Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်သူများ သိကောင်းစရာ အလှအပထိန်းသိမ်းနည်းအဖြာဖြာ

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးတွေအများစုက ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရေ အထူးကြည်လင်တောက်ပနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလဟာ သင့်အသားအရေ၊ အသားအရောင်နဲ့ ဆံပင်သားတွေ ပြောင်းလဲမှုဖြစ်ပေါ်တတ်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအဆင့်မြင့်တက်လာပြီး သွေးထုထည်လည်း များလာလို့ပဲဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေကြောင့် ဆံပင်တွေထူထဲစိုပြည်လာနိုင်သလို ခြောက်သွေ့နေတဲ့ အရေပြားကလည်း စိုပြည်လာနိုင်ပါတယ်။ ဒီလို အပြောင်းအလဲကြားမှာ ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်လုံး လှပကြည့်ကောင်းနေစေဖို့ ထိန်းသိမ်းသင့်တဲ့ နည်းလမ်းတွေရှိနေပါတယ်။


– ပန်းကန်ဆေးသော လက်များ

လက်အိတ်မစွပ်ဘဲ တစ်နာရီခန့် အိုးခွက်ပန်းကန်တွေကို ဆေးကြောလိုက်မယ်ဆိုရင် ချောမွတ်ပြီး အပြစ်ကင်းနေတဲ့ လက်တွေက နီမြန်းပြီး အသားပပ်ရာ၊ အက်ကွဲရာတွေ ပေါ်လာပါလိမ့်မယ်။ ခြေဖျားလက်ဖျားတွေမှာ သွေးလှည့်ပတ်စီးဆင်းမှုမြင့်တက်မှုကြောင့် နီမြန်းရတာဖြစ်ပြီး ရေနဲ့ဆပ်ပြာတွေ ထိတွေ့မှုကြောင့် အသားအရေခြောက်သွေ့ပျက်စီးရတာဖြစ်ပါတယ်။ ဒါကြောင့် အေးတဲ့ရာသီမှာ လက်အိတ်ဝတ်ပြီး အိုးခွက်ပန်းကန်တွေကိုဆေးကြောပါ။ လက်ဆေးပြီးတိုင်း လက်လိမ်းခရင်မ်လိမ်းပါ။


– ရောင်ခြယ်ပစ္စည်း အထွက်များခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ မျက်နှာပေါ်က အမည်းစက်တွေက ညတွင်းချင်း မည်းနက်လာတတ်သလို မျက်နှာပေါ်မှာ အမည်းကွက်တွေလည်း စတင်ပေါ်လာတတ်ပါတယ်။ ဒါကို ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့ ခေါ်ကြပါတယ်။ ဒါက အီစထရိုဂျင်ဟော်မုန်း မြင့်တက်တာကြောင့် မယ်လနင်လို့ခေါ်တဲ့ အသားအရောင်ရင့်စေတဲ့ဆဲလ် (Melanocytes) အထွက်များလာလို့ပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတချို့မှာဖြစ်တတ်ပြီး ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေကာခရင်မ်ကို လိမ်းဖို့အရေးကြီးပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာတောင် နေကာခရင်မ်လိမ်းသင့်ပါတယ်။


– ပန်ဒါဝက်ဝံကဲ့သို့ မျက်ဝန်းညိုခြင်း

မျက်ကွင်းညိုတာက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဖြစ်နေကြတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးတတိယသုံးလပတ်မှာ ကောင်းကောင်းအိပ်မောကျနိုင်ဖို့ သက်သောင့်သက်သာအနေအထားမျိုး ပြောင်းရခက်ခဲတာကြောင့်ပါ။ မျက်ကွင်းညိုနေတာကို ကုသနိုင်ဖို့ကတော့ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့ပါပဲ။ မျက်ကွင်းညိုတာ အမြန်ပျောက်ချင်ရင် ရေအေးဝတ်ကို မျက်ဝန်းပေါ်တင်ပြီး မိနစ်အနည်းငယ်ထားဖို့ပါ။ မျက်ဝန်းအောက်မှာ ကွန်ဆဲလ်လာ အစက်အနည်းငယ်လိမ်းပေးတာကလည်း မျက်ကွင်းညိုတာကို လျော့ကျစေပါတယ်။


