Healthy Life Ad
Life Style

သည်းခြေအိတ် ထုတ်ထားသူ (Cholecystectomy)

ဒေါက်တာတင့်ဆွေ

မေး. (၁) ကျွန်တော့်အမျိုးသမီးက သည်းခြေထုတ်လိုက်တယ်။ ကျောက်ဖြစ်လို့။

မေး. (၂) သည်းခြေကျောက်တည်နေသော ဝေဒနာ နောက်ဆက်တွဲအကြောင်း သိလိုပါသည်။ သည်းခြေထုတ်ပစ်လိုက်ပါက လူ့သက်တမ်းစေ့ နေနိုင်ပါသလား ဆရာ။ ခန္ဓာကိုယ်တွင် သည်းခြေသည် အရေးကြီးသည့်အပိုင်းတွင် ပါဝင်သည့်အတွက် သည်းခြေထုတ်ပစ်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကိုသိလိုပါသည်။

ဖြေ. လူတိုင်းမှာ အသည်းရဲ့အောက်မယ်ကပ်နေတဲ့ သည်းခြေရည်ထုတ်ပေးမဲ့ သည်းခြေအိတ်တခုစီ ရှိကြတယ်။ Cholecystectomy ဆိုတာ သည်းခြေအိတ်ထုတ်ပြစ်တာကိုခေါ်တယ်။ အများဆုံးက Gallstone ကျောက်တည်လို့ပါ။ အစဉ်အလာ Open cholecystectomy နဲ့ နောက်ပေါ် Laparoscopic cholecystectomy နည်းတခုခုနဲ့ ထုတ်တယ်။ ထုတ်လိုက်တဲ့ သည်းခြေအိတ်ကို ကင်ဆာရှိနေ-မနေ အသားစဖြတ်ယူစစ်ဆေးတာ လုပ်ရသေးတယ်။ အာယုဗေဒနည်း၊ ဟိုမီယိုပသီနည်းတွေ စမ်းပြီးနောက် ခွဲစိတ်ဆရာဝန်ဆီ ပြန်လာကြရတယ်။

သည်းခြေရည်ဟာ ဆီ-အဆီကို ကြေချက်ဖို့ အဓိကကျတယ်။ ဒါပေမဲ့ သူ့ကို ထုတ်လိုက်ရင် သိပ်မစိုးရိမ်ပါနဲ့။ အသည်းကနေလည်း ဆက်ထုတ်နေမှာပါ။ အရင်ကတော့ အစာစားချိန်ရောက်မှ သည်းခြေအိတ်ထဲက သည်းခြေရည်ကို ညှစ်ထုတ်ပေးခဲ့တာ။ သိုလှောင်ထားပေးမယ့် အိတ်တော့မရှိတော့လို့၊ တစက်တစက်နဲ့ ဖြေးဖြေးလေး အူသိမ်ထဲကို တိုက်ရိုက်စီးကျနေပါမယ်။ သရက်ရွက်ပြွန်နဲ့ သည်းခြေပြွန်တွေက နှစ်ခုတစ်ခုဆက်နေလို့ သရက်ရွက်ကထွက်တဲ့ အရည်တွေကိုပါ နှေးသွားစေတယ်။

သည်းခြေအိတ် မရှိတောပေမဲ့ လူအများစုဟာ နေကောင်းတဲ့လူတွေနဲ့မခြား နေနိုင်ကြပါတယ်။ ဗိုက်ပြည့်သလို ဖြစ်တာက တခြားသူတွေလည်း ဖြစ်တတ်တာမျိုးပါ။ ကွာတာက အစားကို များများစားလိုက်ရင် ဆီ-အဆီတွေကို နိုင်အောင် မချက်နိုင်တော့ဘူး။ သည်းခြေအိတ် ထုတ်လိုက်ရတဲ့ လူနာ ၁၀-၂၀% မှာ နာတာရှည်ဝမ်းပျက်တာဖြစ်လာစေတယ်။ သည်းခြေရည်တွေက အူသိမ်ထဲကို ဆက်ဆင်းကျနေတာကြောင့် အစာတွေကို အောက်ပို့တဲ့နှုံး ပြောင်းသွားစေလို့ ဖြစ်ရတာပါ။ ၄၀% လောက်မှာ အစာလမ်းမမှန်တာနဲ့ ဗိုက်အပေါ်ညာဘက်က နာနေတတ်တာဖြစ်တယ်။

ဘာစားရမလဲ။ ပုံမှန်စားသလိုစားပါလို့ ယေဘုယျပြောနိုင်တယ်။ ယာယီအားဖြင့် အစာမကြေဖြစ်တတ်တယ်။ စပ်တဲ့အစာကို ထူးပြီးတော့ ရှောင်စရာမလိုပါ။ အဆီမှာပျော်ဝင်တဲ့ဗီတာမင် A, D, E, K တို့ကိုထိခိုက်တယ်။ လိုအပ်ရင် ထိုးဆေးနဲ့ဖြည့်နိုင်တယ်။

– နွားနို့လျှော့ဖို့ အကြံပေးတယ်။

– နည်းနည်းသာ စားသင့်တာတွေက ဆီ-အဆီများတာ၊ ကြော်တာ၊ အစေ့အဆံတွေဖြစ်တယ်။

– လေများစေတဲ့ မုံလာထုပ်၊ မုံလာပွင့်၊ မုံလာစိမ်တွေကို လျှော့ပါ။

– စားနိုင်တဲ့ အစာမျိုးတွေကတော့ အရေခွံမပါတဲ့ အသားငါး။

– အလွယ်ဝယ်စားလို့ရတဲ့ အစာတွေကိုလျှော့ပါ။

– ဆီ-အဆီ လျှော့စားရတာမို့(ကယ်လိုရီ) ပြည့်အောင်ဂရုစိုက်ရလိမ့်မယ်။ (ကာဗွန်ဟိုက်ဒရိတ်)များတဲ့ အစာတွေဖြစ်တယ်။

– Omega 3 fatty acids (အိုမီဂါ ၃) ပါစေအောင်လည်း ဂရုစိုက်ပါ။ ငါး၊ ငါးကြီးဆီ၊ ပဲပုပ်ဆီတွေမှာပါတယ်။

– (ပရိုတင်း) လုံလောက်ပါစေ။ အဆီနည်းနို့၊ ပဲအမျိုးမျိုး၊ ကြက်သား၊ ဥတွေမှာပါတယ်။

– ခါတိုင်းလို တနေ့ ၃ ခါ မစားဘဲ၊ တခါစား နည်းနည်းနဲ့ ၄-၆ ခါ စားပါ။

– ဝမ်းလျှောတာများရင် ဓာတ်ဆားရည်သောက်ပါ။

– အသည်းကို မထိခိုက်အောင် အရက်လုံးဝ ရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top