Healthy Life Ad
Life Style

အိမ်သုံးဆားကို ကျန်းမာရေးနှင့်အညီ စားသုံးနည်း

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. လူတစ်ယောက်ဟာ တစ်နေ့ကို ဆားဘယ်လောက် ပမာဏစားသင့်ပါသလဲ ဆရာ။

ဖြေ. လူတစ်ယောက်က တစ်နေ့ကို ဆား ၂ ဒသမ ၄ ဂရမ်ပဲ စားသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဆိုထားပါတယ်။ ဒီပမာဏက လက်ဖက်ရည်ဇွန်း တစ်ဇွန်း-နှစ်ဇွန်းစာကြား ပမာဏလောက်ပဲ ရှိပါတယ်။

မေး. မြန်မာလူမျိုးတွေရဲ့တစ်နေ့တာ ဆားစားသုံးမှုက ပျမ်းမျှအားဖြင့် ဘယ်လောက်ပမာဏရှိနေပါသလဲ ဆရာ။

ဖြေ. မြန်မာလူမျိုးတွေ တစ်နေ့ကို ဆား ဘယ်လောက်ပမာဏ စားနေသလဲဆိုတာ တိကျတဲ့ အချက်အလက်မရှိပါဘူး။ ဆရာပါမောက္ခဦးတင့်ဆွေလတ်နဲ့ ဆရာတို့ကို မြန်မာနိုင်ငံကိုယ်စားပြုပြီး WHO က ဆားလျှော့ချရေး Data တွေ ဆွဲပါလို့ဆိုတဲ့အတွက် Data တွေ လိုက်ရှာတော့ အာဟာရယူနစ်နဲ့ သတ္တုတွင်းဌာနက လုပ်ထားတဲ့ Data တချို့ကို တွေ့ပါတယ်။ အဲဒီ Data တွေအရ မြန်မာတစ်နိုင်ငံလုံးကိုတော့ ကိုယ်စားမပြုပါဘူး။ အကြမ်းဖျင်းအားဖြင့် မြန်မာတွေက တစ်နေ့ကို ဆားပမာဏ ၁၀-၁၂ ဂရမ် လောက်စားနေတယ်လို့ သိရပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်ကမ္ဘာလုံးကလူတွေ ဆားစားသုံးမှုကလည်း ၁၀- ၁၂ ဂရမ်လောက်ရှိနေတယ်။ တကယ်စားသင့်တဲ့ ဆားအတိုင်းအတာက ၂ ဒသမ ၄ ဆိုတော့ လေးဆနဲ့ငါးဆနီးပါး ပိုစားနေကြပါတယ်။

အကြမ်းဖျင်းအားဖြင့် မြန်မာတွေက တစ်နေ့ကို ဆားပမာဏ ၁၀-၁၂ဂရမ်လောက်စားနေတယ်လို့ သိရပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်ကမ္ဘာလုံးကလူတွေ ဆားစားသုံးမှုကလည်း ၁၀- ၁၂ ဂရမ် လောက်ရှိနေတယ်။ တကယ်စားသင့်တဲ့ ဆားအတိုင်းအတာက ၂ ဒသမ ၄ ဆိုတော့ လေးဆနဲ့ ငါးဆနီးပါး ပိုစားနေကြပါတယ် . . .

မေး. ဆားပါဝင်မှုများတဲ့ အစားအသောက်တွေကို သိပါရစေဆရာ။

ဖြေ. ဆား (Salt)ဆိုတာ ဆိုဒီယမ်တွေပါတယ်။ ဆားမှာတင်မကဘဲ Sodium Monoglutamate ဆိုတဲ့ အချိုမှုန့်တွေထဲမှာလည်း ဆားပါတယ်။ Baking Soda ဆိုတဲ့ ဆော်ဒါမှုန့်တွေထဲမှာလည်း ဆားပါတယ်။

မေး. ဆားစားသုံးမှု လွန်ကဲတာကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါသလဲ ဆရာ။

ဖြေ. ဆားစားသုံးမှု လွန်ကဲတဲ့အတွက်ကြောင့် ကျန်းမာရေးပြဿနာတွေအနေနဲ့ သွေးတိုးရောဂါတွေဖြစ်တတ်တယ်။ သွေးတိုးရောဂါနောက်မှာ လေဖြတ်တာတွေလည်း ပါလာပါတယ်။ အဓိကက သွေးတိုးတာနဲ့ လေဖြတ်တာအပြင် နှလုံးရောဂါတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒါတွေက ဆားစားသုံးမှု လွန်ကဲတဲ့အတွက် ကျန်းမာရေးကို အကြီးအကျယ် ဒုက္ခပေးနိုင်တာတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိုဆိုးတာက ဆားကိုမျိုးစုံစားကြပါတယ်။ ဘယ်လို မျိုးစုံစားသလဲဆိုရင်-

