Healthy Life Ad
Health Tips

မျိုးအောင်နိုင်စွမ်းအခက်အခဲရှိနေသူတို့အတွက် . . .

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)
ဇနီးမောင်နှံစုံတွဲ ခုနှစ်တွဲမှာ တစ်တွဲဟာ ကိုယ်ဝန်ရရှိဖို့အခက်အခဲ ပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။ အစားအသောက်ဟာ ကိုယ်ဝန်ရရှိနိုင်ဖို့အတွက် ကြီးမားတဲ့သက်ရောက်မှုရှိတယ်လို့ မျိုးအောင်နိုင်စွမ်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။ ကောင်းမွန်တဲ့ အာဟာရဟာ အမျိုးသမီးတစ်ဦးကလေးရဖို့ ခန္ဓာကိုယ်ကို အဆင်သင့်ဖြစ်စေသလို အမျိုးသားတွေရဲ့ သုက်ကောင်ကိုလည်း ကျန်းမာစေပါတယ်။ အိမ်ထောင်သည် စုံတွဲတွေ သားသမီးရရှိဖို့အတွက် အစာကြေညက်မှု၊ အူကျန်းမာရေး၊ ကိုယ်ခံ စွမ်းအားနဲ့ စိတ်အခြေအနေ စတာတွေကလည်း ကောင်းမွန်နေဖို့လိုပါတယ်။ ဒါကြောင့် ဘဝနေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ထိန်းသိမ်းသင့်ပါတယ်။

-စိတ်ခံစားမှုနှင့် ဆန္ဒတိုးစေမည့်အစာ

ခန္ဓာကိုယ်က နူရိုထရန်စမစ္စတာလို ပြုမူမယ့် ဓာတ်တချို့ ထွက်ရှိအောင် အားပေးတဲ့အစာတွေက စိတ်ခံစားမှုနဲ့ လိင်ဆန္ဒတိုးစေပါတယ်။

(၁) ဒိုပါမင်းဓာတ်

ဒိုပါမင်းဓာတ်က စိတ်ခံစားမှုကို ကောင်းစေပြီး တက်ကြွစေပါတယ်။ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီ တာမင် B3 B6 နဲ ့ဗီတာမင်စီတွေရှိရင် အမိုင်နိုအက်စစ်တိုင်ရိုစင်းကနေ ဒိုပါမင်းဓာတ်ထွက်ရှိစေပါတယ်။ တိုင်ရိုစင်းဓာတ် ပါဝင်မှုများတဲ့ အစာတွေက ကြက်သား၊ အဆီနည်းအမဲသား၊ ကြက်ဆင်သား၊ ပုစွန်၊ တူနာငါး၊ ဥအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ထောပတ်သီး၊ ငှက်ပျောသီးနဲ့ ဂျုံမှုန့်တို့ ဖြစ်ကြပါတယ်။

(၂) ဆီရိုတိုနင်ဓာတ်

ဒါက စိတ်တက်ကြွှအောင် လှုံ့ဆော်ပေးတဲ့ ဓာတ်ပါ။ ခန္ဓာကိုယ်ဟာ အမိုင်နိုအက်စစ်ထရစ်ပတို ဖန်ကိုဆီရိုတိုနင်အဖြစ် ပြောင်းလဲပေးပါတယ်။ ထရစ်ပတိုဖန်ပါဝင်မှုများတဲ့ အစာတွေက ကြက်သား၊ သိုးသား၊ ကြက်ဆင်သား၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး၊ ကညွတ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အာလူး၊ အစေ့အဆန်၊ ပဲပုပ်စေ့နဲ့ ဒိန်ချဥ ်တို ဖြစ်ကြပါတယ်။

(၃) ဖီနိုင်းအီသိုင်လမင်း

အမိုင်နိုအက်စစ် ဖီနိုင်းလနင်းကနေ ထုတ်လုပ်လိုက်တဲ့ဓာတ်ပါ။ ချစ်နေတဲ့အခါ လိပ်ပြာလိုလွှင့်မြူးတဲ့ ခံစားချက် ဖြစ်စေပြီး စိတ်ဆန္ဒကို မြင့်တက်စေပါတယ်။ ချောကလက်မှာ ဖီနိုင်းအီသိုင်းလမင်းဓာတ် ကောင်းကောင်း ပါဝင်ပါတယ်။

