Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်က ဖောလစ်အက်စစ် ပိုလိုအပ်နေကြောင်းပြသသည့် လက္ခဏာ ၇ ရပ်

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အမေရိကန်ဆေးပညာတက္ကသိုလ်ရဲ့ လေ့လာမှုအရအရွယ်ရောက်သူတွေက တစ်နေ့မှာ ဖောလစ်အက်စစ် ၄၀ဝ မိုက်ခရိုဂရမ်ကို မှီဝဲသင့်တယ်လို့ သိရပါတယ်။ ဖောလစ်အက်စစ်က ဒီအင်န်အေကို ပြန်လည်ပြုပြင်ပြီး သွေးနီဥထုတ်လုပ်မှုမှာ ကူညီပါတယ်။ သင့်ခန္ဓာကိုယ်က ဖောလိတ်ချို့တဲ့နေရင် သွေးအားနည်းရောဂါတောင် ဖြစ်နိုင်ပါတယ်။


(၁) တွေးခေါ်မြော်မြင်နိုင်စွမ်း ပြဿနာရှိခြင်း

ဖောလစ်အက်စစ်က သင့်ဗဟိုအာရုံကြောစနစ်အတွက် အလွန်အမင်းအရေးကြီးပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဖောလိတ်ချို့တဲ့ရင် စိတ်ကျရောဂါခံစားရနိုင်တယ်၊ အာရုံစိုက်နိုင်စွမ်းခက်ခဲတယ်၊ မေ့လွယ်တယ်၊ စိတ်လှုပ်ရှားလွယ်တယ်။ ဒါကို အလုံအလောက် ကုသမှုမခံယူရင် ဖောလိတ်မှီဝဲမှု မလုံလောက်ရာက အယ်လ်ဇိုင်မားရောဂါ၊ သူငယ်ပြန်ရောဂါတို့လို ရောဂါတွေဖြစ်နိုင်ခြေကို တိုးစေပါတယ်။


(၂) ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း

ဖောလိတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါပြင်းထန်တဲ့ အခြေအနေတွေမှာ ဦးနှောက်ကရှိသင့်တာထက် အောက်ဆီဂျင်ရရှိမှု လျော့နည်းသွားပါတယ်။ အဲဒီအချိန်မှာ ဦးနှောက်ထဲက သွေးလွှတ်ကြောတွေ စတင်ရောင်ရမ်းလာပြီး ခေါင်းကိုက်လာပါတယ်။ ဦးနှောက်တင်မက ရင်ဘတ်နဲ့ ခြေထောက်တွေမှာပါ အောက်ဆီဂျင်ချို့တဲ့လာပြီး နာကျင်မှု ခံစားလာရနိုင်ပါတယ်။


(၃) အသားအရေ ဖျော့တော့ခြင်း

သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင်က အဆုတ်ကနေ ကိုယ်ခန္ဓာတစ်သျှူးအားလုံးဆီ အောက်ဆီဂျင် ရောက်ရှိစေပါတယ်။ သင့်ခန္ဓာကိုယ်က ဖောလိတ်ချို့တဲ့ရင် သွေးနီဥအလုံအလောက်မရှိတော့ ကိုယ်တွင်းအင်္ဂါတွေမှာ အောက်ဆီဂျင်အလုံအလောက်ရရှိမှု လျော့နည်းလာပါတယ်။ အဲဒီအခါ ကြွက်သားအားနည်းတာ၊ နုံးချည့်ညောင်းညာတာ၊ လက်နဲ့ခြေထောက် ထုံကျဉ်တာနဲ့ အသားအရေ ဖျော့တော့တာတို့ ဖြစ်တတ်ပါတယ်။


(၄) အသက်ရှူ မဝခြင်း

အသက်ရှူမဝသလိုခံ စားရရင် သင့်ကိုယ်ထဲ သွေးနီဥနည်းပြီး အောက်ဆီဂျင်အဆင့် လျော့နည်းနေတာကြောင့်လို့ ထင်ပါတယ်။ ဒီလက္ခဏာနဲ့အတူ နှလုံးခုန်နှုန်းမြန်တာ၊ ခေါင်းကိုက်တာနဲ့ နုံးတာတွေဖြစ်တတ်ပါတယ်။


(၅) အစာခြေလမ်းကြောင်း ပြဿနာရှိခြင်း

ပျို့ချင်အန်ချင်စိတ်ဖြစ်တာ၊ အန်တာ၊ ဗိုက်အောင့်တာ၊ အစာစားပြီးတာနဲ့ ဝမ်းပျက်တာစတဲ့အစာ အိမ်အူလမ်းကြောင်းဝေဒနာတွေက ဖောလစ်အက်စစ်ချို့တဲ့တဲ့အခါ ပထမဆုံးဖြစ်ပေါ်တတ်တဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ပြင်းထန်လာရင် ကိုယ်အလေးချိန်ကျနိုင်ပါတယ်။


(၆) ခံတွင်းအနာနှင့် လျှာရောင်ရမ်းခြင်း

ဖောလိတ်ချို့တဲ့မှု ပြင်းထန်တဲ့အခါ ခံတွင်းအနာဖြစ်တာ၊ လျှာရောင်ရမ်းတာ၊ လျှာနီမြန်းတောက်ပြောင်တာ စတာတွေဖြစ်တတ်ပါတယ်။


(၇) အရသာခံစားနိုင်စွမ်း လျော့ကျခြင်း

လေ့လာမှုတချို့အရ ခံတွင်းအနာအပြင် ဖောလစ်အက်စစ်ချို့တဲ့မှုကြောင့် အစာကို အရသာခံနိုင်စွမ်း ခက်ခဲလာတယ်လို့ သိရပါတယ်။ အရသာခံဌာနက ဦးနှောက်ဆီကို သတင်းအချက်အလက် မပို့နိုင်တော့တာကြောင့် ဖြစ်ရတာပါ။


ဖောလိတ်ချို့တဲ့မှုကို ဘယ်လိုကုသကြမလဲ

ဖောလိတ်ချို့တဲ့မှုကိုဖြေရှင်းနိုင်တဲ့ အလွယ်ဆုံးနည်းက အစားအသောက်ပါပဲ။ ဖောလိတ်အလုံအလောက်ရဖို့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ကညွတ် စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ များများစားသင့်ပါတယ်။ အချဉ်အရသာရှိတဲ့ သစ်သီး၊ ပဲအမျိုးမျိုး၊ မှို၊ ကောက်နှံတစ်ခုလုံးအစာ စတာတွေစားရင် ဖောလိတ် ပိုရရှိနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top