– မျက်အိတ်ဖောင်းခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ရေကို စုဆောင်းမှု အဖြစ်များပါတယ်။ အကြောင်းကတော့ ကြီးထွားလာတဲ့ ကလေးရဲ့အလေးချိန်က ဝမ်းဗိုက်နဲ့ ခြေထောက်သွေးကြောတွေပေါ် ဖိအားသက်ရောက်နေလို့ပါ။ ဒါကြောင့် မျက်အိတ်ဖောင်းပြီး မျက်နှာအရေပြားတွေ တင်းနေတတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ထိုင်တဲ့အခါတိုင်း ခြေထောက်ကို ခုံပုပေါ်တင်ထားသင့်ပါတယ်။ ဒါ့အပြင် မျက်ဝန်းပေါ်ကို ရေခဲအိတ်တင်ပေးပါ။


– မျက်နှာပေါ်တွင် အမည်းစက်များနှင့် ဝက်ခြံပေါက်ခြင်း

သွေးလှည့်ပတ်မှုကောင်းတာက ချွေးပေါက်တွေကိုပိတ်ဆို့စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသန့်စင်မှုကို အထူးဂရုစိုက်သင့်ပါတယ်။ “ညတိုင်း မိတ်ကပ်တွေကို သန့်စင်ပြီး တစ်ပတ်မှာအနည်းဆုံးနှစ်ကြိမ် ကြေးချွတ်ပေးပါ။ သင့်အသားအရေက ခြောက်သွေ့နေရင် အသားအရေကို ပိုထိန်းသိမ်းဖို့လိုပါတယ်”လို့ ကျွမ်းကျင်သူတွေက အသိပေးထားပါတယ်။


– ဗိုက်ကြောပြတ်ရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်ရာ ထင်နှုန်းများပါတယ်။ အရေပြားက စိုပြည်နေရင် အကြောပြတ်ရာဖြစ်နိုင်ခြေ လျော့ကျနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ အနီရောင်အရေးကြောင်းတွေက ကလေးမွေးပြီးချိန်မှာ တဖြည်းဖြည်းဖျော့တော့ကာ ပင်ကိုအတိုင်း ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန် အရေပြားတင်းအားကောင်းစေဖို့ Cocoa Butter ပါတဲ့ ခရင်မ်ကို လိမ်းပေးဖို့လိုပါတယ်။


– ချိုင်းမွေး၊ ခြေသလုံးမွေးနုတ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားက ထိခိုက်လွယ်တာကြောင့် အမွေးနုတ်တဲ့အခါ ပိုမိုနာကျင်တတ်ပါတယ်။ ဖယောင်းသွင်းပြီး အမွေးနုတ်တာက အမွေးအရောင်ချွတ်တာ၊ အမွေးကျွတ်ခရင်မ်လိမ်းတာထက် ဓာတုပစ္စည်းနဲ့ ထိတွေ့မှု ပိုလျော့နည်းပါတယ်။


– ဆံပင်ဆေးဆိုးခြင်း

ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလအတွင်းမှာ ဆံပင်အရောင်ဆိုးတာကိုမလုပ်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလ သုံးလကျော်ရင် သတိထားပြီး ဆံပင်ဆေးဆိုးနိုင်ပါတယ်။ ဦးရေပြားနဲ့ ဆံပင်အရောင်ကို မထိတွေ့မိပါစေနဲ့။ ဆံပင်ဆိုးဆေးထဲကပါဝင်ပစ္စည်းတွေဟာ ဦးရေပြားမှတစ်ဆင့် သွေးကြောထဲကို ရောက်ရှိနိုင်လို့ပါ။ ဒန်းဆေး (Henna)နဲ့ ဆံပင်ဆိုးတာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် သင့်တော်တဲ့ နည်းဖြစ်ပါတယ်။

စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top