Healthy Life Ad
Life Style

မျက်စိကျန်းမာရေးအပေါ် သက်ရောက်မှု ရှိစေသည့် နေ့စဉ် အမူအကျင့် ရှစ်မျိုး

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

အခုခေတ်မှာ မျက်ကပ်မှန်တပ်ဆင်သူတွေက ရှားပါးတဲ့ ကူးစက်ပိုးဝင်မှုကြောင့် မျက်မမြင်ဖြစ်လုနီးပါး ထိခိုက်နေရကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။ အထူးသဖြင့် ဗြိတိန်နိုင်ငံက မျက်ကပ်မှန်တပ်ဆင်သူ ၄ သန်းခန့်ဟာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားခြင်းဖြင့် မျက်စိကျန်းမာရေးကို ကောင်းစေတယ်လို့ လန်ဒန်ကောလိပ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။ ၂၀၁၁ကနေ အခုထိ အထူးသဖြင့် မျက် ကပ်မှန်တပ်သူတွေမှာ မျက်စိတွင်း ရှားပါးပိုးဝင်မှုကြောင့် မျက်မမြင်ဖြစ်နှုန်း သုံးဆခန့် မြင့်မားလာတဲ့အတွက် အထူးသတိပြုကြဖို့နဲ့ မျက်စိကျန်းမာရေးအပေါ် သက်ရောက်မှုရှိတဲ့ အမူအကျင့်တွေကို ဆင်ခြင်နိုင်ဖို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

(၁) နေ့စဉ် ရေကူးခြင်း

ရေကူးတာက နှလုံးသွေးကြောစနစ်အတွက် အလွန်အကျိုးရှိပါတယ်။ ဒါပေမဲ့ ရေကူးမျက်မှန် (Goggles) မတပ်ဘဲ ရေကူးရင် အထူးသဖြင့် မျက်ကပ်မှန်တပ်သူတွေမှာ မျက်စိထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

“ရေကူးကန်၊ မြစ်နဲ့ပင်လယ်ထဲက ရေတွေဟာ ရေချိုးရင်တောင်မှ မျက်စိတွင်း ဘက်တီးရီးယားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ရေထဲမှာ ရှင်သန်နေတဲ့ အကန်သမီးဘားပိုးက မျက်စိထဲဝင်သွားရင် ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ မျက်ကပ်မှန်တပ်သူတွေမှာ အဲဒီဘက်တီးရီးယားပိုးက တွယ်ငြိပြီး မျက်ဝန်းရောင်ရမ်းနီမြန်းစေကာ တဖြည်းဖြည်းနဲ့ ပိုးဝင်ကူးစက်လာနိုင်ပါတယ်”လို့ မျက်စိအထူးကု အိုဘရိုင်ယန်က ဆိုပါတယ်။

မျက်ကပ်မှန်ရဲ့ သဘာဝကိုက သူ့အနားရှိ ရေတွေကို စုပ်ယူတတ်တာကြောင့် ပုံပန်းသဏ္ဍာန်ကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ အဲဒီအခါ တပ်ရအဆင်မပြေဖြစ်ပြီး အမြင်အာရုံ ဝေ၀ါးလာပါတော့တယ်။ ရေကူးကန်ထဲမှာ မျက်ကပ်မှန်တပ်ဆင်ရမယ်ဆိုရင် ရေစိုခံရေကူးမျက်မှန်ကိုပါ တပ်ဆင်ဖို့လိုအပ်ပါတယ်။ ပိုကောင်းတာက မျက်စိနဲ့ ရေတိုက်ရိုက်ထိတွေ့မှုမရှိဘဲ ရှင်းရှင်းလင်းလင်းမြင်ရနိုင်တဲ့ ရေကူးမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။

