Healthy Life Ad
Life Style

သားသမီးရရှိအောင်အမြဲကျန်းမာလန်းဆန်းနေစေဖို့ဘယ်လိုအချိန်မှာ ဘာတွေစားသင့်သလဲ …

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

တစ်နေ့တာလုံး အစာတွေကို အချိန်ကိုက်စားတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနရီဟန်ချက်ညီပြီး စွမ်းအင် အပြည့်ရှိကာ စိတ်ခံစားချက် ကောင်းမွန်နေပါလိမ့်မယ်။

(၁) ပေါင်ချိန်ကြည့်ပါ
ကိုယ်အလေးချိန်နည်းလွန်းတာ ၊ များလွန်းတာက အမျိုးသားသုက်ပိုးအပေါ်မကောင်းတဲ့ သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်များလွန်း၊နည်းလွန်းတာက အမျိုးသားရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်နိုင်စွမ်းအပေါ် ထိခိုက်စေတာကြောင့် ပေါင်ချိန်ကြည့်သင့်ပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အဆီနည်း ပရိုတင်း၊ ကောက်နှံတစ်ခုလုံးအစာ၊ နို့နဲ့နို့ထွက်ပစ္စည်း စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကိုစားပြီး လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာက ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ညီအောင်ထိန်းနိုင်တဲ့အပြင် သုက်ပိုးကျန်းမာရေးကောင်းမွန်စေပါတယ်။

(၂) ဖောလိတ်ဓာတ်များများ စားပါ
ဖောလစ်အက်စစ်ဆိုတာ မိခင်ဖြစ်ချင်သူ အိမ်ရှင်မတွေအတွက်သာ အရေးပါတာ မဟုတ်ပါဘူး။ ဖခင်ဖြစ်ချင်တဲ့ အမျိုးသားတွေကလည်း ဖောလစ်အက်စစ်ပါတဲ့ အစားအသောက်တွေ စားသုံးမှုနည်းတာကြောင့် သုက်ပိုးထဲက ပုံမမှန်ခရိုမိုဇုန်းအဆင့် ပိုများလာတာကို တွေ့ရှိရတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်လေ့လာသူတွေက ဆိုပါတယ်။ ပုံမမှန်ခရိုမိုဇုန်းရှိတဲ့ သုက်ကောင်နဲ့ မမျိုးဥထိတွေ့ပြီး မျိုးအောင်ခဲ့ရင်တောင် ကိုယ်ဝန်ပျက်ကျတာနဲ့ လမစေ့ကလေးမွေးတာတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖောလိတ်ပါဝင်မှုများတဲ့ ပဲသီး၊ အစိမ်းရောင်ဟင်းသီး ဟင်းရွက်၊ ကောက်နှံတစ်ခုလုံးအစာ၊ အချဉ်အရသာရှိတဲ့ သစ်သီးဝလံ၊ ကွေကာ၊ ပေါင်မုန့်၊ ခေါက်ဆွဲ စတာတွေကို စားသုံးပေးပါ။ ဒီလို မစားဖြစ်ရင် တစ်နေ့မှာ ဖောလစ်အက်စစ် ၄၀ဝ မီလီဂရမ်မှီဝဲပေးရပါမယ်။

(၃) အားဆေးမှီဝဲပါ
ကျန်းမာတဲ့သန္ဓေသားပိုင်ဆိုင်ဖို့ အမျိုးသမီးတင်မက အမျိုးသားလည်း အားဆေးမှီဝဲသင့်ပါတယ်။ သုက်ကောင်သန်စွမ်းကျန်းမာပြီး လှုပ်ရှားနိုင်စွမ်းကောင်းစေဖို့ ကလေးယူနေချိန်မှာ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဇင့်(သွပ်)၊ ဆီလီနီယမ်၊ ဗီတာမင်ဘီ ၁၂ တို့ပါတဲ့ အားဆေးကို မှီဝဲပေးရပါမယ်။ ဇင့်က ကျားဟော်မုန်းတက်စတိုစတီရုန်းအဆင့်ကို ပုံမှန်ဖြစ်အောင်ထိန်းပေးပြီး ဆီလီနီယမ်က သုက်ပိုး အရေအတွက် လျော့ကျမှုမဖြစ်အောင် ထိန်းပေးပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ
စီးကရက်သောက်တာက သုက်ကောင်အရေအတွက်ကို လျော့ကျစေပြီး သုက်ပိုးလှုပ်ရှားနိုင်စွမ်းနှေးစေပါတယ်။ သုက်ပိုးတွေရဲ့ ကူးခတ်သွားလာနိုင်စွမ်းကောင်းမွန်ဖို့ ဆေးလိပ်ဖြတ်ပါ။ ကလေးမယူခင် အနည်းဆုံး သုံးလကြိုတင်ပြီး ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်နဲ့ တခြားမူးယစ်ဆေးတွေကလည်း သုက်ပိုးတွေကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ရပါမယ်။

