Healthy Life Ad
Health Tips

အဘိုးအဘွားကိုနေ့စဉ် ဘာကျွေးသင့်သလဲ

ငွေစင်ကြယ်ယံ

အသက်ကြီးနေပြီဖြစ်တဲ့ ဘိုးဘိုး၊ ဘွားဘွား တွေက လူငယ်လူရွယ်တွေလို စားချင်တိုင်းစားလို့ မရတော့ပါဘူး။ အသက်ကြီးသူတွေ ကျန်းမာသက်ရှည်စေဖို့ အကောင်းဆုံးအစားအသောက်တွေကို ရွေးချယ်ကျွေးဖို့ လိုအပ်ပါတယ်။

ကယ်လိုရီနည်းနည်း၊ ပရိုတင်းများများ

သင့်အိမ်က ဘိုးဘိုးဘွားဘွားတွေ ကျန်းမာဖို့အတွက် မြေထဲပင်လယ်ဒေသ အစာကျွေးတာက အကောင်းဆုံးပါ။ မြေထဲပင်လယ်ဒေသအစာဆိုတာ အထူးအဆန်းမဟုတ်ပါဘူး။ ငါး၊ သံလွင်ဆီ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အခွံမာစေ့ စတာတွေပါဝင်ပြီး ဒီအစာက အသက်ကြီးသူတွေကို ကိုယ်အလေးချိန် လျော့ကျစေတဲ့အပြင် ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတို့လို နာတာရှည် ရောဂါတွေကိုပါ ထိန်းချုပ်နိုင်စေပါတယ်။ အသက်ကြီးလာတဲ့အခါ ကယ်လိုရီလိုအပ်မှုက နည်းလာပေမယ့် ပရိုတင်းဓာတ်များများ လိုအပ်လာပါတယ်။ ပရိုတင်းဓာတ်လုံလောက်တာကြောင့် ကိုယ်ခံအားစနစ်ရဲ့ လုပ်ငန်းဆောင်တာကိုကောင်းမွန်စေပြီး ကျန်းမာစေပါတယ်။

သဘာဝအစာ

အသက်ကြီးလာလေလေ၊ သဘာဝ အစာတွေကို ပိုမိုစားသောက်သင့်လေလေ ဖြစ်ပါတယ်။ အစာစားတဲ့အခါ မျှတလုံလောက်မှု ရှိဖို့လည်းလိုပါတယ်။ ကစီဓာတ်၊ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ရေဓာတ် စတာတွေဟန်ချက်ညီညီ ရရှိဖို့လိုအပ်ပါတယ်။

နှလုံးကျန်းမာရေးနှင့် ဆီးချိုသွေးချိုရောဂါ

ပြည့်ဝဆီနည်းတဲ့အစာ၊ အဆီနည်းတဲ့ အသား၊ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ထပ်ပြန်ကြော်ဆီနဲ့လုပ်ထားတဲ့ အစာစတာတွေကို ရှောင်မှသာ နှလုံးကျန်းမာပြီး ဆီးချိုရောဂါ မဖြစ်အောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ

အသက်ကြီးသူတွေသရေစာအဖြစ် အလွယ်စားနိုင်ဖို့ ရေခဲသေတ္တာထဲမှာ သစ်သီးဝလံနဲ့ အစိမ်းလိုက်စားနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်ပေးထားဖို့ လိုပါတယ်။ တစ်ခါတလေ အေးခဲနေတဲ့ သစ်သီးဝလံတွေက လတ်ဆတ်တဲ့သစ်သီးတွေထက် ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

သစ်သီးဖျော်ရည်

အသက်ကြီးလာတဲ့အခါ ရေဆာတဲ့ ခံစားချက်လျော့ကျလာပါတယ်။ ရေအလုံအလောက် သောက်တာက ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင်ကာကွယ်နိုင်တဲ့အချက်ပါ။ ဒါကြောင့် ရေအလုံအလောက်မသောက်ဖြစ်ရင် သစ်သီးဖျော်ရည် ပုံမှန်တိုက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top