Healthy Life Ad
Life Style

ကြည့်လိုက်တိုင်း နှစ်ထပ်မြင်နေခြင်း (Double Vision)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး- မျက်စိက ကြည့်လိုက်လို့ နှစ်ထပ်မြင်နေတဲ့ အကြောင်း သိပါရစေ ဆရာ။

ဖြေ- မျက်စိကကြည့်လိုက်လို့ နှစ်ထပ်မြင်နေတာ (Double Vision)ကို Diplopia လို့လည်း ခေါ်ပါတယ်။ နှစ်ထပ်မြင်တဲ့ အနေအထားမှာ မျက်လုံးတစ်ဖက်တည်းကနေ နှစ်ထပ်မြင်တာ(Monocular Diplopia)နဲ့ မျက်လုံးနှစ်လုံးလုံးကနေ နှစ်ထပ်မြင်တာ (Binocula Diplopia) ဆိုပြီး နှစ်မျိုးရှိပါတယ်။
မျက်လုံးတစ်ဖက်တည်းကနေ နှစ်ထပ်မြင်တာ နဲ့ နှစ်ဖက်စလုံးက နှစ်ထပ်မြင်တာမှာဖြစ်ရတဲ့ အကြောင်း ရင်းချင်းကမတူပါဘူး။ မျက်လုံးတစ်ဖက်တည်းကနေ နှစ်ထပ်မြင်နေတယ်ဆိုရင် ဒါကအတွင်း တိမ်ရောဂါ (Cataract) ကြောင့် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဆလင်ဒါပါဝါသိပ်များနေတဲ့ အခြေအနေ (High Astigmatism) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မျက်လုံးနှစ်ဖက်စလုံးက နှစ်ထပ်မြင်နေတယ် ဆိုရင်တော့ နာ့ဗ်ကြော 3th 4th နဲ့ 6th နေရာတွေမှာ Nerve Palsy ဖြစ်သွားတာကြောင့် ကြွက်သားတွေ ဟန်ချက်မညီတာမျိုးဖြစ်ပြီး နှစ်ထပ်မြင်တာမျိုး ဖြစ်တတ် ပါတယ်။
ဥပမာအားဖြင့် မျက်စိနှစ်ဖက်စလုံးက ပုံရိပ်တစ်ခုကိုကြည့်တဲ့အခါ တစ်ဖက်ကကြည့်တယ်၊ အလားတူ နောက်တစ်ဖက်ကလည်းကြည့်တယ်။ မျက်စိနှစ်ဖက်စလုံးက မြင်ရတဲ့ အဲဒီပုံရိပ်နှစ်ခုစလုံးကို တစ်ထပ်တည်း ဖြစ်အောင်လုပ်ပေးပါတယ်။ အဲဒီလို တစ်ထပ်တည်းမဖြစ်ဘဲ ပုံရိပ်ကနှစ်ခုဖြစ်ပြီး နှစ်ထပ်မြင်ရတဲ့အခါ ကြွက်သားတွေက ဟန်ချက်မညီတာမျိုးဖြစ်နေလို့ပါ။ ဒါက နာ့ဗ်ကြောဆိုင်ရာဝေဒနာ (Nerve Palsy) ကြောင့် ဖြစ်တတ်ပါတယ်။