(၁) ဆားအနေနဲ့၊ အိမ်သုံးဆားအနေနဲ့ စားတယ်။ အချိုမှုန့်အနေနဲ့ စားတယ်။

(၂) ငပိ၊ ငါးခြောက်အနေနဲ့ စားတယ်။

(၃) ငံပြာရည်၊ ငပိရည်အနေနဲ့ စားတယ်။

(၄) မြန်မာ့ရိုးရာအစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်တွေမှာလည်း ဆားပမာဏများတယ်။

(၅) ပုစွန်ခြောက်၊ ဆားပေါ့ခြောက်စတာတွေထဲမှာလည်း ဆားတွေပါနေတာပဲ။

ဆိုဒီယမ် (ဆား)ကို ဘယ်ကနေ ရသလဲဆိုတဲ့အရာကို သူများနိုင်ငံတွေမှာ အကုန်တွက်ထားပါတယ်။ အိမ်သုံးဆားကနေ ဘယ်လောက်၊ ငံပြာရည်က ဘယ်လောက်ဆိုပြီး တွက်ထားပေမယ့် ဆရာတို့ နိုင်ငံမှာတော့ အဲဒီလိုတွက်ထားတာ မရှိသေးပါဘူး။

မေး. ဆားပါဝင်မှုများပေမယ့် လူတွေအသိနည်းနေတဲ့ အစားအသောက်တွေကို ပြောပြပေးပါ ဆရာ။

ဖြေ. လူတွေမသိဘဲ ဆားပါဝင်မှုများတဲ့ အစာတွေက ဆားပေါ့ခြောက်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ သရက်သီးသနပ်လို လက်လုပ်ချဉ်တွေနဲ့ အာလူးကြော် စတာတွေဖြစ်တယ်။ ဆားပေါ့ခြောက်ဆိုတာကလည်း တကယ်တမ်းကျတော့ စားသုံးရမယ့် ဆားပမာဏထက်ကို များနေပါတယ်။ လူတစ်ယောက်က တစ်နေ့မှာ ဆား ၂ ဒသမ ၄ ဂရမ်ပဲ စားသင့်ပေမယ့် ခေါက်ဆွဲခြောက်တစ်ထုပ်မှာပါတဲ့ ပမာဏကကို အဲဒီလောက်ဖြစ်နေပြီ။ တစ်နေ့မှာ ခေါက်ဆွဲခြောက်ထုပ် နှစ်ထုပ်စားရင် စားသင့်တဲ့ ပမာဏထက် ကျော်နေပါပြီ။ အိုင်အိုဒင်းဆားထဲမှာလည်း ဆားကပါနေပါတယ်။ လည်ပင်ကြီးရောဂါကို ကာကွယ်ဖို့အတွက် အိုင်အိုဒင်းဆားက လိုအပ်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ဆားတစ်မျိုးပဲဖြစ်တဲ့အတွက် အသင့်အတင့်ပဲ စားသင့်ပါတယ်။

မေး. ဆားဟာ လူ့ခန္ဓာကိုယ်မှာ ဘယ်လိုကောင်းကျိုးပြုနိုင်ပါသလဲ ဆရာ။

ဖြေ. ဆိုဒီယမ်က လူ့ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့အတွက် လိုအပ်တာ မှန်ပါတယ်။ ဆဲလ်အပြင်ဘက် (Extracellular Fluid) မှာ ဆိုဒီယမ်ရှိဖို့လိုပြီး ဆဲလ်အတွင်းဘက် (Intracellular Fluid) မှာ ပိုတက်စီယမ်ရှိဖို့လိုပါတယ်။ ဆားမရှိရင် Hyponatremia ဆိုတဲ့ ဆိုဒီယမ်ဓာတ်နည်းတဲ့ အခြေအနေကြောင့် မူးမေ့တာတို့၊ လဲကျတာတို့ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အတွက် ဆားကမရှိမဖြစ် လိုအပ်တာမှန်ပါတယ်။ ဆေးကုသတဲ့အခါ လူတစ်ယောက်က သတိနည်းနည်းမေ့ချင်တယ်၊ သတိလက်လွတ်ဖြစ်ချင်တယ်၊ ရေဓာတ်ခမ်းခြောက်နေတယ်ဆိုရင် ဆိုဒီယမ်တွေ နည်းနေတာတွေ့ရပါတယ်။ အဲဒီအခါ ဆိုဒီယမ်ကို ပြန်ဖြည့်ရပါတယ်။ ဒါမှ လူနာက သတိပြန်ကောင်းလာပါတယ်။ ဒါပေမဲ့ ဆားကို လိုအပ်တာထက် ပိုမစားမိဖို့တော့ အရေးကြီးပါတယ်။

