Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန်ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၃)

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း
ယခင်တစ်ပတ်မှအဆက်

ကလေးမွေးပြီး ဆီးချိုထိန်းရတဲ့အခါ

မိခင်တွေက ကလေးမွေးပြီးတော့ ဆီးချိုဖြစ်လို့ ဆေးတွေသောက်တယ်၊ အစားအသောက်နဲ့ ထိန်းတယ်ဆိုတော့ ကလေးကို နို့တိုက်တဲ့အခါ ကလေးက
အာဟာရလုံလုံလောက်လောက် မရတာမျိုးဖြစ်နိုင်လားလို့ တွေးပူတတ်ကြပါတယ်။ အဲဒီလိုမျိုးတော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ မိခင်ကို အချိုမပါတဲ့ အစားအစာကလွဲလို့ ကျန်တဲ့အသားဓာတ်တွေ၊ ဟင်းသီးဟင်းရွက်တွေ အများကြီး ကျွေးနိုင်လို့ဖြစ်ပါတယ်။ ကစီဓာတ်ရှောင်ရမယ်ဆိုတော့ ထမင်းနည်းနည်း လျှော့စားရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ (Healthy Foods) တွေပဲ ဆက်စားပေးရင် ကလေးက အာဟာရမရဘူးဆိုတာ မဖြစ်နိုင်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန် အလွန်အမင်းတက်ခြင်းနှင့် ဆီးချို ရောဂါ

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် တအားတက်လာတယ်ဆိုရင် ဆီးချို မဖြစ်ဘူးဆိုတာ တော်တော်ရှားပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပေါင်၄၀အထိသာ အများဆုံးတက်ရပါမယ်။ ပေါင် ၃၀-၃၅ပေါင်လောက်တက်တာတော့ ပုံမှန်ပါပဲ။ ပထမကိုယ်ဝန်သုံးလပတ်မှာ ကိုယ်အလေးချိန် သိပ်မတက်ပေမယ့် ဒုတိယကိုယ်ဝန်သုံးလပတ်မှာတော့ တက်လာပါပြီ။ ဒီနေရာမှာ ကိုယ်အလေးချိန် ပေါင်၄၀ လောက်တက်တာကတော့ ကိစ္စမရှိပေမယ့် ပေါင် ၈၀ တက်လာတာတော့ ဆီးချိုရောဂါဖြစ်မှာ သေချာပါတယ်။ ဒါကြောင့် ကိုယ်ပြနေကျ ဆရာဝန်ကို သေချာပြောပြရပါမယ်။

တချို့ကျတော့ ကိုယ်ဝန်စဆောင်ချိန်ကတည်းက ဆရာဝန်နဲ့မပြဘဲ မွေးဖွားခါနီးမှ ပြတာမျိုး ရှိပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ့်ကိုယ်အလေးချိန်မြင့်တက်နှုန်းက တစ်လအတွင်း လေးပေါင် ထက်ကျော်ပြီဆိုရင်တော့ သတိထားသင့်ပါတယ်။ ၁၀ပေါင်တို့၊ ၁၅ပေါင်တို့ တက်လာပြီဆိုရင် ဆရာဝန်ကို ချက်ချင်းပြသပြီး ဆီးချို ရောဂါရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။

အမြွှာကိုယ်ဝန်ဆောင်တဲ့ မိခင်ဆိုရင် ကိုယ်အလေးချိန် ဘယ်လောက်တက်သင့်သလဲ

အမြွှာကိုယ်ဝန်ဆောင်မိခင်ကတော့ ပေါင်၄၀- ၄၅ ပေါင်လောက်အထိ တက်လို့ရပါတယ်။

ဆီးချိုရှိတဲ့မိခင်က မွေးတဲ့ကလေးက တစ်လ၊ နှစ်လအတွင်း ဆီးချိုရောဂါ ဖြစ်နိုင်ပါသလား။

မဖြစ်နိုင်ပါဘူး။ အသက်ကြီးလာမှ အဝလွန်တာနဲ့ဆက်စပ်ပြီး ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ပါတယ်။ သူ့မှာက သွေးတွင်းသကြားဓာတ် နည်းတောင်နည်းနေပါသေးတယ်။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်တာနဲ့ သွေးတိုးရောဂါကော ဆက်စပ်မှု

ကိုယ်ဝန်ရှိချိန် ဆီးချိုဖြစ်သူက သွေးတိုးနိုင်ပါတယ်။နောက်ပြီး သွေးဆိပ်တက်တာ (Preclamsia) လည်းဖြစ်နိုင်ပါတယ်။ ဒါကိုအထူးသတိထားရပါမယ်။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါအကြောင်း ထပ်မံ အကြံပြုချက်

ပထမကိုယ်ဝန်ရလို့ ဆီးချိုရောဂါ ဖြစ်သွားတဲ့အခါ ဒုတိယကိုယ်ဝန်ဆောင်ရင် ဆီးချိုသွေးချိုရောဂါ ပြန်ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ဒီတော့ ပထမကိုယ်ဝန်မှာ ဆီးချိုရောဂါ ရှိခဲ့တယ်ဆိုရင် ဒုတိယ ကိုယ်ဝန်မရခင် ကြားကာလမှာ တော်တော်လေးထိန်းချုပ်လုပ်ရမှာပါ။ အစားအစာတွေ၊ ဆေးတွေနဲ့ သေချာမထိန်းနိုင်ဘူးဆိုရင် ဒုတိယ ကိုယ်ဝန်မှာ ပြန်ဖြစ်နိုင်ပါတယ်။

ကျန်းမာရေးကောင်းအောင် ကိုယ်ဝန်ဆောင်တစ်လျှောက်မှာ

(၁) ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားပေးပါ။

(၂) တစ်ရက်ကို နာရီဝက်လောက်လမ်းလျှောက်တာမျိုး၊ လှုပ်ရှားမှုတွေပြုလုပ်ပေးပါ။

(၃) ကျွမ်းကျင်နဲ့ ဆရာဝန်တဲ့တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်ချိန်ကို အကောင်းဆုံး ကျော်ဖြတ်သင့်ပါတယ်။

See More

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၁)

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၂)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top