Healthy Life Ad
Health Tips

မျက်စိကို စစ်ဆေးသင့်သော ထိပ်တန်းအကြောင်းပြချက် လေးရပ်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

လူအများစုက မျက်စိစစ်ဆေးမှုရဲ့ အရေးပါပုံကိုသိရှိပေမယ့် သိပ်အလေးမထားတတ်ကြပါဘူး။ ဒါကြောင့် လူတွေက ကိုယ်ခန္ဓာကျန်းမာရေးအတွက် တစ်နှစ်တစ်ကြိမ်စစ်ဆေးမှုနဲ့ သွား၊ ခံတွင်းကျန်းမာရေးအတွက် ခြောက်လတစ်ကြိမ်စစ်ဆေးမှုတွေကို ပြုလုပ်သလိုမျိုး မျက်စိကျန်းမာရေးအတွက်လည်း ပုံမှန်စစ်ဆေးဖို့လိုပါတယ်။ ဒါကြောင့် မျက်စိကို တစ်နှစ်တစ်ကြိမ်စစ်ဆေးမှုပြုလုပ်သင့်တဲ့ အကြောင်းရင်းလေးရပ်ကို ဖော်ပြလိုက်ပါတယ်။

(၁) အမြင်အာရုံ ပုံမှန်ရှိရဲ့လား

မျက်စိအမြင်က ပုံမှန်ရှိ၊မရှိ သိနိုင်ဖို့ရာအတွက် ပုံမှန်စမ်းသပ်စစ်ဆေးမှုကိုခံယူဖို့ အရေးကြီးပါတယ်။ စိတ်ပျက်စရာကောင်းလောက်အောင် ခေါင်းကိုက်တာ၊ တစ်ကိုယ်လုံး ညောင်းညာနုံးချိနေတာ၊ ဇက်ကြောတက်နေတာစတာတွေ အားလုံးက အမြင်အာရုံကိုပုံမှန်ဖြစ်အောင် ဂရုစိုက်ဖို့လိုအပ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့မှာ ကွန်ပျူတာသုံးချိန် နှစ်နာရီကျော်ပြီး သုံးတဲ့အချိန်မှာ မျက်စိကို လုံးဝ အနားမပေးဘဲ မရပ်မနားသုံးတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီဝေဒနာကိုတော့ ကွန်ပျူတာနှင့် အမြင်ဆိုင်ရာရောဂါစု(Computer Vision Syndrome)လို့ ခေါ်ပါတယ်။ ဒီရောဂါစုကို ခံစားရရင် ခေါင်းကိုက်တာ၊ အာရုံစူးစိုက်ရခက်တာ၊ နှစ်ထပ်မြင်တာ၊ မျက်စိပူစပ်ပူလောင်ဖြစ်တာ၊ အမြင်ဝေ၀ါးတာ၊ အလင်းရောင်ကို ခံနိုင်ရည်နည်းတာ၊ လည်ပင်းနဲ့ ပခုံးနာတာတွေဖြစ်နိုင်ပါတယ်။ ဒီဝေဒနာက ကွန်ပျူတာသုံးချိန် နာရီဝက်ကြာတိုင်း မျက်လုံးကို သုံးစက္ကန့်ခန့် စုံမှိတ်ပေးတာနဲ့သက်သာနိုင်ပါတယ်။

(၂) မျက်စိရောဂါများ ရှိနေသလား

ပြင်းထန်တဲ့ မျက်စိရောဂါအများစုက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ရေတိမ်အများစုဟာ မျက်စိအမြင်ဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ အသံတိတ် မျက်စိရောဂါဖြစ်ပါတယ်။ မက်ကူလာယိုယွင်းပျက်စီးတာနဲ့ အတွင်းတိမ်ရောဂါတွေက တဖြည်းဖြည်းနဲ့ဖြစ်လာပေမယ့် အမြင်အာရုံပြောင်းလဲလာတာ ကို သတိမမူမိတာမျိုး ဖြစ်တတ်ပါတယ်။ ဆီးချို သွေးချိုရောဂါကြောင့် မျက်စိထိခိုက်မှုက ဆီးချိုရောဂါရှိသူတွေမှာအဖြစ်များပါတယ်။ မျက်စိရောဂါတွေကို စောစောသိအောင် ရှာဖွေစစ်ဆေးတာက အမြင်အာရုံကျန်းမာနေဖို့အတွက် အရေးပါပါတယ်။

(၃) ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာရှိနေသလား

ကလေးတွေမှာ အမြင်အာရုံပြဿနာတွေ ဖြစ်ရင် လေ့လာနိုင်စွမ်းနဲ့ စာပေဖတ်ရှုနိုင်စွမ်းမှာ အခက်အခဲတွေတွေ့ရတတ်ပါတယ်။ ကြာလာတဲ့ အခါကလေးတွေရဲ့ မျက်စိဖွံ့ဖြိုးမှုက ပုံမှန်မဟုတ်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဒီလို မျက်စိဝေဒနာတွေကို အသက်ငယ်ငယ်အရွယ်မှာ ကုသမှုခံ ယူဖို့လိုပါတယ်။ တကယ်လို့ စောစောကုသမှုမခံယူရင်တာရှည်အမြင်ဆုံးရှုံးမှုကို ဖြစ်စေနိုင်လို့ပါ။

(၄)နည်းပညာသစ်တိုးတက်နေပြီလား

မျက်စိဆရာဝန်နဲ့ ပြသဖို့လိုတဲ့ နောက်ထပ်အကြောင်းရင်းက မျက်မှန်၊ မျက်ကပ်မှန်၊ နေကာမျက်မှန်တွေနဲ့ပတ်သက်ပြီး ခေတ်မီနည်းပညာတွေအကြောင်းကို သိနားလည်အောင်ဖြစ်ပါတယ်။ မျက်မှန်နဲ့ပတ်သက်ပြီး အစင်းရာမထင်တဲ့၊ အလင်းမပြန်တဲ့ မှန်အမျိုးအစားတွေ ပေါ်နေပြီလား၊ နေကာမျက်မှန်နဲ့ပတ်သက်ပြီး နေဒဏ်ကိုလည်း အပြည့်အဝကာကွယ်မှုပေးနိုင်ကာ နောက်ဆုံးပေါ်ဖက်ရှင်ရှိနေပြီလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top