မေး- မျက်စိက ကြည့်လိုက်လို့ နှစ်ထပ်မြင်နေရင် ဘယ်လို ကုသသင့်ပါသလဲ ဆရာ။

ဖြေ- လူနာတစ်ယောက်က နှစ်ထပ်မြင်လို့ လာပြပြီဆိုရင် အကြောင်းရင်းကို ရှာရပါတယ်။ မျက်စိနှစ်ဖက်စလုံး နှစ်ထပ်မြင်နေတယ်ဆိုရင် ကြွက်သားကို တည့်အောင်ပြန်လုပ်ပေးရပါတယ်။ လုပ်တဲ့ နည်းကလည်း ခွဲစိတ် ကုသတဲ့နည်းပဲရှိပါတယ်။ ဒါပေမဲ့ လူနာတစ်ယောက် နှစ်ထပ်မြင်လို့ ရောက်လာတယ် ဆိုပေမယ့် ချက်ချင်းတော့ ခွဲစိတ်ကုသမှု မပြုပါဘူး။ အနည်းဆုံး ခြောက်လလောက်စောင့်ရပါတယ်။ စောင့်နေတဲ့ ကာလအတွင်း သူ့အလိုလို ပြန်ကောင်းချင်လည်း ကောင်းနိုင်ပါတယ်။ အဲဒီလို မကောင်းဘူး ဆိုရင်တော့ ကြွက်သားတွေကို ခွဲစိတ်ကုသမှု ပြုလုပ်ရပါတယ်။ ပြီးရင် Prism ထည့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မှာ Prism ထည့်တာ ရှားသွားပါပြီ။ မျက်မှန်တွေပဲ တပ်တာများပါတယ်။
လူနာအများစုက နှစ်ထပ်မြင်ပြီဆိုရင် ကြောက်ကြတာ များပါတယ်။ တကယ်က နှစ်ထပ်မြင်တာက ရောဂါမဟုတ်ပါဘူး။ ရောဂါလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းရင်းကို သိအောင်ရှာပြီး ကုရတာဖြစ်ပါတယ်။ အကြောင်းရင်းက (Nerve Palsy) ကြောင့်ဖြစ်တယ်ဆိုရင် 3th 4th နဲ့ 6th နာ့ဗ်တွေ အားလုံးက ဦးနှောက် Stem ကနေ ထွက်လာတာဖြစ်ပါတယ်။ ဒီမှာ မျက်စိကြွက်သားတွေအထ ိလာတဲ့ လမ်းကြောင်းတစ်လျှောက်လုံး ဘယ်နေရာမှာ ထိခိုက်တာလဲဆိုတာကို ရှာရပါတယ်။ ဥပမာ- သွေးကြောတွေမှာ ဖောင်းကားနေတာကြောင့် ဖြစ်တာလား၊ အကျိတ်ရှိလို့ဖြစ်တာလား စသဖြင့် အကြောင်းရင်းကို တိတိကျကျ သိအောင် ရှာရပါတယ်။ ဒီအခြေအနေတွေက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နေပါတယ်။ ဒါကြောင့် နှစ်ထပ်မြင်ပြီဆိုရင် နှစ်ထပ်မြင်တဲ့လက္ခဏာတစ်ခုတည်းကိုပဲ ကုသနေလို့မရပါဘူး။ နှစ်ထပ် မြင်ရတဲ့အကြောင်းရင်းကို တိတိကျကျသိအောင် ကုသဖို့ လိုပါတယ်။ အကြောင်းရင်းကို သိအောင် လိုအပ်ရင် CT Scan ရိုက်တာ၊ MRI ရိုက်ပြီး စစ်ဆေးတာတို့ကို ပြုလုပ်လို့ရပါတယ်။ ဒါတွေနဲ့ စမ်းသပ်စစ်ဆေး ကြည့်လိုက်လို့ အသက်အန္တရာယ် ထိခိုက်စေတဲ့ အခြေအနေတွေ မဟုတ်ဘူးဆိုရင် ဆီးချိုရောဂါရှိသလား၊ သွေးတိုးရောဂါရှိသလား စတဲ့ အထွေထွေကျန်းမာရေးအခြေအနေကို စစ်ဆေးရပါတယ်။ ဘာအကြောင်းရင်းမှ မရှိတော့ဘူးဆိုရင်တော့ ခြောက်လလောက် စောင့်ကြည့်ရပါတယ်။ ခြောက်လလောက်စောင့်ကြည့်လို့မှ မျက်စိကြွက်သားတွေက သူ့အလိုလိုမတည့်ဘူးဆိုရင် ခွဲစိတ်ကုသမှုပေးရပါတယ်။

မေး- ကြည့်လိုက်တိုင်း နှစ်ထပ်မြင်တာကိုမဖြစ်အောင် ကာကွယ်လို့ ရပါသလား ဆရာ။

ဖြေ- နှစ်ထပ်မြင်တာက အဖြစ်များတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ လူငယ်တွေ ဖြစ်သလို လူကြီးတွေလည်း အဖြစ်များပါတယ်။ နှစ်ထပ်မြင်တာ မဖြစ်အောင် ကာကွယ်လို့လည်း မရပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top