-အစားအသောက်၏အခြေခံအုတ်မြစ်

အစာကြေညက်တာ၊ အူကျန်းမာရေးကောင်းမွန်တာ စတာတွေနဲ့ ဆက်စပ်နေတဲ့အစာတွေက မျိုးအောင်နိုင်စွမ်း တိုးစေပါတယ်။ မှန်ကန်တဲ့ အာဟာရဓာတ်ဟာ ကလေးတစ်ယောက် တွယ်ငြိနိုင်ဖို့ သင့်တော်တဲ့ အခြေခံ အုတ်မြစ်ပါ။
– အစာခြေဖျက်နိုင်စွမ်း
မျိုးအောင်နိုင်စွမ်းကောင်းဖို့ လိုအပ်တဲ့ ဟော်မုန်းတွေက ကိုယ်စားတဲ့ အာဟာရဓာတ်ကောင်းကောင်း လိုအပ်ပါတယ်။ အောက်ပါအခြေအနေတွေကို မှန်၊ မှား ဖြေကြည့်ပါ။
(၁) မကြာခဏ လေချဉ်တက်တယ်၊ လေပွတယ်။
(၂) အစာစားပြီးတိုင်း ဗိုက်အောင့်တယ်။
(၃) အူရောင်ရမ်းတဲ့ ရောဂါစု ခံစားရတယ်။
(၄) ပဋိဇီဝပိုးသတ်ဆေးကို ပုံမှန် မှီဝဲနေရတယ်။
(၅) အစာနဲ့ ဓာတ်မတည့်တဲ့ ဝေဒနာ ရှိတယ်။
(၆) ဝမ်း(မစင်)အရောင်ကဖျော့တယ်၊ ဝမ်းကပေါ့တယ်။
(၇) မကြာခဏ ရင်ပူနေတယ်။
အခြေအနေအများစုအနက် လေးခုနဲ့ အထက် မှန်နေရင် သင်ရဲ့ အစာခြေဖျက်မှုစနစ်က ကိုယ်ဝန် ရနိုင်ခြေပေါ်မှာ လွှမ်းမိုးမှု ရှိနေပါတယ်။ အာဟာရဓာတ် စုပ်ယူမှု ကောင်းစေမယ့် နည်းလမ်းရှာပါ။

-ဘယ်လောက် အဆိပ်သင့်နေသလဲ

တစ်ပတ်မှာ နှစ်ရက်လောက် သန့်စင်တဲ့အစာတွေကိုစားပေးရင် ဟော်မုန်းတွေကို ဟန်ချက်ညီမျှစေပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော လျော့ကျစေကာ သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။ ဒါ့အပြင် အစာကြေစေပါတယ်။ အဆိပ်သင့်မှုကိုတိုင်းတာနိုင်ဖို့ အောက်ပါတို့ကို မှန်၊ မှား ဖြေပေးပါ။
(၁) ဆီးက အရောင်ရင့်ပြီး အနံ့ပြင်းတယ်။
(၂) ဝမ်းသွားတာက တစ်နေ့ တစ်ကြိမ်ထက် နည်း တယ်။
(၃) ခေါင်းကိုက်တာ၊နုံးချည့်ညောင်းညာတာ၊ ကြွှက်သားနာကျင်တာနဲ့ အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာတွေ ပုံမှန် ခံစားနေရတယ်။
(၄) ကော်ဖီတစ်ခွက်သောက်ရင်တောင် ကတုန်ကယင်ခံစားနေရတယ်။
ဒီအချက်တွေဟာ တစ်ပတ်မှာ ရက်အနည်းငယ် အဆိပ်တွေဖြေလျှော့သင့်ကြောင်း ပြသနေတဲ့လက္ခ ဏာတွေပါ။

– မမျိုးဥကြွေရန် အစာစားခြင်း

မမျိုးဥဟာ မျိုးအောင်ဖို့ အာဟာရဓာတ်နဲ့ စွမ်းအင်နှစ်မျိုးလုံး လိုအပ်ပါတယ်။ မမျိုးဥကျန်းမာဖို့ အင် တီအောက်ဆီးဒင့်ပါတဲ့ အစာတွေလိုအပ်ပါတယ်။ သဘာဝမိုင်ရိုအင်နိုဆီတောဒြပ်ပေါင်းဟာ မမျိုးဥ အရည်အသွေးကို ကောင်းမွန်စေပြီး သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။
အင်နိုဆီတောပါဝင်မှုများတဲ့ အစာတွေက ပဲသီး၊ ဆန်လုံးညို၊ ပဲနီလေး၊ ဖရုံသီး၊ ချဉ်တဲ့ အသီး တွေ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေ ဖြစ်ကြပါတယ်။
– ရာသီစက်ဝန်းနှင့် အစားအစာပုံစံ
ရာသီစက်ဝန်းအတွင်း အမျိုးသမီးတွေရဲ့ စိတ်ခံစားမှု၊ ကိုယ်အလေးချိန်နဲ့ ဟော်မုန်းတွေက သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်။

ရာသီစက်ဝန်း အဆင့် (၁)

