Healthy Life Ad
Child

တခြားနိုင်ငံက မေမေတွေရဲ့ အတုယူထိုက်တဲ့ ကလေးပြုစုနည်း အလေ့အထများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံအသီးသီးရှိ မိခင်တွေဟာ ကလေးတွေကိုယ်ကျန်းမာပြီး စိတ်ချမ်းသာစေဖို့ ပြုလုပ်နေကျ အလေ့အထတွေ ရှိကြပါတယ်။ အဲဒီအထဲက အတုယူဖွယ် အလေ့အထကောင်းတွေကို မျှဝေလိုက်ရပါတယ်။

– အိန္ဒိယနိုင်ငံသူ မေမေတို့ပြုလုပ်နေကျ ကျန်းမာရေးအလေ့အထ

အလေ့အထ – ကလေးများကို အိပ်ရာစောစောဝင်-စောစောထစေခြင်း

အိန္ဒိယနိုင်ငံသူ မေမေတွေက ကလေးတွေကို စောစောအိပ်ရာဝင်ဖို့ တွန်းအားပေးတတ်ပါတယ်။ ဒီလိုစောစောအိပ်၊ စောစောထတာကြောင့် ကျန်းကျန်းမာမာကြီးပြင်းပြီး လှပကာဉာဏ်ကောင်းသူတွေ ဖြစ်လာတယ်လို့ အိန္ဒိယမေမေတွေက ယုံကြည်ထားကြပါတယ်။ လေ့လာမှုတွေအရ စောစောအိပ်ရာဝင်ပြီး စောစောအိပ်ရာထတဲ့ အလေ့အထကြောင့် အသက် ၈၅နှစ်ကျော်တဲ့အထိ ကျန်းမာသက်ရှည်နိုင်ခြေများတယ်လို့သိရပါတယ်။

– အင်္ဂလန်နိုင်ငံသူမေမေတို့ ပြုလုပ်နေကျ ကျန်းမာရေး အလေ့အထ

အလေ့အထ- မုန်လာဥနီကျွေးခြင်း

ကလေးတွေကို ဟင်းသီးဟင်းရွက် စားတတ်အောင် လေ့ကျင့်ပေးရတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အင်္ဂလန်နိုင်ငံသူမေမေတွေက ညဘက်အမှောင်ထဲမှာတောင် မြင်ရအောင် မုန်လာဥနီကို စားသင့်တယ်လို့ ကလေးတွေကို ပြောပြတတ်ပါတယ်။ ဗီတာမင်အေ အလွန်အမင်း ချို့တဲ့တာကြောင့် မျက်စိအမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင်အေများစွာပါဝင်တဲ့ အတွက် မျက်စိကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမဲ့ မုန်လာဥနီကို များများစားလွန်းတာကြောင့် အရေပြားအဝါရောင်ပြောင်းတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။

– အိုင်ယာလန်နိုင်ငံသူ မေမေတို့ ပြုလုပ်နေကျ ကျန်းမာရေး အလေ့အထ

အလေ့အထ- ကလေးကို နေ့စဉ် ငါးကြီးဆီ တိုက်ကျွေးခြင်း

ငါးကြီးဆီ (Cod Liver Oil) မှာ ဗီတာမင်အေ၊ ဒီနဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တို့ ပါဝင်မှုများပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ အသက်ရှည်စေတယ်လို့ ဆရာဝန်အများစုက ယုံကြည်ထားကြပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ သွေးလှည့်ပတ်မှုစနစ်ကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါကြောင့် အိုင်ယာလန်သူ မေမေတွေက ကလေးတွေကို ငါးကြီးဆီ နေ့စဉ်တိုက်ကျွေးကြတာပါ။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို ငါး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ အများစုမှာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အိုမီဂါ ၃ ဆေးကို များများမှီဝဲလွန်းရင် တချို့ရောဂါရှိသူတွေ၊ ဥပမာ နှလုံးရောဂါရှိသူတွေမှာ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆရာဝန်တချို့က သတိပေးထားပါတယ်။

– အီဂျစ်နိုင်ငံသူ မေမေတို့ ပြုလုပ်နေကျ ကျန်းမာရေးအလေ့အထ

အလေ့အထ- ရေချိုးပြီးနောက် ကလေးကို နာရီဝက်ကြာ အိမ်ထဲနေစေခြင်း

ကလေးတွေ ရေချိုး၊ ခေါင်းလျှော်ပြီးတဲ့အခါ မိနစ် ၃၀ လောက် အိမ်ထဲမှာ နေစေတာကြောင့် ဖျားနာတာမဖြစ်စေဘူးလို့ အီဂျစ်နိုင်ငံသူ မေမေတွေက ဆိုပါတယ်။ မိနစ် ၃၀ လောက်ကြာမှ ဆံပင်နဲ့ ခန္ဓာကိုယ် လုံးဝခြောက်သွေ့သွားမှာဖြစ်ပြီး ကိုယ်ခံအားစနစ်လည်း ပုံမှန်ရှိနေနိုင်တယ်လို့ လက်ခံထားပါတယ်။ ကလေးက ရေချိုးပြီးပြီးချင်း အိမ်ပြင်၊ အထူးသဖြင့် အေးမြတဲ့ရာသီဥတုမှာ အပြင်ထွက်ရင် အအေးမိဝေဒနာဖြစ်စေတဲ့ ဘက်တီးရီးယားပိုး ဝင်နိုင်ခြေပိုများတယ်လို့ သူတို့က ဆိုပါတယ်။

– သြစတြေးလျနိုင်ငံသူ မေမေတို့ ပြုလုပ်နေကျ ကျန်းမာရေးအလေ့အထ

အလေ့အထ- ကလေးကို အေးစက်သော လှေကားထစ်ပေါ် မထိုင်စေခြင်း

သြစတြေးလျနိုင်ငံသူမေမေတွေက သူတို့က လေးတွေကို အေးတဲ့လှေကားထစ်ပေါ်ထိုင်ရင် တားမြစ်တတ်ပါတယ်။ အေးတဲ့ လှေကားထစ်ပေါ်ထိုင်ရင် ကလေးတွေကို သက်သောင့်သက်သာ မရှိစေတဲ့အပြင် အအေးမိဝေဒနာရလွယ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top