Healthy Life Ad
Health Tips

ကြွက်သားယိုယွင်းထိခိုက်ခြင်း အစောပိုင်းလက္ခဏာ ၈ မျိုး

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ကြွက်သားယိုယွင်းထိခိုက်မှုက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတဲ့ အခြေအနေဖြစ်ပြီး သင့်ခန္ဓာကိုယ်ထဲမှာ ကြွက်သားဆဲလ်ဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။ ကြွက်သားယိုယွင်းထိခိုက်တဲ့ လက္ခဏာတွေက အသေးအမွှားလက္ခဏာအနေနဲ့ စတင်တတ်ပေမယ့် သတိမပြုဘူး၊ ကုသမှုမခံယူဘူးဆိုရင်တော့ အချိန်နဲ့အမျှ ဖြည်းဖြည်းချင်းပိုဆိုးလာပါလိမ့်မယ်။

(၁) ကြွက်သားနာကျင်တောင့်တင်းခြင်း

ကြွက်သားဆဲလ်ဆုံးရှုံးမှုကြောင့် ကြွက်သားအားနည်းတာကို ခံစားရနိုင်ပါတယ်။ ကုလားထိုင်မှာ ထိုင်ရင်း ထလို့ မရတဲ့အခါ၊ ဆံပင်ဖြီးရင်း လက်တွေ မသန်စွမ်းတော့တဲ့အခါ၊ အလေးအပင်ပစ္စည်းတစ်ခုခု မဖို့ အဆင်မပြေတော့တဲ့အခါ ဒီလိုအပြုအမူတွေမှာတောင် ကြွက်သားတွေက နာကျင်တောင့်တင်းနေရင် ဒါက ကြွက်သားယိုယွင်းထိခိုက်မှု အစောပိုင်း လက္ခဏာဖြစ်နိုင်ပါတယ်။

(၂) ခြေသလုံးကြွက်သား ကြီးမားခြင်း

ခြေသလုံးကြွက်သားတွေက အရင်နဲ့မတူဘဲ သိသိသာသာ ကြီးမားလာတာကလည်း ကြွက်သား နာကျင်တောင့်တင်းတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ခြေသလုံးကြွက်သားကြီးမားတောင့်တင်းတာက ယောကျာ်းလေးတွေမှာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ စတင်ဖြစ်နိုင်ပါတယ်။ တချို့သူတွေမှာ မျိုးရိုးအရ ခြေသလုံးတုတ်တာလည်း ရှိပါတယ်။

(၃) ကျောရိုးကောက်ခြင်း

သင့်ကြွက်သားတွေက ကျောရိုးကို ဖြောင့်တန်းအောင်ထိန်းထားနိုင်တဲ့အထိ သန်စွမ်းမှုမရှိရင် နောက်ကျောကုန်းရာကနေ ကျောရိုးကောက်နိုင်ပါတယ်။ ဒီအခြေအနေမှာ ကျောရိုးက ဘယ်အခြမ်း၊ ညာအခြမ်းတွေ အထိကောက်ပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေတောင် ပြောင်းလဲတဲ့အနေအထားဖြစ်လာတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျောရိုးကောက်တာစဖြစ်တတ်ပြီး ယောကျာ်းလေးတွေမှာထက် မိန်းကလေးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ခေါင်းကိုက်တာ၊ ခြေထောက်နာတာတွေအပါအဝင် ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။

(၄) အတွင်းတိမ်ရောဂါ

ကြွက်သားယိုယွင်းထိခိုက်တဲ့သူတွေမှာ မျက်စိပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာက မျက်စိကြွက်သားအားနည်းခြင်း၊ မျက်ခွံတွဲကျခြင်း၊ မျက်စိဖိအား လျော့ကျခြင်းနဲ့ အတွင်းတိမ်ဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အတွင်းတိမ်က ကြွက်သားယိုယွင်းထိခိုက်ရာမှာ အဖြစ်များဆုံး လက္ခဏာတစ်ရပ်ဖြစ်ပြီး မျက်စိအတွင်းထဲ တိမ်ထူထပ်ကာ အမြင်ဝေ၀ါးတာ၊ အရောင်ဖျော့တာ၊ တောက်ပတဲ့ အလင်းရောင်ကို မြင်နိုင်စွမ်းခက်ခဲတာနဲ့ ညဘက် အမြင်အာရုံဆိုင်ရာ ပြဿနာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။

(၅) အသက်ရှူရခက်ခဲခြင်

ကျောရိုးကောက်တာ ပြင်းထန်လာတဲ့အခြေအနေမှာ ရင်ဘတ်ကြွက်သားတွေ ထိခိုက်ပြီး အသက်ရှူခြင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်မှု ခက်ခဲတာနဲ့ ညဘက်အိပ်မပျော်တာ စတဲ့ အသက်ရှူခြင်းဆိုင်ရာအခက်အခဲတွေဖြစ်တတ်ပါတယ်။ ရင်ဘတ်ကြွက်သားအားနည်းတာကြောင့် ချောင်းဆိုးရခက်ခဲပြီး ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့ အန္တရာယ်ဖြစ်နိုင်ပါတယ်။

