Healthy Life Ad
Health Tips

လေယာဉ်ကြာရှည်စီးပြီး ခရီးနှင်ရမည်ဆိုလျှင်

– စူး (ဆေးဝါးတက္ကသိုလ်)

စံတော်ချိန်ဇုန်မတူတဲ့ အရပ်ဒေသကို လေယာဉ်အကြာကြီးစီးပြီး ခရီးနှင်ရတဲ့အခါ Jet Lag လို့ ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုဝေဒနာ ခံစားရတတ်ပါတယ်။ အဲဒီဝေဒနာမရဘဲ လိုရာပန်းတိုင်ကို စိတ်ချမ်းမြေ့ ပျော်ရွှင်စွာရောက်ရှိနိုင်ဖို့ အကြံပြုချက်တချို့ ဖော်ပြလိုက်ပါတယ်။

– ခရီးမသွားမီ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်စက်အနားယူပါ

ခရီးသွားမယ့်သူတိုင်း ခရီးမသွားခင် အိပ်ရေးဝ၀ အိပ်စက်အနားယူထားဖို့ လိုပါတယ်။ တစ်ညတာ ကောင်းကောင်း အိပ်စက်နားနေခြင်းမရှိဘဲ လေယာဉ်နဲ့ ခရီးရှည်သွားရင် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။ ဒါ့အပြင် ခရီးသွားခါနီး နောက်ဆုံးအချိန်ကျမှ ခရီးဆောင်အိတ် ထုပ်ပိုးပြင်ဆင်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။

– လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ

မကြာခဏ ခရီးသွားတဲ့သူတွေအနေနဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီး ပုံပန်းသဏ္ဌာန် ကျနလှပစေပါတယ်။ အဝလွန်ပြီး ကြံ့ခိုင်မှုမရှိသူတွေက လေယာဉ်စီးပြီး ခရီးသွားတဲ့အခါ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။

– လေယာဉ်ပေါ်တွင် ရေဓာတ်ပြည့်ဝအောင်နေပါ

လေယာဉ်စီးချိန်မှာ ရေက အကောင်းဆုံးမိတ်ဆွေပါ။ လေယာဉ်နဲ့ ခရီးရှည်သွားချိန်မှာ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်သင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာကြောင့် လေယာဉ်စီးလို့ ပင်ပန်းနွမ်းနယ်မှုဒဏ်ခံစားရနိုင်ခြေကို ၁၀ ဆပိုဆိုးစေပါတယ်။ ခရီးသည်တချို့ကို လက်ဖက်စိမ်းလက်ဖက်ရည်သောက်ဖို့ အကြံပေးကြပါတယ်။ အကြောင်းကတော့ လက်ဖက်စိမ်းလက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေလို့ပဲ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ တခြားသူတွေ ရှူထုတ်တဲ့လေကို ပြန်လည်ရှူရှိုက်နေရတဲ့အတွက် ခရီးသွားချိန်မှာ ကိုယ်ခံစွမ်းအားစနစ်က အကောင်းဆုံး ဖြစ်နေသင့်ပါတယ်။

– လေယာဉ်ပေါ်တွင် အရက်ပါသော အရည်မသောက်ပါနှင့်

လေယာဉ်ပေါ်မှာ အရက်သောက်ရင် အာရုံကြောတွေကို ငြိမ်းအေးစေတယ်လို့ မထင်ပါနဲ့။ လေယာဉ်ပေါ်မှာ အရက်သောက်တာကြောင့် နုံးချည့်ညောင်းညာတဲ့ ဝေဒနာနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်တွေ ခံစားရတတ်တဲ့အတွက် အရက်က အဆိုးဆုံးရန်သူပဲ ဖြစ်ပါတယ်။

– လေယာဉ်ပေါ်တွင် တရားမှတ်ပါ

လူအများစုဟာ လေယာဉ်ပေါ်မှာ ကောင်းကောင်းအနားရနိုင်ဖို့ မလွယ်ပါဘူး။ ခက်ပေမယ့် စိတ်ရောကိုယ်ပါ အနားရဖို့တရားမှတ်ပါ။ မျက်စိမှိတ်ပြီး မလိုလားအပ်တဲ့ အတွေးတွေတွေကိုရပ်ကာ စိတ်ကိုနှာသီးဝမှာပဲ အာရုံပြုရင်း ဝင်လေ၊ ထွက်လေ မှတ်ပေးပါ။ လေယာဉ်စီးတဲ့အခါ သင့်အနေနဲ့ ပိုပြီး သက်သာသောင့်သက်သာ ရှိလာပါလိမ့်မယ်။

– ဗီတာမင်စီ ရေဆူဆေးပြားဆောင်ပါ

လေယာဉ်နဲ့ခရီးသွားတဲ့အခါ ဗီတာမင်စီ ရေဆူဆေးပြားကိုဆောင်ပါ။ ပင်ပန်းနွမ်းနယ်မှု စတင်ခံစားရချိန်မှာ ရေထဲဗီတာမင်စီ ရေဆူဆေးပြားထည့် ပြီးသောက်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top