Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၂)

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

– ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိရင် ကလေးကိုရော ထိခိုက်နိုင်သလား

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိတာကို မသိလိုက်လို့ ကုသမှုမခံယူလိုက်ရဘူးဆိုရင် ကလေးမှာ ပုံမှန်မဟုတ်တာတွေဖြစ်ပြီး မွေးလာတတ်ပါတယ်။ ဥပမာ Bifida လိုမျိုး ရောဂါဖြစ်ပြီး မွေးလာတတ်ပါတယ်။ နောက်ပြီး ကလေးမွေးပြီးပြီးချင်း ကလေးသေဆုံးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အကယ်၍ မွေးပြီးလို့ ရှင်လာရင် အဲဒီကလေးမှာ ပြဿနာလေးတွေတော့ ရှိလာပါတယ်။ အဆုတ်နဲ့ဆိုင်တဲ့ရောဂါတွေ ဥပမာ-အသက်ရှူခက်ခဲတာမျိုး၊ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်တယ်။ မြို့မှာဆိုရင်တော့ ဒီလိုကလေးမျိုးမွေးလာရင် ကျွမ်းကျင်တဲ့ဆရာဝန်တွေက ကလေးကို ဂရုတစိုက်ကောက်တာကြောင့် ကုသမှုတွေ ချက်ချင်းခံယူနိုင်ပေမယ့် မြို့နဲ့ဝေးတဲ့နေရာတွေမှာတော့ ကလေးကို ဆရာဝန်ဆီ ချက်ချင်းသွားပြဖို့ လိုပါတယ်။

– ကိုယ်ဝန်ရှိချိန် ဆီးချိုရောဂါမဖြစ်အောင် ကိုယ်ဝန်မဆောင်ခင် ကြိုတင်ကာကွယ်သင့်တာတွေ . . .

ဆီးချိုရောဂါ မဖြစ်ရအောင် အခုနောက်ပိုင်း ကိုယ်ဝန်ယူတော့မယ်ဆိုရင် HBA1C ကို စစ်ဆေးသင့်ပါတယ်။ ဒီအဖြေကို ကြည့်ပြီးမှ ဒီကလေးကို ကိုယ်ဝန်ဆောင်သင့်၊ မဆောင်သင့် စဉ်းစားရမှာဖြစ်ပါတယ်။ ဒီ HBA1C က ရက်ပေါင်း ၉၀အတွင်းမှာဖြစ်တဲ့ မိခင်ရဲ့ဂလူးကို့စ်အဆင့်ကို ပျှမ်းမျှခြင်းအနေနဲ့ တိုင်းတာဖြစ်ပါတယ်။ ကိုယ်ဝန်မရှိခင်ကတည်းက ဖောလိတ်အက်စစ်တွေ ကြိုသောက်ရသလိုပဲ။ HbA1c ကို ကိုယ်ဝန်မယူခင်ကတည်းက စမ်းသင့်ပါတယ်။ အဖြေက< ၆.၁ ရာခိုင်နှုန်းဖြစ်ရပါမယ်။ တကယ်လို့ ဒီ့ထက်များနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆီးချိုရောဂါကို ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်စယူကတည်းက ဆီးချိုကို ကောင်းကောင်းထိန်းချုပ်ထားမယ်ဆိုရင် ကိုယ်ဝန်တစ်လျှောက်လုံး အဆင်ပြေသွားမှာပါ။

– ကိုယ်ဝန်ရှိချိန် နောက်ဆက်တွဲရောဂါတွေ မခံစားရလေအောင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရှိနေတယ်လို့ စမ်းသပ်မိရင် နောက်ဆက်တွဲအနေနဲ့ မျက်စိကိုလည်း စမ်းသပ်ထားဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဆီးချိုဖြစ်လို့ မျက်စိထိခိုက်တာက ရိုးရိုးလူတွေမှာ ဆီးချိုဖြစ်ပြီး မျက်စိထိခိုက်တာထက် ပိုဆိုးပါတယ်။ သာမန်ဆီးချိုဖြစ်တဲ့သူတွေမှာ ၁၀ နှစ်လောက်နေမှ Retinopathy လို့ ခေါ်တဲ့ အမြင်အာရုံ ပျက်စီးဆုံးရှုံးတာမျိုးဖြစ်ရင် ကိုယ်ဝန်ဆောင်အတွင်းမှာ မျက်စိပျက်သွားတာဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဆီးချိုသွေးချို ရှိ၊ မရှိ၊ တက်၊ မတက် တိုင်းတာဖို့က အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုသွေးချိုရှိတဲ့ အမျိုးသမီးတွေက ကလေးမွေးတဲ့အခါ ဖြစ်နိုင်ရင် ဆေးရုံမှာပဲ မွေးသင့်ပါတယ်။ မွေးပြီးတဲ့အချိန်မှာလည်း နှစ်နာရီကနေ လေးနာရီအတွင်းမှာ ကလေးရဲ့ ဖနောင့်ကနေ ကလေးရဲ့ သွေးတွင်းသကြားဓာတ်အဆင့်ကို စမ်းသင့်ပါတယ်။

– ဆီးချိုရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ မီးဖွားတဲ့အခါ ဘာတွေဆောင်ရွက်သင့်ပါသလဲ။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုသွေးချိုရှိတဲ့ အမျိုးသမီးတွေက ကလေးမွေးတဲ့အခါ ဖြစ်နိုင်ရင် ဆေးရုံမှာပဲမွေးသင့်ပါတယ်။ မွေးပြီးတဲ့အချိန်မှာလည်း နှစ်နာရီကနေ လေးနာရီအတွင်းမှာ ကလေးရဲ့ ဖနောင့်ကနေ ကလေးရဲ့ သွေးတွင်းသကြားဓာတ်အဆင့်ကို စမ်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အမေကိုယ်ထဲမှာ သွေးတွင်းသကြားဓာတ်အဆင့် အရမ်းတက်နေတာကြောင့် ကလေးမှာတော့ သွေးတွင်းသကြားဓာတ် တအားနည်းနေနိုင်လို့ စစ်ဆေးရတာဖြစ်ပါတယ်။ တကယ်လို့များ ကလေးမှာ သွေးတွင်းသကြားဓာတ်အဆင့်ကို အရမ်းကျဆင်းနေခဲ့မယ်ဆိုရင် နာရီဝက်အတွင်း ဒီကလေးကိုနို့တိုက်တာ (Feeding) လုပ်ရပါမယ်။ သွေးတွင်းသကြားဓာတ်အဆင့် မြန်မြန်တက်အောင်ပါ။ အဲဒါမှ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကလေးဉာဏ်ရည်မပြည့်တာ၊ နှလုံးရောဂါတို့၊ ဆီးချိုသွေးချိုရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

See More

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၁)

ကိုယ်ဝန်ဆောင်ချိန်ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၃)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top