရင် နှစ်ဖန်ခွက်ထက် ပိုမသောက်ပါနဲ့။

– ပြုံးပြပါ

ပြုံးတာက စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ပြုံးလိုက်တဲ့အခါအနာကျက်စေတဲ့ ပျော်ရွှင်မှု ဟော်မုန်းအန်ဒေါ်ဖင်နဲ့ ဆီရိုတိုနင် အထွက်တိုးကာ အန္တရာယ်ပေးနိုင်တဲ့ စိတ်ဖိစီးမှုအဆင့် ကိုလျော့ကျ

သွားစေပါတယ်။

မှတ်ချက်

ဒီနေ့ခေတ်မွေးဖွားတဲ့ သမီးမိန်းကလေးတွေ က ၈၃နှစ်နီးပါး အသက်ရှည်နိုင်ကာ သားယောကျာ်း လေးတွေထက် လေးနှစ်ပိုပြီး အသက်ရှည်နိုင်တယ် ဆိုတာသင်သိပါရဲ့လား။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top