Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်မိခင်တို့ သတိပြုသင့်သည့် Amniotic Fluid Embolism အကြောင်း သိကောင်းစရာ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. Amniotic Fluid Embolism အကြောင်း သိပါရစေ ဆရာ။

ဖြေ. Amniotic Fluid Embolism ဆိုတာ ကိုယ်ဝန်ဆောင်မိခင်တွေက ကလေးမီးဖွားချိန်မှာဖြစ်ဖြစ်၊ ကလေးမီးဖွားပြီးချိန်မှာဖြစ်ဖြစ် ရေမြွှာရည်က အမေရဲ့ သွေးထဲမှာ လေပိတ်ဆို့မှုတစ်ခုလိုဖြစ်ပြီးတော့ အသက်ဆုံးရှုံးနိုင်တဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် သွေးကြောလေးက ပုံမှန်သွေးလှည့်ပတ် စီးဆင်းနေတဲ့အခါ Embolism လို့ခေါ်တဲ့ ကလေးရဲ့အပိုင်းအစလေးတွေ၊ ဆဲလ်လေးတွေက လေပိတ်ဆို့မှုတစ်ခုလိုဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ အသက်အန္တရာယ်ကျရောက်နိုင်တဲ့အထိ ဖြစ်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

အမျိုးသမီးတွေက ကလေးရပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဗိုက်အပ်သင့်ပါတယ်။ ဆရာဝန်ပြောတဲ့ လိုက်နာရမယ့် အချက်တွေကို သေချာလိုက်နာပြီး ကလေးယူသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုရင် ဗိုက်အပ်ဖို့ အရေးကြီးပါတယ်။ ကလေးမွေးတဲ့အခါမှာလည်း . . .

မေး. Amniotic Fluid Embolism မဖြစ်အောင် ကိုယ်ဝန်ဆောင်မိခင်တွေက ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. အမျိုးသမီးတွေက ကလေးရပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဗိုက်အပ်သင့်ပါတယ်။ ဆရာဝန်ပြောတဲ့ လိုက်နာရမယ့်အချက်တွေကို သေချာလိုက်နာပြီး ကလေးယူသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုရင် ဗိုက်အပ်ဖို့ အရေးကြီးပါတယ်။ ကလေးမွေးတဲ့အခါမှာလည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ သားဖွား ဆရာမ စတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ မွေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ကလေးသေဆုံးနှုန်း၊ မိခင်သေဆုံးနှုန်းကျလာမှာ ဖြစ်ပါတယ်။

မေး. Amniotic Fluid Embolism ဆိုရင် ဘယ်လို လက္ခဏာတွေပြတတ်ပါသလဲ ဆရာ။

ဖြေ. ဒီရောဂါက ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားနေစဉ်နဲ့ မီးဖွားပြီးချိန်တွေမှာ ဖြစ်တတ်တာကြောင့် အသက်ရှူကျပ်လာတာ၊ အဆုတ်ထဲ ရေမွန်းသလိုဖြစ်ပြီး အသက်ရှူမဝတာ၊ နှလုံးခုန်နှုန်းမြန်တာ၊ သွေးပေါင်ကျတာ၊ တက်တာ၊ သတိမေ့သွားတာ . .စတာတွေဖြစ်တတ်ပါတယ်။ တစ်ခါတလေကျရင် ကလေးရဲ့ နှလုံးခုန်နှုန်းအပေါ်သွားပြီး သက်ရောက်မှုတွေ ဖြစ်တတ်ပါတယ်။

မေး. Amniotic Fluid Embolism က ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. Amniotic Fluid Embolism ဘာကြောင့်ဖြစ်ရသလဲဆိုတာ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ အမေဆီသွားတဲ့ သွေးကြောထဲမှာ ကလေးရဲ့ အပိုင်းအစလေးတွေ၊ ဆဲလ်လေးတွေဖြစ်ဖြစ်ပါသွားပြီး သွားရောက်ပိတ်ဆို့ရာက ဖြစ်ရတာပါ။ ဘာကြောင့် အဲဒီလိုဖြစ်ရသလဲဆိုတော့ မိခင်နဲ့ ကလေးကို ခြားထားတဲ့ အချင်းအတားအဆီးလေးမှာ ဒဏ်ရာရရင် ဖြစ်တတ်တယ်လို့ တချို့ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဒါပေမဲ့ တိကျတဲ့အဖြေတော့ သေချာမသိသေးပါဘူး။

မေး. ဘယ်လိုအမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ရင် Amniotic Fluid Embolism ဖြစ်နိုင်ခြေများ ပါသလဲ ဆရာ။

ဖြေ. အသက် ၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင် ဖြစ်နိုင်ခြေများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအရမ်းတိုးပြီး ကိုယ်ဝန်ဆိပ်တက်တာ၊ ဖောရောင်တာတွေ ဖြစ်တဲ့သူတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ကိုယ်ဝန်ဖျက်ချတဲ့သူတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။ တစ်ခါတလေ ကလေးမွေးနေရင်းနဲ့ ဖြစ်တတ်တာကိုလည်း တွေ့ရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်ကိုသွားပြီး ဒဏ်ရာရနိုင်ပါတယ်။ အသက်ရှင်ခဲ့မယ်ဆိုရင်တောင် ဆေးရုံမှာအကြာကြီး ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

မေး. Amniotic Fluid Embolism နဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပြောကြားလိုတာရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. မိခင်ရောကလေးပါ အသက်အန္တရာယ်ရှိတဲ့ ဒီရောဂါမဖြစ်အောင် ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန်စရှိပြီဆိုတာနဲ့ ဗိုက်ကို သေချာအပ်ဖို့ လိုအပ်ပါတယ်။ ကလေးမွေးရင်လည်း တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့သာ ကလေးမွေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပိုင်းဆိုင်ရာအားတက်အောင် ခင်ပွန်း၊ ဆွေမျိုး၊ မိဘအသိုင်းအဝိုင်းကလည်း အားပေးဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top