Healthy Life Ad
Life Style

သင့်ခန္ဓာကိုယ်ကို အနာကျက်နှုန်းမြန်စေရန် ကူညီပေးမည့်အစားအသောက်များ

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေချိန်မှာ အနာကျက်အောင်ကူညီပေးမယ့် အစားအစာတွေကို စားပေးသင့်ပါတယ်။

(၁) အိုင်အိုဒင်းမှီဝဲပါ

သိုင်းရွိုက်အဆင့် လျော့နည်းတာက ကိုယ်အလေးချိန်မြင့်တက်တာ၊ နှေးကွေးလေးလံတာနဲ့ ဒေါသထွက်လွယ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်းအတွက် မရှိမဖြစ်အရေးပါပါတယ်။ သိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာကောင်းစေရေးအတွက် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်တို့ဟာလည်း အရေးပါပါတယ်။ ဒါပေမဲ့ အိုင်အိုဒင်းကတော့ မရှိမဖြစ်ပါ။ အိုင်အိုဒင်းက လိုအပ်တာထက် ပိုများနေရင်လည်း ပြဿနာဖြစ်နိုင်ပါသေးတယ်။ အိုင်အိုဒင်း အသင့်အတင့်ရှိမှသာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး စွမ်းအင်ကို တိုးတက်ကောင်းမွန်စေပါတယ်။

(၂) ချင်း(ဂျင်း) စားပါ

ချင်း(ဂျင်း)ကို ဟင်းချက်အမွှေးအကြိုင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ဒါပေမဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက ချင်း(ဂျင်း)ကို အစာကြေစေတဲ့အရာ၊ အဆစ်ရောင်နာကုသရာမှာ ဝမ်းဗိုက်မသက်မသာ မဖြစ်အောင် ကုသနိုင်တဲ့အရာအဖြစ် သုံးခဲ့ကြပါတယ်။ ချင်း(ဂျင်း)မှာ ပျို့ချင်အန်ချင်တဲ့ဝေဒနာကို သက်သာစေတဲ့ အစွမ်းရှိတာကြောင့် အနာကျက်စေတဲ့အရာအဖြစ် သတ်မှတ်ကြပါတယ်။

(၃) မှိုစားပါ

မှိုက ကောင်းတဲ့ ကိုလက်စထရောကို မြင့်တက်စေတာကြောင့်နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ ရှီးတိတ်မှို (Shiitate) က ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေပြီး ကင်ဆာကို ကာကွယ်တွန်းလှန်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ သူ့မှာပါဝင်တဲ့ လန်တီနင်ဓာတ်ကြောင့် ကင်ဆာအကျိတ် ကြီးထွားမှုကို နှေးစေတယ်လို့ ယုံကြည်ကြပါတယ်။

(၄) ကောင်းသောအဆီ စားပါ

အဆီတိုင်းက မကောင်းပေမယ့် ကောင်းတဲ့အဆီတွေတော့ ရှိပါတယ်။ မပြည့်ဝဆီတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပါတယ်။ ကောင်းတဲ့အဆီတွေမရှိတာက စိတ်ဓာတ်ကျစေနိုင်ပြီး ဝက်ခြံတွေလည်း ပေါက်စေနိုင်ပါတယ်။ ကောင်းတဲ့အဆီတွေက အဆီများတဲ့ ငါး၊ ထောပတ်သီး၊ သံလွင်ဆီနဲ့ အခွံမာတဲ့အစေ့အဆန် (ဥပမာ- သီဟိုဠ်စေ့၊ မြေပဲစေ့)တွေထဲမှာ ပါဝင်ပါတယ်။

(၅) အကျိုးပြု ဘက်တီးရီးယားကို မှီဝဲပါ

အကျိုးပြုဘက်တီးရီးယားတွေက ရောဂါကို တွန်းလှန်ပေးတာကြောင့် ခန္ဓာကိုယ်အတွက် အရေးတကြီးလိုအပ်နေပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေဟာ ဒိန်ချဉ်၊ ဂေါ်ဖီချဉ်နဲ့ ပဲပိစပ်လိုအစားအသောက်တွေထဲမှာ ပါဝင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ အစားအစာတွေက အူရောင်ရမ်းတဲ့ ရောဂါစု၊ အရေပြားပိုးဝင်ကူးစက်မှုနဲ့ ကင်ဆာရောဂါတချို့လို ရောဂါတွေကို ကုသရေးမှာ အသုံးဝင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက ဝမ်းပျက်ဝမ်းလျှောရောဂါကို ကုသဖို့နဲ့ ဆီးလမ်းကြောင်းတစ်လျှောက်မှာ ပိုးဝင်ကူးစက်မှုမဖြစ်အောင်ကာကွယ်ဖို့ အသုံးဝင်ပါတယ်။

(၆) ကယ်လ်စီယမ် မှီဝဲပါ

ကြွပ်ဆတ်နေတဲ့အရိုးနဲ့ ကျိုးနေတဲ့ အရိုးတွေ အနာကျက်ဖို့အတွက် ကယ်လ်စီယမ်က အသုံးဝင်ပါတယ်။ ဗီတာမင်ဒီဟာ ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူရေးအတွက် အသုံးဝင်တာကြောင့် နှစ်မျိုးစလုံးဟာ အရိုးတွေကို အနာကျက်စေတဲ့ အရာတွေလို့ဆိုနိုင်ပါတယ်။ ကယ်လ်စီယမ်ပါဝင်တဲ့ အစားအသောက်တွေက ဒိန်ချဉ်၊ နွားနို့စတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင်ဟင်းရွက်တွေ၊ အခွံမာသီးနဲ့ပဲတွေ ဖြစ်ပါတယ်။ ဗီတာမင်ဒီကိုတော့ ဥအမျိုးမျိုး၊ အဆီများတဲ့ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှ ရယူနိုင်ပါတယ်။

သတိပြုရန်

အနာကျက်ဖြစ်စဉ် ကောင်းမွန်ရေး

ခန္ဓာကိုယ်အနာကျက်ဖို့နဲ့ ကျန်းမာရေးကောင်းမွန်စွာ အသက်ရှည်ဖို့အတွက် ဟန်ချက်မျှတမှုလိုအပ်ပါတယ်။ အစားအသောက်ကို အလွန်အမင်းလျှော့ချတာမျိုး မလုပ်ပါနဲ့။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို အသင့်အတင့်စားပေးတာက နာမကျန်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အနာကျက်တဲ့ဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top