မေး. ဘယ်လို ရောဂါဝေဒနာတွေရှိရင် ဆားစားသုံးမှုကို လျှော့ချသင့်ပါသလဲ ဆရာ။

ဖြေ. ဖောနေတဲ့ လူနာတွေက ဆားကို လျှော့စားသင့်ပါတယ်။ နှလုံးရောဂါကြောင့် ဖောတယ်၊ ကျောက်ကပ်ရောဂါကြောင့် ဖောတယ်၊ သွေးတိုးရောဂါကြောင့် ဖောတယ်.. အဲဒီလိုလူနာတွေမှာ ဆားကို လျှော့စားလိုက်တာနဲ့ ဖောတာက သိသိသာသာ သက်သာသွားပါတယ်။ သွေးတိုးနေတဲ့သူတွေ ဆား လျှော့စားလိုက်ရင် သွေးပေါင်က 5 mmHg လောက် ကျသွားတယ်လို့ သီအိုရီတွေ ရှိပါတယ်။

မေး. ဆားစားသုံးမှုများတာကြောင့်ဖြစ်တဲ့ အန္တရာယ်ကို ပိုတက်စီယမ်စားလိုက်ရင် လျော့ကျစေတယ်လို့ တချို့က ယူဆကြပါတယ်။ မှန်ပါသလား ဆရာ။

ဖြေ. ဆား(ဆိုဒီယမ်) စားသုံးမှုများတာကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်က ပိုတက်စီယမ်ကို များများစားပေးရင် လျော့နည်းစေတယ်လို့ တချို့က ယူဆကြတယ်။ ဒီလိုတော့ မဟုတ်ပါဘူး။ သူများနိုင်ငံတွေမှာ တစ်ခုရှိတာက ဆိုဒီယမ်ဆားကို အစားထိုးစားသောက်နိုင်ဖို့ ပိုတက်စီယမ်ဆား (Potassium Salt)ဆိုပြီး လုပ်ထားပါတယ်။ ဆိုဒီယမ်စားလိုက်ရင် ရေကိုဆွဲတဲ့ အာနိသင်ရှိတဲ့အတွက်အဆင်မပြေတော့ ဆိုဒီယမ်ကို အစားဖို့အတွက် ပိုတက်စီယမ်ဆား (Potassium Salt)ဆိုပြီး နိုင်ငံခြားမှာ အစားထိုးပြုလုပ်ထားပါတယ်။

ဆရာတို့ WHO ရဲ့ ဖိတ်ကြားချက်အရ သွားခဲ့စဉ်က စင်ကာပူနိုင်ငံက ပိုတက်စီယမ်ဆားတွေကို ပြသခဲ့ပါတယ်။ ဒီလို ဆိုဒီယမ်အစားထိုး ဆားတွေကို လုပ်လိုက်တဲ့အခါ အရသာကတော့ ပြောင်းသွားပါတယ်။ လူတွေက ဆားစားရတဲ့ အရသာကို လိုချင်ကြတဲ့အတွက် ပိုတက်စီယမ်ဆားကို ညွှန်းတဲ့အခါ သိပ်မအောင်မြင်ကြဘူး။ ဈေးကလည်း ပိုကြီးတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ စင်ကာပူမှာရှိတဲ့ ပိုတက်စီယမ်ဆားက အရသာကို တတ်နိုင်သမျှ ဆားနဲ့မကွာအောင်လုပ်ထားတယ်။ ပြီးတော့ ပြည်သူလူထုကို ပညာပေးတယ်။ အတော်ဆုံး စားဖိုမှူးတွေခေါ်ပြီး ပိုတက်စီယမ်ဆားနဲ့ ချက်ထားတဲ့ ဟင်းလျာတွေချက်ပြတယ်။ ဆိုဒီယမ်ဆားနဲ့ချက်တဲ့ ဟင်းလျာတွေနဲ့ယှဉ်ပြီး စင်ကာပူဝန်ကြီးချုပ်ကို ဖိတ်ခေါ်ပြီး မြည်းကြည့်ခိုင်းတယ်။ အရသာက အတူတူပဲဆိုတာ ပြည်သူတွေသိပြီး လက်ခံကျင့်သုံးလာအောင် တီဗီအစီအစဉ်တွေကနေ ပြသပါတယ်။

