Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါကုသမှုဆိုင်ရာ ရည်မှန်းချက်များ

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ ဆီးချိုသွေးချိုရောဂါ ကုသရာမှာ ထားရှိတဲ့ ရည်မှန်းချက်တွေကို သိပါရစေဆရာ။
ဖြေ ။ ဆီးချိုသွေးချိုရောဂါ ကုသရာမှာ သွေးတွင်း သကြားဓာတ်ကို HbA1c က ၆ ဒသမ ၅-၇ ရာခိုင်နှုန်း၊ အစာမစားခင် သွေးတွင်းသကြားဓာတ်က ၉၀-၁၃၀ mg/dl ၊ ကြုံကြိုက်သလို ဖောက်စစ်တဲ့ သွေးတွင်းသကြားဓာတ်က ၁၁၀-၁၅၀ mg/dl ၊ အစာစားပြီး သွေးတွင်းသကြားဓာတ်က ၁၈၀ mg/dl အောက်မှာ ထိန်းထားဖို့လိုပါတယ်။

သွေးပေါင်က 130/80 mmHg အောက်ထိန်းထားသင့်ပါတယ်။ သွေးတွင်းအဆီဓာတ်က Total Cholesterol 200 mg/dl အောက်၊ LDL ကို လက်စထရော ၁၀ဝ mg/dl အောက်၊ HDL ကိုလက်စထရော ၅၀ mg/dl အောက်၊ ထရိုင်ဂလစ်စရိုက် ၁၅၀ mg/dl အောက်ရှိအောင် ကုသမှုခံယူပြီး ထိန်းသိမ်းသင့်ပါတယ်။

မေး ။ ဆီးချိုရောဂါ ကုသတဲ့အခါ ဘယ်အချက်တွေကို သတိထားရပါသလဲ ဆရာ။
ဖြေ ။ ဆီးချိုရောဂါက ဘယ်တော့မှ တစ်ခုတည်း မလာပါဘူး။ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီများတာ၊ နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာစတာတွေနဲ့ တွဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ကုသရင်း နောက်ဆက်တွဲ ရောဂါတွေ ဖြစ်နေပြီလားဆိုတာ အမြဲဆန်းစစ်နေရပါတယ်။ အဝလွန်နေရင် ကုသမှုပေးရပါမယ်။

မေး ။ ဆီးချိုရောဂါကို ကောင်းကောင်းမထိန်းချုပ်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဘာတွေအဖြစ်များပါ သလဲ ဆရာ။
ဖြေ ။

ခန္ဓာကိုယ်ပေါ်မှာ ဆီးချိုရောဂါနဲ့လွတ်တဲ့ နောက်ဆက်တွဲရောဂါဘာမှမရှိပါဘူး။ ဆီးချိုရောဂါကို ကောင်းကောင်း မထိန်းချုပ်နိုင်ရင် အကုန်လုံးကို ထိခိုက်နိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ နှစ်မျိုးခွဲလို့ရပါ တယ်။ ဒီနှစ်မျိုးက သွေးကြောနဲ့ခွဲတာပါ။ တစ်မျိုးက သွေးကြောအကြီးကိုထိခိုက်တာ Macrovascular နဲ့ သွေးကြောအငယ်တွေကိုထိတာ Microvascular ဆိုပြီးရှိပါတယ်။ သွေးကြောအကြီးတွေကို ထိတာဆိုရင် လေဖြတ်တာ၊ လေဖြန်းတာ၊ နှလုံးသွေးကြောကျဉ်းတာ ဒါမှမဟုတ် ပိတ်တာ IHD , PVD လို့ ခေါ်တဲ့ ခြေထောက်ကိုသွားတဲ့ သွေးကြောတွေကျဉ်းသွားတာ.. အဲဒါတွေဖြစ်တတ်ပါတယ်။ သွေးကြောသေးတွေကိုထိတာဆိုရင် မျက်စိကိုထိတယ်၊ ကျောက်ကပ်ကိုထိတယ်၊ အာရုံကြောတွေကို ထိခိုက်တာတွေ ဖြစ်ပါတယ်။ ဆီးချိုသမား ၇၀ ရာခိုင်နှုန်းကတော့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ သေဆုံးကြပါတယ်။ ၁၀ ရာခိုင်နှုန်းက ကျောက်ကပ်ကြောင့် သေဆုံးပါတယ်။ ၁၀ရာခိုင်နှုန်းကတော့ လေဖြတ်ပြီး သေတတ်ပါတယ်။ ၄ ရာခိုင်နှုန်းလောက်က ခြေထောက်ဖြတ်ကြရပါတယ်။