ရာသီစက်ဝန်း ပထမဆုံးရက်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်တာ ရှောင်ပြီး ညဘက်စောစောအိပ်ပါ။ အာဟာရရှိတဲ့ အစာ၊ သံဓာတ်နဲ့ ဗီတာမင်စီ ပါဝင်မှုများတဲ့ အစာကို ရွေးချယ်စားသုံးပါ။ ဗီတာမင်ဘီပါဝင်မှုများတဲ့ အစာတွေကစွမ်းအင်တချို့ကို ပြန်ရအောင်ကူညီနိုင်ပါတယ်။
သံဓာတ်ကောင်းကောင်းပါတဲ့ အစာတွေက အဆီနည်းတဲ့ အနီရောင်အသား၊ ရွှေဖရုံစေ့၊ ပဲသီး၊ ပဲအမျိုးမျိုး၊ စပျစ်သီးခြောက်၊ ပုစွန်နဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ ဗီတာမင်ဘီရရှိဖို့ ကောက်နှံတစ်ခုလုံးအစာ၊ အမဲသား၊ ပုစွန်၊ ဥအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေကိုစားပါ။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အများစုမှာ ဗီတာမင်စီ ပါဝင်တဲ့အတွက် သံဓာတ်စုပ်ယူမှု အားကောင်းစေပါတယ်။ ဗီတာမင်စီများများပါတဲ့ အစာတွေက ချဉ်တဲ့သစ်သီးတွေ၊ ဘယ်ရီသီး၊ ကီဝီသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ငရုတ်သီးမှည့်တို့ ဖြစ်ကြပါတယ်။ ရာသီလာစဉ် နာကျင်မှုခံစားရရင် ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျစေဖို့ အိုမီဂါ ၃ ဖက်တီးအက်စစ် အားဆေးမှီဝဲသင့်ပါတယ်။

ရာသီစက်ဝန်း အဆင့် (၂)

ဒီအဆင့်မှာ အီစထရိုဂျင်အဆင့် မြင့်တက်လာပြီး ခန္ဓာကိုယ်က မမျိုးဥကြွေဖို့ စတင်ပြင်ဆင်ပေးပါတယ်။ ဒီအချိန်မှာ စွမ်းအင်ရှိပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် ဆွဲဆောင်မှုရှိပြီး လိင်စိတ်ဆန္ဒလည်း မြင့်တက်နေမှာပါ။ ဒီအချိန်မှာ ဗီတာမင်ဘီစားရင် ဟော်မုန်းဟန်ချက်ညီမျှစေပါတယ်။ ဗီတာမင်ဘီက ဆဲလ်ကွဲပြားမှုအတွက် အရေးပါပြီး လက်ဆီသင်က ဆဲလ်အမြှေးပါးတွေကို ကျန်းမာစေပါတယ်။ ဗီတာမင်စီက သားအိမ်အချွဲမြှေးထဲက ရေပမာဏကို တိုးစေပါတယ်။
ကပ်ဆိုက်စင်၊ အိုက်ဆိုဖလေဗုန်းနဲ့ L-arginine တို့ပါတဲ့ အစာတွေဖြစ်တဲ့ ပူစပ်တဲ့အစာတွေ၊ တိုဟူးနဲ့ဖရဲသီးတွေဟာ ခန္ဓာကိုယ်ကနေ နိုက်ထရစ်အောက်ဆိုက်တွေ ထွက်ရှိစေဖို့အားပေးပါတယ်။ ဒီဒြပ်ပေါင်းတွေက သွေးကြောတွေကို ကျယ်စေပြီး ကိုယ်တွင်းစနစ်အတွင်း သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေကာ မျိုးပွားအင်္ဂါတွေအတွက် အကျိုးရှိပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်နေဖို့ အရေးပါတဲ့ ဗီတာမင်ဒီကိုနေရောင်ခြည်ခံယူတာ၊ ဆယ်လ်မွန်ငါးနဲ့ ဆာဒင်းငါးတွေ စားတာစတဲ့နည်း တွေနဲ့ ရယူနိုင်ပါတယ်။

ရာသီစက်ဝန်း အဆင့် (၃)

ဒီအဆင့်မှာ မမျိုးဥအားကောင်းဖို့ ဘီတာကယ်ရိုတင်းဓာတ်လိုအပ်ပါတယ်။ မုန်လာဥနီလိုလိမ္မော်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဘီတာကယ်ရိုတင်းပါဝင်ပြီး ဆဲလ်တွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– မျိုးအောင်နိုင်စွမ်းအတွက် ကောင်းသောအဆီ

အမျိုးသမီးအများစုဟာ ကိုယ်အလေးချိန် မတက်စေဖို့ အဆီနည်းတဲ့ အစာတွေကို စားလေ့ရှိပါတယ်။ မျိုးအောင်နိုင်စွမ်း ကောင်းဖို့ဆိုရင် အဆီတွေက အရေးပါပါတယ်။ တစ်နေ့မှာ အဆီနည်းတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေကို နှစ်ကြိမ်နဲ့အထက် စားသောက်တဲ့ အမျိုးသမီးတွေကကိုယ်ဝန်ရနိုင်ခြေနှစ်ဆပိုနည်းတယ် လို့ အမေရိကန်လေ့လာမှုအရ သိရပါတယ်။ အဆီအပြည့်ပါတဲ့ နွားနို့သောက်သူတွေမှာ မမျိုးဥကြွေနှုန်းက ၃၈ ရာခိုင်နှုန်း ပိုကောင်းတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top