(၂) ရက်လွန်မက်စ်ကာရာ သုံးခြင်း

မက်စ်ကာရာကို သုံးပြီး ၃-၄လကြာတဲ့အခါ လုံးထွေးနေတာ သင်သိပါသလား။ ရက်လွန်သွားတဲ့ မက်စ်ကာရာမှာ ဘက်တီးရီးယားတွေ ကပ်ငြိခိုအောင်းနေနိုင်ပြီး မျက်စိနီမြန်းခြင်း၊ အလင်းရောင်ကို ခံနိုင်ရည်နည်းခြင်း၊ မျက်စိကျိန်းစပ်ခြင်း စတာတွေ ဖြစ်နိုင်ပြီး ရှားရှားပါးပါးအနေနဲ့ မျက်စိမမြင်တဲ့အထိ ဖြစ်တတ်ပါတယ်။ အိုင်းလိုင်နာအရည်နဲ့ မက်စ်ကာရာတွေက ဖွင့်ပြီးရင် သုံးလလောက်ပဲ သုံးသင့်ပါတယ်။

လေးလကြာပြီးနောက်မှာ မက်စ်ကာရာက ဘက်တီးရီးယားတွေ စတင်ခိုအောင်းလာပါတယ်။ မဖွင့်ရသေးတဲ့ အမျိုးအစားကောင်းမိတ်ကပ်တွေကတော့ နှစ်နှစ်လောက်အထိ အထားခံပါတယ်။ မျက်ဝန်းမိတ်ကပ် (ဥပမာအိုင်းလိုင်နာ၊ အိုင်းရှဲဒိုး)တွေကို မျက်တောင်လိုင်းအတွင်း လိမ်းတာကြောင့် မျက်စိတွင်း ပိုးဝင်နိုင်ခြေများပါတယ်။ အလားတူ မျက်တောင်တုတွေကလည်း မျက်စိကို ဆိုးကျိုးဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၃) နှစ်စဉ် မျက်စိစစ်ဆေးမှု မခံယူခြင်း

ဗြိတိန်လူမျိုး ခြောက်ဦးအနက် တစ်ဦးပဲ မျက်စိစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ် ခံယူတတ်တယ်လို့ သိရပါတယ်။ တကယ်တော့ မျက်စိစစ်ဆေးတာက ဆီးချိုရောဂါ၊ ရေတိမ်ရောဂါနဲ့ သွေးတိုးရောဂါတို့လို ကျန်းမာရေးပြဿနာတွေကို ပြသနိုင်ပြီး ပြင်းထန်တဲ့ မျက်စိဝေဒနာရရှိစေကာ မစစ်ဆေးဘဲထားရင် မျက်စိအမြင်အာရုံချို့တဲ့တာကိုတောင် ဖြစ်စေနိုင်တယ်လို့ မျက်စိအထူးကု အိုဘရိုင်ယန်က ဆိုပါတယ်။

မျက်စိစစ်ဆေးတာက အဆစ်ရောင်နာကိုတောင် သိရှိစေပါတယ်။ ဒါကြောင့် မျက်စိအထူးကု ဆရာဝန်တွေက အသက် ၇၀ ကျော်အရွယ်နဲ့ မျက်စိဝေဒနာရှိသူတွေကို နှစ်နှစ်တစ်ကြိမ် မျက်စိစစ်ဆေးမှု ခံယူဖို့အကြံပြုလေ့ရှိပါတယ်။ အသက် ၁၆နှစ်နဲ့ အထက် ကလေးတွေကတော့ တစ်နှစ်တစ်ခါ မျက်စိကျန်းမာရေးစစ်ဆေးသင့်ပါတယ်။

(၄) စမတ်ဖုန်းကို စိုက်ငေးကြည့်ခြင်း

ကွန်ပျူတာ စကရင်၊ တီဗီ၊ စမတ်ဖုန်း စတာတွေကို နာရီပေါင်းများစွာ စိုက်ငေးတာက မျက်စိကျန်းမာရေးအတွက် မကောင်းပါဘူး။ အထူးသဖြင့် စမတ်ဖုန်းတွေသုံးတဲ့အခါ မျက်တောင် မခတ်တမ်း ကြည့်တတ်တဲ့အတွက် မျက်စိကျန်းမာရေးထိခိုက်စေနိုင်တာကြောင့် ဆင်ခြင်သင့်ပါတယ်။

