Healthy Life Ad
Life Style

အဖြစ်များသော ကင်ဆာရောဂါများ(၁)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)
(အတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အဖြစ်များတဲ့ ကင်ဆာရောဂါတွေကို သိပါရစေ ဆရာ။

ဖြေ. အဖြစ်များတဲ့ကင်ဆာတွေကတော့ ရင်သား၊ သားအိမ်ခေါင်း၊ အဆုတ်၊ အူမကြီး၊ ဆီးကျိတ်၊ သားအိမ်၊ သားဥအိမ်၊ အကျိတ်၊ ဆီးအိမ်၊ အသည်း၊ အရေပြားနဲ့ ကျောက်ကပ်ကင်ဆာတွေပဲ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသားကင်ဆာဌာနရဲ့ ၂၀၁၁ ခုနှစ်စာရင်းတွေအရလည်း အထက်ပါ ကင်ဆာများဟာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားထဲမှာ ပါဝင်ပါတယ်။

အမျိုးသားတွေမှာ အဆုတ်၊ ဆီးကျိတ်၊ အူမကြီး၊ ဆီးအိမ်၊ အသည်းနဲ့ အကျိတ်ကင်ဆာတွေအဖြစ်များပြီး အမျိုးသမီးတွေက ရင်သား၊ သားအိမ်ခေါင်း၊ အဆုတ်၊ အူမကြီး၊ အသည်း၊ သားအိမ်နဲ့ သားဥအိမ်ကင်ဆာတွေ အဖြစ်များပါတယ် . . .

မေး. အမျိုးသားနဲ့အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေကို သိပါရစေ ဆရာ။

ဖြေ. အမျိုးသားတွေမှာ အဆုတ်၊ ဆီးကျိတ်၊ အူမကြီး၊ ဆီးအိမ်၊ အသည်းနဲ့ အကျိတ်ကင်ဆာတွေအဖြစ်များပြီး အမျိုးသမီးတွေက ရင်သား၊ သားအိမ်ခေါင်း၊ အဆုတ်၊ အူမကြီး၊ အသည်း၊ သားအိမ်နဲ့ သားဥအိမ်ကင်ဆာတွေ အဖြစ်များပါတယ်။

(၁) အူမကြီးကင်ဆာ

မေး. အူမကြီးကင်ဆာက ဘာကြောင့် အဓိကဖြစ်ရပါသလဲ ဆရာ။

ဖြေ. အူမကြီးကင်ဆာ ဘာကြောင့် အဓိကဖြစ်ရတယ်ဆိုတာ အတိအကျမပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေများ စေတဲ့အကြောင်းတွေကိုတော့ ရှာဖွေတွေ့ရှိထားပါတယ်။ အသက် ၅၀ ကျော်လာတာ၊ အူမကြီးအတွင်းနံရံမှာ Polyp (အသားပို)ဖြစ်တာ၊ အူမကြီးကင်ဆာ မိသားစုရာဇဝင်ရှိတာ၊ မျိုးရိုးလိုက်တဲ့ ကင်ဆာဗီဇရှိတာ၊ အရင်က အူမကြီးကင်ဆာဖြစ်ဖူးတာ၊ တိရစ္ဆာန်ကရတဲ့အဆီ စားသုံးမှုများတာ၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံစားသုံးမှုနည်းတာ၊ ဆေးလိပ်သောက်တာ၊ အူမကြီးအတွင်းအနာတွေ ဖြစ်ဖူးတာနဲ့ Crohn’s ရောဂါဖြစ်တာ စတာတွေကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။

မေး. အူမကြီးကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေပါလဲ ဆရာ။

ဖြေ. အူမကြီးကင်ဆာဖြစ်နေရင်လည်း ဘာလက္ခဏာမှ မပြတတ်ပါဘူး။ နောက်ပိုင်းမှာမှ ရောဂါလက္ခဏာပြတတ်ပါတယ်။ အဓိက ဝမ်းသွားတဲ့ပုံစံ ပြောင်းလဲလာတတ်ပါတယ်။ ဝမ်းအသွားများတာ ဒါမှမဟုတ် ဝမ်းချုပ်တာ၊ ဝမ်းကျန်တယ်လို့ထင်ရတာ၊ ဝမ်းအတွင်း သွေးပါတာ၊ ပုံမှန်သွားနေကျ ဝမ်းအတုံးထက် သေးသွယ်သွားတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းဗိုက်နာတာ၊ ကိုယ်အလေးချိန်လျော့ကျတာ၊ တစ်ချိန်လုံး နုံးနယ်နေတာ၊ ပျို့တာနဲ့ အန်တာတို့ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

မေး. အူမကြီးကင်ဆာကို သံသယရှိပါက ဘာလုပ်သင့်ပါသလဲ ဆရာ။

ဖြေ. အူမကြီးကင်ဆာဖြစ်နေနိုင်တယ်လို့ သံသယရှိရင် နားလည်တတ်ကျွမ်းတဲ့ အူလမ်းကြောင်း အထူးကုသမားတော် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်၊ ကင်ဆာအထူးကုဆရာဝန်တို့နဲ့ ပြသတိုင်ပင်စစ်ဆေးသင့်ပါတယ်။ ထပ်မံစစ်ဆေးရန် လို၊မလို အကြံပြုပါလိမ့်မယ်။ ဒါပေမဲ့ ပုံမှန်ပြသစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။