Macrovascular ထိခိုက်မှုမဖြစ်ဖို့အတွက် ဘာလုပ်ရမလဲဆိုရင်

(၁)သွေးတိုးကိုကုပါ၊

(၂)အက်စပရင်ဆိုတဲ့ သွေးကျဲဆေးကို လိုရင်သောက်ပါ၊

(၃) အဆီကျဆေးသောက်ပါ။

Microvascular ထိခိုက်တာကို ကာကွယ်ဖို့ကတော့ ဆီးချိုကို နိုင်အောင် ထိန်းထားဖို့ပဲ လိုပါတယ်။ ဒါတွေကတော့ နောက်ဆက်တွဲပြဿနာတွေနဲ့ ကာကွယ်ပုံလေးတွေပါ။

ဆီးချိုရဲ့ပြဿနာက နာတာရှည်ရောဂါ ဖြစ်တဲ့အတွက် တစ်သက်လုံးမပျောက်ကင်းပါဘူး။ တစ်သက်လုံး ဆေးသောက်နေရပါတယ်။ တစ်သက်လုံး ဂရုစိုက်နေရတာပဲဖြစ်ပါတယ်။ ဆီးချိုသမားတွေက တစ်သက်လုံးလုပ်ရတော့မယ်ဆိုပြီး ပေါ့ပါတယ်။ ဆေးတွေကို မှန်မှန်မသောက်တာ၊ တိုးတာ၊ လျှော့တာတွေလုပ်တတ်ကြပါတယ်။

ဆီးချိုသည် စနစ်တကျ ပုံမှန်ကုနေရင် သက်တမ်းစေ့ထိ ဘာနောက်ဆက်တွဲ ပြဿနာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန်နေထိုင်နေသူတွေအများကြီးရှိပါတယ်။ ဆီးချိုဖြစ်ရင် စိတ်ဓာတ်မကျဘဲနဲ့ ကောင်းကောင်းမွန်မွန် ကုသမှုခံယူပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေထိုင်ရင် လူတန်းစေ့နေနိုင်ပါတယ်။

ဆီးချိုသမားတွေကို ကုသတဲ့အခါမှာ တွေ့ရတတ်တဲ့ ပြဿနာတွေကတော့ ဆေးကို မှန်မှန်သောက်နိုင်တာတွေ၊

တစ်သက်လုံးသောက်ရမှာဖြစ်တဲ့အတွက် ငွေကြေးမတတ်နိုင်လို့ မကုနိုင်တာတွေလည်း ရှိပါတယ်။ အဲဒီလိုလူနာတွေအတွက် အစိုးရဆေးရုံတွေမှာ ဆီးချိုသွေးချိုပြင်ပလူနာဌာနတွေ ဖွင့်ပြီးတော့ တတ်နိုင်သလောက် ဆေးဝါးတွေကို အခမဲ့ ကုသထောက်ပံ့နေတာတွေတော့ရှိပါတယ်။

မေး ။ ဆီးချိုရောဂါ ကုသရာမှာ အခြေခံအချက်တွေကို သိပါရစေ ဆရာ။

ဖြေ ။ ဆီးချိုရောဂါကုသတဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားတာနဲ့ လေ့ကျင့်ခန်း လုပ်တာ၊ သောက်ဆေးတစ်မျိုးတည်း ပေးတာ၊ သောက်ဆေးကို ပေါင်းစပ်ပေးတာ၊ သောက်ဆေးနဲ့ အင်ဆူလင်ထိုးဆေး ပေါင်းစပ်ပေးတာနဲ့ အင်ဆူလင် ပေးတာဆိုပြီး ရှိပါတယ်။

မေး ။ ဆီးချိုရောဂါ ကုသရာမှာ အရေးပါတဲ့ ဆေးဝါး တွေကို သိပါရစေ ဆရာ။
ဖြေ ။ ဆီးချိုရောဂါ ကုသရာမှာ အရေးပါတဲ့ ဆေးဝါးတွေက မက်ဖော်မင် (Metformin)၊ ဂလစ်တာဇုန်း (Glitazones)၊ ဆာဖိုနိုင်းယူရီယား (Sulphonylureas) စတာတွေ ပါဝင်ပါတယ်။

မေး ။ ဆီးချိုရောဂါ ကုသရာမှာ အင်ဆူလင်ဆေးထိုးပြီး ကုသတဲ့ အပိုင်းကို သိပါရစေ ဆရာ။

ဖြေ ။ အင်ဆူလင်ဆိုတာ ဝမ်းဗိုက်အတွင်း အစာအိမ်ရဲ့နောက်ဘက်မှာရှိတဲ့ ပန်ကရိယခေါ် ဂလင်းအကျိတ်ကထုတ်ပေးတဲ့ ဟော်မုန်းဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ အဓိက သက်ဆိုင်တဲ့ ဟော်မုန်းလည်း ဖြစ်ပါတယ်။ အင်ဆူလင်ဟော်မုန်းက ဆဲလ်ကလာပ်စည်းတွေထဲကို ဂလူးကို့စ်သကြားဓာတ်ဝင်နိုင်အောင် ပြုလုပ်ပေးပြီး ကလာပ်စည်းတွေအတွက် အင်အားဓာတ်ရရှိအောင် လုပ်ဆောင်ပေးပါတယ်။