(၅) ဘီယာ၊ အရက်လျှော့သောက်ပါ
အယ်လ်ကိုဟောပါတဲ့ ဘီယာ၊ အရက်စတာတွေကိုမသောက်ဘဲနေတာအကောင်းဆုံးပါ။ အယ်လ်ကိုဟောက သုက်ပိုးထွက်ရှိမှုနည်းစေပြီး သုက်ပိုးပုံ မမှန်တာကို ဖြစ်စေနိုင်ပါတယ်။ မသောက်ရမနေနိုင်ရင် တစ်နေ့မှာ ဘီယာနှစ်ခွက်ပဲ သောက်သင့်ပါတယ်။

(၆) ဆရာဝန်နှင့် တိုင်ပင်ပါ
ကလေးမယူခင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူတာက အောင်မြင်တဲ့ မျိုးအောင်မှုဖြစ်စေသလို ကျန်းမာတဲ့ ကိုယ်ဝန်ပိုင်ဆိုင်ရရှိစေပါတယ်။

(၇) ကဖင်းလျှော့ပါ
ဒင်းနစ်အမျိုးသားတွေရဲ့ လေ့လာမှုအရ သုက်ပိုးအရေအတွက်နဲ့ သုက်ပိုးပမာဏဟာ ဆော်ဒါအချိုရည်နဲ့ကဖင်းမှီဝဲမှုများတဲ့ အမျိုးသားတွေမှာ အနည်းဆုံးဖြစ်နေတတ်တယ်လို့သိရပါတယ်။ ကဖင်း၊ လက်ဖက်ရည်၊ ချောကလက်၊ စွမ်းအားဖြည့်အရည် စတာတွေမှာ ကဖင်းဓာတ်ပါဝင်မှုလျော့နည်းတာကြောင့် ဆင်ခြင်သင့်ပါတယ်။

(၈) စိတ်ဖိစီးမှုမရှိစေသင့်
စိတ်ဖိစီးမှုများတာကြောင့် သုက်ပိုးပုံမမှန်ဖြစ်စေပါတယ်။ အိပ်စက်တာ၊ ကောင်းကောင်းစားတာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာတွေက စွမ်းအင်တိုးစေပြီး စိတ်ဖိစီးမှုလျော့ကျစေပါတယ်။ တစ်ခါတစ်ရံ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေလိုက်ပါ။

(၉)သောက်နေကျဆေးများစစ်ဆေးပါ
ကလေးမယူခင် သောက်နေကျဆေးတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့ဆေးတွေက အမျိုးသားတွေရဲ့သုက်ပိုးပမာဏနဲ့ အရည်အသွေးကို ထိခိုက်စေတာကြောင့် ဆေးပြောင်းသောက်သင့်ရင်သောက်ရပါမယ်။

(၁၀) သုက်ပိုး အေးနေပါစေ
အေးမြတဲ့ အပူချိန်မှာ သုက်ပိုးထွက်ရှိမှုအားကောင်းစေတာကြောင့် ရေပူစိမ်တာ၊ ချွေးထုတ်ခန်း ထဲနေတာတို့ကို ဆင်ခြင်သင့်ပါတယ်။ အဲဒီလိုနေခဲ့ရင်တောင် ၁၅ မိနစ်ထက် ပိုမနေသင့်ပါဘူး။ နောက်တစ်ခုက လက်ပ်တော့ကွန်ပျူတာကို ပေါင်ပေါ်တင်တဲ့အကျင့် ဆင်ခြင်ရမှာပါ။ ဒါကလည်း လိင်အင်္ဂါတစ်ဝိုက် ပူနွေးစေပြီး သုက်ပိုးအရည်အသွေး ထိခိုက်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top