(၆) စကားပြောခြင်း၊ ကြိတ်ဝါးခြင်းနှင့် မျိုချခြင်းဆိုင်ရာအခက်အခဲများဖြစ်ခြင်း

အစာကို ကြိတ်ဝါးရခက်ခဲခြင်း၊ မျိုချနိုင်စွမ်း ခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ ဆို့နင်ခြင်းနဲ့ အစာစားပြီး ချွဲသံထွက်နေခြင်း စတာတွေက အစာစားခြင်းဆိုင်ရာပြဿနာဖြစ်တဲ့ Kennedy’s ရောဂါအစောပိုင်းလက္ခဏာတွေဖြစ်ပါတယ်။ ဒီရောဂါက ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပြီး သက်လတ်ပိုင်းအရွယ်တွေမှာ အဖြစ်များဆုံးပါ။ အစာစားခြင်းဆိုင်ရာ အခက်အခဲတွေနဲ့အတူ စကားပြောတဲ့ အသံပြောင်းလဲခြင်း၊ မျက်နှာ ၊ မေးရိုးနဲ့ လျှာကြွက်သား ရွဲ့ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရင် ချက်ချင်း ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။

(၇) နှလုံးပြဿနာဖြစ်ခြင်း

ကြွက်သားယိုယွင်းထိခိုက်တဲ့အခါ ပြင်းထန်တဲ့အခြေအနေမှာ နှလုံးလုပ်ငန်းဆောင်တာ သိသိသာသာ ပြောင်းလဲလာပါတယ်။ ဒီပြောင်းလဲမှုက နှလုံးကြွက်သားထိခိုက်စေပြီး အစောပိုင်းအဆင့်မှာ ဘာလက္ခဏာမှ မပြသပါဘူး။ အသက်ရှူမဝတာ၊ မောပန်းတာ၊ ခြေထောက်ရောင်ရမ်းတာ စတာတွေပဲ ဖြစ်တတ်ပါတယ်။ နှလုံးခုန်နှုန်းမမှန်တာ၊ မူးဝေတာနဲ့ မေ့ချင်သလိုလို ဖြစ်တာစတဲ့ လက္ခဏာတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၈) အမျိုးသား ထိပ်ပြောင်ခြင်းနှင့်မျိုးအောင်နိုင်စွမ်းထိခိုက်ခြင်း

ကြွက်သားယိုယွင်းထိခိုက်မှုဖြစ်တဲ့ တချို့အမျိုးသားတွေက ဟော်မုန်းအပြောင်းအလဲဖြစ်တတ်ပါတယ်။ အဲဒီအခါ အသက် ၂၀-၃၀အရွယ်မှာ ထိပ်ပြောင်လာတတ်ပါတယ်။ ဒါ့အပြင် ပန်းသေတာနဲ့ ဝှေးစေ့ကျုံ့တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို နဲ့ မျိုးအောင်နိုင်စွမ်းထိခိုက်ခြင်း၊ သားသမီးမရခြင်းတို့ ဆက်စပ်ဖြစ်ပေါ်နိုင်ပါတယ်။

ကြွက်သားယိုယွင်းထိခိုက်မှုကို ဘယ်လို ကာကွယ်ကုသမလဲ
ကြွက်သားသန်စွမ်းကျန်းမာအောင် အောက်ပါတို့ကို လိုက်နာပေးရပါမယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ-ကြွက်သားတွေက တဖြည်းဖြည်းချင်းအားနည်းလာတာကြောင့် အကောင်းဆုံးနည်းတစ်ခုက လေ့ကျင့်ခန်းလုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ အကြောဆန့်လေ့ကျင့်ခန်းနဲ့ လမ်းလျှောက်တာ၊ ပြေးတာတို့လို လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာက ခန္ဓာကိုယ်ကို လှုံ့ဆော်ပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

ဗီတာမင်အီးနှင့် ဒီပါဝင်မှုများသည့် အစာစားပါ-ကြွက်သားအားနည်းတဲ့ ဝေဒနာခံစားနေရရင် ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ပုဇွန်၊ ဒိန်ခဲ၊ ဥအမျိုးမျိုး၊ အယ်လ်မွန်သစ်စေ့၊ ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ သံလွင်ဆီတို့ကို များများ စားပေးပါ။

ဟင်းချက်ရာမှာ နနွင်းမှုန့်သုံးပါ-ကာကူမင်ဓာတ်ပါတဲ့ ဟင်းခတ်အမွှေးအကြိုင်ကို စားပေးရင် ကြွက်သားအားနည်းတာကို ကာကွယ်ကုသနိုင်ပါတယ်။

လက်ဖက်စိမ်းလက်ဖက်ရည်သောက်ပါ-တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် အကြမ်းပန်းကန်လုံး နဲ့ ၇ခွက်သောက်ပေးတာကြောင့် ကြွက်သားယိုယွင်း ထိခိုက်မှုနှေးစေပါတယ်။

ရေချိုးကန်ထဲ ဆော်ဒါမှုန့်ထည့်ပါ-ဆော်ဒါမှုန့်က ကြွက်သားတွေကို ကိုက်ခဲနာကျင်ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top