အင်ဆူလင်ထိုးဆေးလိုအပ်သူတွေက အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါရှိသူတွေနဲ့ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါရှိသူတွေအနက် ရေတိုကာလမှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆင့်ပွားရောဂါရှိသူတွေ(ဥပမာ သွေးတွင်းသကြားဓာတ် များလွန်းပြီး သွေးပျစ်ခဲလာတာ)၊ အရေးပေါ် ရောဂါ ဖြစ်သူတွေ (ဥပမာ- နှလုံးသွေးကြောပိတ်တာ၊ အကြီးစားခွဲစိတ်ကုသမှုခံယူရတာ)နဲ့ ကိုယ်ဝန်ဆောင် ကာလမှာ ဆီးချိုသွေးချိုရောဂါ ထိန်းသိမ်းသင့်သူတွေမှာ လိုအပ်ပါတယ်။ အင်ဆူလင်ဟော်မုန်းကို လက်မောင်း၊ ဝမ်းဗိုက်နဲ့ ပေါင်တွေမှာထိုးနိုင်ပါတယ်။

မေး ။ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်ပြီး လူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးပါဆရာ။
ဖြေ ။ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်ပြီး လူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက်သုံးချက်က ဒီရောဂါဟာ-

(၁)ဆင်းရဲချမ်းသာ မရွေးဖြစ်တယ်၊

(၂)အသက် ကြီးငယ်မရွေးဖြစ်တယ်၊

(၃)တောရော မြို့ပါ မကျန် အကုန် ဖြစ်နေပါတယ် ဆိုတာပါပဲ။

မေး ။ ဆီးချိုရောဂါကို ကာကွယ်နိုင်ဖို့ စားသောက်တဲ့ ပုံစံကို ဘယ်လို ပြုပြင်သင့်ပါသလဲ ဆရာ။
ဖြေ ။ ဆီးချိုရောဂါကို ကာကွယ်လို့ ရပါတယ်။ ကာကွယ်ချင်ရင် C သုံးလုံးကို မှတ်ထားသင့်ပါတယ်။

Count the calorie – ကယ်လိုရီကို တွက်ချက်ပါ
ပေါက်စီတစ်လုံး စားလိုက်တယ်ဆိုရင် ဒီကယ်လိုရီ ပြန်ကြေဖို့ တစ်ကီလိုမီတာခွဲလောက် လမ်းလျှောက်ပေးဖို့လိုပါတယ်။ ဟမ်ဘာဂါတစ်ခု စားလိုက်ရင် ကယ်လိုရီ ၃၀ဝ ရတဲ့အတွက် ဒါကို ပြန်ကြေဖို့ တစ်နာရီတိတိ လမ်းလျှောက်ရပါမယ်။ ဟမ်ဘာဂါတစ်လုံးစားတိုင်း တစ်နာရီ လမ်းလျှောက်ရပါမယ်။ ဒါကြောင့် ကိုယ်စားမယ့် အစားအသောက်ရဲ့ ကယ်လိုရီကို သတိထားပါ။

Choose the diet အစာကို ရွေးချယ်စားပါ
ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအသောက်တွေကို မစားသင့်ပါဘူး။ ကိုယ်ဘာစားနေသလဲဆိုတာ သိဖို့ ကောင်းပါတယ်။ ရေဆာရင် ရေပဲ သောက်ပါ။ အချိုရည် မသောက်ပါနဲ့။ ဘီယာမသောက်ပါနဲ့။ အချိုရည်သောက်တာကြောင့် ဆီးချိုသွေးချို ရောဂါဖြစ်ဖို့ အားပေးပါတယ်။

Comply – လိုက်နာပါ
ဒီလို စားသောက်နေထိုင်နည်းတွေကို ပုံမှန် လိုက်နာပေးဖို့ လိုပါတယ်။အရေးကြီးတဲ့အချက်အနေနဲ့ စိတ်ဖိစီးမှုများရင်လည်း ဆီးချိုရောဂါဖြစ်ဖို့ အားပေးတဲ့အတွက် တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ်မှာ မိနစ် ၁၅၀ လမ်းလျှောက်ပေးလိုက်ပါ။ ဒါဆိုရင် စိတ်ဖိစီးမှုလည်း လျော့ပါးစေ၊ ကယ်လိုရီအပိုတွေလည်း ကျစေတဲ့အပြင် ဆီးချိုသွေးချိုရောဂါကို ၃၅-၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ သတိပြုရမှာကတော့ မောရမယ်၊ ရင်တုန်ရမယ်၊ ချွေးပြန်ရပါမယ်။ ဒါမှထိရောက်တဲ့ လေ့ကျင့်ခန်းလို့ ဆိုနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top