(၅) ဆေးလိပ် ပုံမှန်သောက်သည့် အကျင့်ရှိခြင်း

ဆေးလိပ်သောက်တာက ခန္ဓာကိုယ်ကျန်းမာ ရေးထိခိုက်စေသလိုပဲ မျက်စိကိုလည်း ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တာက အတွင်းတိမ်ရောဂါနဲ့ အသက်ကြီးလို့ဖြစ်တဲ့ မက်ကူလာယိုယွင်းထိခိုက်မှုဖြစ်နှုန်းကို တိုးစေပါတယ်။

(၆) နေကာမျက်မှန်တပ်ရန် မေ့လျော့ခြင်း

နေပူချိန်မှာ ခရမ်းလွန်ရောင်ခြည်အဆင့် မြင့်မားတာကြောင့် နေကာမျက်မှန်တပ်ဖို့ မမေ့သင့်ပါဘူး။ နေပူထဲကို နေကာမျက်မှန်မပါဘဲထွက်ရင် မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ နေကာမျက်မှန် တပ်ဆင်ရာမှာလည်း ခရမ်းလွန်ရောင်ခြည် ထိုးဖောက်ဝင်ရောက်နိုင်ခြေ အနည်းဆုံးဖြစ်တဲ့ မျက်မှန်အမျိုးအစားကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဒက်ကို မကြာခဏ ထိတွေ့ရတာက အတွင်းတိမ်ရောဂါ၊ အသက်ကြီးလို့ဖြစ်တဲ့ မက်ကူလာယိုယွင်းထိခိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး အမြင်အာရုံ ဝေ၀ါးစေနိုင်ပါတယ်။

(၇) ပန်ကာ သုံးခြင်း

တစ်ညလုံး ပန်ကာဖွင့်ပြီး အိပ်တာက မျက်စိကျိန်းစပ်မှုဖြစ်စေပြီး မျက်စိခြောက်သွေ့စေနိုင်ပါတယ်။ အထူးသဖြင့် မျက်ကပ်မှန်တပ်ဆင်သူတွေမှာ ပိုဆိုးတတ်ပါတယ်။ ပန်ကာက မှုတ်ထုတ်လိုက်တဲ့ ဖုန်မှုန့်နဲ့ဝတ်မှုန်တွေက မျက်စိဆီကို တိုက်ရိုက်ရောက်လာပြီး မနက်မိုးလင်းချိန်မှာ မျက်စိကျိန်းစပ်တာနဲ့ မသက်မသာဖြစ်တာတို့ ခံစားရတတ်ပါတယ်။ ညအိပ်တဲ့အခါ ပန်ကာကို သင့်ဆီမရောက်ဘဲ အခန်းဝန်းကျင်ကိုပဲ အေးအောင် လှည့်ထားပါ၊ အိပ်စက်တဲ့အခါ တပ်ရတဲ့ Sleep Mask တပ်ပြီး အိပ်စက်ပါ။

(၈) မျက်စဉ်း အလွန်အကျွံခတ်ခြင်း

မျက်စဉ်းအလွန်အမင်းခတ်တာကလည်း မျက်စိကို ထိခိုက်စေနိုင်ပါတယ်။ ရာသီဥတုအေးတာကြောင့် မျက်စိခြောက်နေရင် ရေသောက်ပါ၊ ဗီတာမင်အေ၊ ဗီတာမင်အီးနဲ့ ဗီတာမင်စီပါဝင်မှုများတဲ့ အစာတွေကို စားပေးပါ။ အိုမီဂါ ၃ ဖက်တီးအက်စစ် များများစားပေးပါ။ မျက်စဉ်းဆေးခတ်ရာမှာ တာရှည်ခံပစ္စည်း (Preservatives) ပါဝင်တဲ့ မျက်စဉ်းဆေးကို ရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top