မေး. မြန်မာလူမျိုးတွေရဲ့ဆားသုံးစွဲမှုကို ဘယ်လိုလျှော့ချဖို့ အစီအစဉ်ရှိပါသလဲ ဆရာ။

ဖြေ. မြန်မာနိုင်ငံမှာ ဆားဘယ်လောက် စားသုံးနေသလဲ၊ ဆားကို ဘယ်နေရာက ရတာလဲဆိုတဲ့ အချက်အလက်တွေကို လေ့လာသိရှိနိုင်အောင် သုတေသနလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ WHO မှာ အစည်းအဝေးတက်တုန်းက မြန်မာနိုင်ငံမှာ လက်ရှိ ဆားစားသုံးမှုပမာဏရဲ့ ၁၅-၃၀ ရာခိုင်နှုန်း လျှော့ချပါ့မယ်လို့လည်း ပြောခဲ့ရပါတယ်။ ဒီလို ဆားစားသုံးမှုလျှော့ချနိုင်ဖို့ အပြောနဲ့တော့ မရနိုင်ပါဘူး။

မြန်မာလူမျိုးတွေက ငါးခြောက်ကြော်၊ ငပိကြော်စတာတွေကို များများစားလေ့ရှိပါတယ်။ ဒါတွေကို ဆင်ခြင်ဖို့လိုပါတယ်။ မြန်မာတစ်နိုင်ငံလုံးကလူတွေ ဆားစားသုံးတဲ့ပမာဏကို အတိအကျ သိဖို့အတွက် Data တွေ ကောက်ပါမယ်။ လူတွေကို မေးလို့မရနိုင်တော့ ဆီးကိုခံပြီး ဆားဘယ်လောက်ပါသလဲဆိုတဲ့ Urinary Salt ကို တိုင်းတာရပါမယ်။ ပြီးတော့ ဆားဘယ်လောက်စားသလဲဆိုတာကို လိုက်မေးရပါမယ်။ အဲဒီလိုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ တစ်နိုင်ငံလုံးက Data တွေကို မရရင်တောင် တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်တဲ့ Data တွေရအောင် လုပ်ပါမယ်။

ပြီးတော့ ဆားက ဘယ်မှာပါနေတာလဲ၊ ဆားအရင်းအမြစ်က ဘယ်ကလဲဆိုတာသိအောင် လိုက်မေးရပါမယ်။ ဆားစားသုံးမှုကို ထိန်းချုပ်ဖို့ဆိုရင် ဆားကုန်သည်ကို ပိတ်လို့လည်းမရဘူး။ အိမ်မှာ ငါးခြောက်လှန်းတာ၊ ငပိလုပ်တာတွေ ရှိနေတော့ ပိတ်ပင်လို့မရဘူး။ ဒီတော့ လူတွေကိုပဲ ပြောရမယ်။ အဓိကက မြန်မာလူမျိုးတွေအဓိကစားတဲ့ ငပိ၊ ငါးခြောက်တွေမှာ ဆားဘယ်လောက်ပါသလဲဆိုတာကို အတိအကျ မသိကြဘူး။ ဒီတော့ ဆားလျှော့စားပါလို့ ပြောနေပေမယ့် ဘယ်လောက်လျှော့စားရမလဲဆိုတာကိုလည်း မသိဘူးဖြစ်နေတယ်။ ဒီတော့ ပြည်သူလူထုတွေအနေနဲ့ အကြမ်းဖျင်းသိထားသင့်တာက ဆားနဲ့ဆားပါဝင်မှုများတဲ့ ငပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့် စတာတွေကို လျှော့စားဖို့ လိုပါတယ်။

မေး. ဆားစားသုံးမှု လွန်ကဲခြင်းနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ သွေးတိုးရောဂါ၊ လေဖြတ်တာတွေကာကွယ်နိုင်ဖို့ ဆားကို လျှော့စားဖို့ တကယ်လိုအပ်ပါတယ်။ ဆားဆိုတဲ့ နေရာမှာ ဆားတစ်မျိုးတည်းတင်မက အချိုမှုန့်တွေ စားတာကိုလည်း လျှော့ချရပါမယ်။ အချိုမှုန့်တွေက သွေးတိုးရောဂါကို တော်တော်ဒုက္ခပေးပါတယ်။ တစ်နေ့မှာ ကိုယ်စားရမယ့် ဆားပမာဏက လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျော်- နှစ်ဇွန်းနီးပါးလောက်ပဲ ရှိပါတယ်။ ဒါကြောင့် ပိုပြီး မစားမိပါစေနဲ့။ ဆားကိုပိုစားလိုက်ရင် သွေးတိုးရောဂါနဲ့ လေဖြတ်တာတွေဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top