Healthy Life Ad
Health Tips

အစာမကြေသော ဝေဒနာသက်သာစေမည့် နည်းသုံးသွယ်

စူး (ဆေးဝါးတက္ကသိုလ်)

အစာစားပြီးတဲ့အခါ လေပွနေသလား၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်နေသလား။ အထူးသဖြင့် အစာများများ စားမိတာကြောင့် အစာမကြေတဲ့ ပြဿနာတွေ ဖြစ်နိုင်သလို စားလိုက်တဲ့အစာတွေကြောင့်လည်း အစာမကြေတာ ဖြစ်တတ်ပါတယ်။ အစာမကြေတဲ့ ဝေဒနာကင်းစေဖို့အတွက် အောက်ပါနည်းတွေကိုလိုက်နာပါ။

(၁) နေ့စဉ် အမျှင်ဓာတ်များများစားပါ
အမျှင်ဓာတ်ဟာ အစာမကြေတဲ့ ဝေဒနာကို ကင်းစင်စေရုံသာမက အထွေထွေကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အဆင်သင ့်အစာ၊ အနီရောင်အသားနဲ့ အဆီများတဲ့ အစာတွေဟာ အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။ အမျှင်ဓာတ်များတဲ့အစာတွေကို စားပေးရင် အစာကြေညက်အောင် ကူညီနိုင်ရုံသာမက ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ လိပ်ခေါင်း၊ အူမကြီးကင်ဆာနဲ့ တခြားရောဂါတို့မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အစာစားတဲ့အခါ ကြေညက်အောင်ဝါးစားပြီး ရေများများသောက်ပေးရင် အစာခြေလမ်းကြောင်း တစ်လျှောက်အစာတွေကို ကြေညက်လွယ်စေတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အလွယ်တကူ စုပ်ယူနိုင်စေကာ ဝမ်းမချုပ်အောင် ကာကွယ်နိုင်ပါတယ်။

(၂) အစာကို နည်းနည်းချင်း ကြေညက်အောင် ဝါးစားပါ
အစာကိုကြေညက်အောင် ဝါးစားတာက အစာခြေစနစ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ အစာကို ကြေညက်အောင် ဝါးစားတာကြောင့် အစာကိုချေဖျက်နိုင်ရုံသာမက တံတွေးဂလင်း၊ အစာအိမ်နဲ့အူသိမ် တို့ကနေ အစာခြေအင်ဇိုင်းထွက်ရှိအောင် လှုံ့ဆော်နိုင်ပါတယ်။

(၃) ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး စိတ်ဖိစီးမှု ရှောင်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် အစာမကြေတဲ့ ပြဿနာအများစုကို လျှော့ချနိုင်ကြောင်း အစာအိမ်အူလမ်းကြောင်းဆိုင်ရာဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ အဝလွန်တာ၊ လေ့ကျင့်ခန်း မလုပ်တာ၊ ဗိုက်အောင့်တာ၊ အစာမကြေတာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ စိတ်ဖိစီးမှုရှိရင် ဝမ်းဗိုက်ဆီကို သွေးစီးဆင်းမှု လျော့ကျစေပြီး အစာခြေအင်ဇိုင်းထွက်ရှိမှု လျော့ကျကာ အစာခြေဖြစ်စဉ်ကို နှေးစေပါတယ်။ အဲဒီအခါ လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် ဖိစီးမှုကို လျော့ကျသွားစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top