Healthy Life Ad
Life Style

အမျိုးသားတို့၏ လိင်စွမ်းဆောင်နိုင်စွမ်း ကောင်းမွန်စေမည့် အချက်များ

၊ ကိုထက် ၊

အမျိုးသားတွေဟာ အိမ်ထောင်ရေးကို ဦးဆောင်ဦးရွက်ပြုနေကြတဲ့အတွက် သူတို့စားသောက်တဲ့ အစာ၊ ပုံမှန် ပြုလုပ်တဲ့ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှုထိန်းချုပ်တာ စတာတွေကို အလေးထားဂရုစိုက်နှုန်း နည်းတတ်ပါတယ်။ ဒီလိုအချက်တွေကို ဂရုစိုက်အလေးထားမှသာ ကိုယ်စိတ်ကျန်းမာရေး ကောင်းမွန်နေရုံတင်မက လိင်ပိုင်းဆိုင်ရာကျန်းမာရေးလည်း ကောင်းမွန်နေမှာဖြစ်ပါတယ်။

– ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုစားသောက်ပါ

အမျိုးသားအများစုဟာ အာဟာရဓာတ်အပြည့်ပါပြီး အဆီဓာတ်နည်းပါးတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေကိုစားတာကြောင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်နေမှာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အဆီနည်းတဲ့အသား၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အဆီနည်းတဲ့ နွားနို့စတာတွေကို စားသောက်သင့်ပါတယ်။

– လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ

အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံမှာ နေထိုင်နေတဲ့ အမျိုးသားတွေက လိင်ပိုင်းဆိုင်ရာ ပြဿနာ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်တာကြောင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်နေမှာ ဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ တင်းနစ်ကစားတာ . .အစရှိတဲ့ သင်ကြိုက်နှစ်သက်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

– အရက်မှီဝဲမှုကို လျှော့ချပါ

အယ်လ်ကိုဟောပါဝင်မှုများတဲ့ အရည်တွေကို သောက်တဲ့အခါ ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အရက်ကိုအလွန်အမင်း သောက်တဲ့အခါ လိင်စိတ်လျော့ကျတာ၊ စွမ်းဆောင်နိုင်စွမ်း လျော့နည်းတာတို့ ဖြစ်စေနိုင်ပါတယ်။

– ဆေးလိပ် မသောက်ပါနှင့်

ဆေးလိပ်သောက်တာက အမျိုးသားတွေရဲ့ လိင်မှုကိစ္စကိုအဟန့်အတား ဖြစ်စေတယ်ဆိုတာ ဆရာဝန်အများစု သဘောတူညီထားပါတယ်။ လေ့လာမှုတွေအရ ပန်းသေပန်းညှိုးရောဂါ ခံစားနေရတဲ့ အမျိုးသားအများစုဟာ ဆေးလိပ်သောက်သူတွေဖြစ်ပြီး ဆေးလိပ်သောက်တာကြောင့် သုက်ကောင်အရည်အသွေးနဲ့ အရေအတွက် လျော့ကျစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဆေးလိပ်သောက်တာကြောင့် လိင်တံဆီကို သွေးပို့ပေးတဲ့ သွေးကြောငယ်တွေကိုထိခိုက်စေတာကြောင့် စွမ်းဆောင်ရည်လျော့ကျရတာဖြစ်ပါတယ်။

– ဘဝတွင် စိတ်ဖိစီးမှု ထိန်းချုပ်နိုင်ရန် လေ့လာပါ

စိတ်ဖိစီးမှုကြောင့် အမျိုးသားတွေမှာ စိတ်ပင်ပန်းတာ၊ ပူပင်သောကများတာ၊ စိတ်တင်းကျပ်တာ၊ စိတ်လှုပ်ရှားတာတို့ ခံစားရတတ်သလို လိင်ပိုင်းဆိုင်ရာပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ ဥပမာ-တရားထိုင်တာ၊ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းတွေက စိတ်ဖိစီးမှုပြေလျော့စေပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

– Kegel လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ

Kegel လေ့ကျင့်ခန်းလုပ်ဆောင်တာကြောင့် တင်ပဆုံပိုင်းနဲ့ လိင်တံတို့နဲ့ ဆက်နွှယ်နေတဲ့ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ လုပ်ဆောင်ရမယ့်နည်းက ဆီးသွားတဲ့အခါ ရပ်လိုက်၊ သွားလိုက် လုပ်ဆောင်ပေးဖို့နဲ့ထိုင်နေတဲ့အခါ တင်ပဆုံပိုင်းရှိ ကြွက်သားတွေကို တင်းလိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။

– နှစ်စဉ် ကျန်းမာရေး စစ်ဆေးပါ

အမျိုးသားတွေဟာ အထွေထွေ ကျန်းမာရေး ကောင်းမွန်မှု ရှိ၊ မရှိ သိနိုင်ဖို့ အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။

– မူးယစ်ဆေးဝါးများကို ရှောင်ရှားပါ

အမျိုးသားတချို့ဟာ မူးယစ်ဆေးဝါးတွေကို သုံးတာကြောင့် လိင်မှုကိစ္စတွေကို ကောင်းမွန်စေတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဆန့်ကျင်ဘက် အာနိသင်ရှိတာပါ။ ပန်းသေပန်းညှိုးရောဂါ ကုသဆေးတွေကို ရှောင်ရှားချင်ရင် မူးယစ်ဆေးတွေကိုလည်း ရှောင်သင့်ပါတယ်။

– အကောင်းမြင် သဘောထားထားရှိပါ

အကောင်းမြင်တဲ့ သဘောထားရှိသူ အမျိုးသားတွေဟာ လိင်ကျန်းမာရေးလည်း ကောင်းမွန်နေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top