မေး. အူမကြီးကင်ဆာကို ကြိုတင်စစ်ဆေးလို့ ရပါသလား ဆရာ။

ဖြေ. အူမကြီးကင်ဆာကို စောစောသိအောင် စစ်ဆေးရမယ့် နည်းတွေကတော့-

၁။ ဝမ်းအတွင်း မမြင်နိုင်တဲ့သွေးပါဝင်နေတာ (Fecal Occult Blood Test)

၂။ အူမကြီးအတွင်း မှန်ပြောင်းထည့်သွင်း ကြည့်ရှုစစ်ဆေးတာ

အထက်ပါ စစ်ဆေးနည်းတွေကို အူမကြီးကင်ဆာဖြစ်နှုန်းများတဲ့ မိသားစု၊ အထက်က ဖော်ပြခဲ့တဲ့ ဖြစ်နိုင်ခြေများတဲ့သူတွေ အထူးသဖြင့် အသက် ၅၀ ကျော်လာရင် ကြိုတင်စစ်ဆေးသင့်ပါတယ်။

မေး. အူမကြီးကင်ဆာအတွက် ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေကို ခံယူဖို့လိုအပ်ပါသလဲ ဆရာ။

ဖြေ. အူမကြီးကင်ဆာအတွက် အူမကြီးအတွင်း မှန်ပြောင်းထည့်သွင်းကြည့်ရှုစစ်ဆေးပြီး သံသယရှိဖွယ်တွေ့ရရင် အသားစယူ စစ်ဆေးရပါမယ်။ တကယ်လို့ အူမကြီးအတွင်း အသားပိုတွေ့ရှိခဲ့ရင်လည်း ဖြတ်တောက်ဖယ်ရှားပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးရပါမယ်။

(၂) ရင်သားကင်ဆာ

မေး. ရင်သားကင်ဆာက ဘာကြောင့် အဓိကဖြစ်ရပါသလဲ ဆရာ။

ဖြေ. ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ အသက်ငယ်ငယ်မှာ ရာသီသွေးစပေါ်တာ၊ နောက်ကျသွေးဆုံးတာ၊ ကိုယ်ဝန်မဆောင်တာ ဒါမှမဟုတ် အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရတာ၊ မိမိရဲ့အနီးစပ်ဆုံးဆွေမျိုး (မိခင်၊ ညီအစ်မ၊ သမီး) တွေမှာ ရင်သားကင်ဆာရှိတာ၊ မျိုးရိုးဗီဇပြောင်းလဲတာ၊ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း စတဲ့ ဟော်မုန်းဆေးဝါးတွေ သောက်သုံးတာ၊ ကိုယ်အလေးချိန်များတာ၊ အဝလွန်တာနဲ့ ရင်ဘတ်ဓာတ်ရောင်ခြည်ပေးကုသမှု ခံယူရတာ စတာတွေကြောင့် ဖြစ်ပါတယ်။

မေး. ရင်သားကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေပါလဲ ဆရာ။

ဖြေ. ရင်သားကင်ဆာရဲ့ လက္ခဏာတွေကတော့ မနာမကျင်တဲ့ ရင်သားအကျိတ်ဖြစ်ပေါ်တာ၊ ရင်းသားအကျိတ်မှ အနာဖြစ်လာတာ၊ ရင်သားအရေပြားချိုင့်ဝင်တာ၊ နို့သီးခေါင်းချိုင့်ဝင်တာ၊ ရင်သားအကျိတ်ရှိပြီး ရောင်ရမ်းလာတာ၊ နို့သီးခေါင်းမှ အရည် ဒါမှမဟုတ် သွေးထွက်တာတို့ ဖြစ်ပါတယ်။

မေး. ရင်သားကင်ဆာကို ကြိုတင်စစ်ဆေးလို့ ရပါသလား ဆရာ။

ဖြေ. ရင်သားကင်ဆာဖြစ်နေနိုင်တယ်လို့ သံသယ ရှိပါက ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသစစ်ဆေးရပါမယ်။ ရင်သားကင်ဆာဖြစ်ပွားမှုကို စောစီးစွာသိရှိဖို့ (၁) မိမိရင်သားကို မိမိကိုယ်တိုင်စမ်းသပ်ခြင်း (၂) ဆရာဝန်နဲ့ ပြသစစ်ဆေးခြင်း (၃) ရင်သားဓာတ်မှန်ရိုက် စစ်ဆေးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

မေး. ရင်သားကင်ဆာအတွက် ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေကို ခံယူဖို့ လိုအပ်ပါသလဲ ဆရာ။

ဖြေ. အထက်ပါ စစ်ဆေးနည်းတွေပြုလုပ်ပြီး သံသယရှိဖွယ်တွေ့ရှိရပါက ရင်သားအကျိတ် ဒါမှမဟုတ် နို့ပြွန်ကို ခွဲစိတ်ဖယ်ရှားပြီး အသားစစစ်ဆေးတာ ဒါမှမဟုတ် ရင်သားအကျိတ်ကို အပ်နဲ့စုပ်ယူစစ်ဆေးတာ ဒါမှမဟုတ် ရင်သားအကျိတ်မှ အသားစယူစစ်ဆေးတာတို့ ပြုလုပ်ပြီး ရင်သားကင်ဆာဖြစ်/မဖြစ် စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် သွေးအတွင်း CA 153 ဓာတ်ကိုလည်း စစ်ဆေးလေ့ရှိပါတယ်။

(နောက်တစ်ပတ်မှာ အဆုတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာအကြောင်း ဖော်ပြပါမယ်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top