Healthy Life Ad
Health Tips

အစိမ်းစားခြင်းထက် ချက်စားလျှင် ကျန်းမာရေး အကျိုးကျေးဇူးပိုမိုရရှိသည့် ဟင်းသီးဟင်းရွက်များ

ကျွန်မတို့ မြန်မာလူမျိုးတွေက ငပိရည်၊ ငပိထောင်းစတာတွေနဲ့တွဲဖက်ပြီး တချို့ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားလေ့ရှိပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတာကောင်းပေမယ့် တချို့အစာတွေက ချက်စားတဲ့အခါ အာဟာရဓာတ်ပိုမိုရှိသွားပါတယ်။

– ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နှုန်း လျော့ကျစေတဲ့ လိုင်ကိုပင်းဓာတ်ပါဝင်မှုမြင့်မားပါတယ်။ လိုင်ကိုပင်းဓာတ်ဟာ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီးကို အပူပေးချက်ပြုတ်တဲ့အခါ လိုင်ကိုပင်းအဆင့်မြင့်တက်စေပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးကို အပူပေးလိုက်ရင် ဗီတာမင်စီဆုံးရှုံးသွားတဲ့အတွက် တခြားအချဉ်အရသာရှိ သစ်သီးတွေနဲ့တွဲဖက်စားသင့်ပါတယ်။

– ဟင်းနုနယ်ရွက်

ဟင်းနုနယ်ရွက်မှာ သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့လို တန်ဖိုးရှိတဲ့ သတ္တုဓာတ်တွေပါဝင်မှုများပါတယ်။ အမျှင်ဓာတ်နဲ့ အောက်ဇဲလ်လိတ်ဓာတ်လည်းပါဝင်တဲ့အတွက် သံဓာတ်စုပ်ယူနိုင်စွမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ဟင်းနုနယ်ရွက်ကို အပူပေးလိုက်တဲ့အခါ အောက်ဇဲလ်လိတ်ပမာဏက ၁၅ရာခိုင်နှုန်းကျော် လျော့ကျသွားပါတယ်။ ဟင်းနုနယ်ရွက်ကို အလွန်အမင်းအပူပေးပြီး မချက်ပြုတ်ဖို့လိုပါတယ်။

– မုန်လာဥနီ

မုန်လာဥနီမှာ ကာရိုတီးနွိုက်ဓာတ် ပါဝင်မှုမြင့်မားတဲ့အတွက် လိမ္မော်ရောင်ရှိရတာပါ။ မုန်လာဥနီကို အပူပေးချက်ပြုတ်လိုက်ရင် ကာရိုတီးနွိုက်အဆင့်မြင့်တက်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့်အစွမ်းရှိစေပါတယ်။ ဒါပေမဲ့ အကျက်လွန်အောင် မချက်ပါနဲ့။

– ကညွတ်

ကညွတ်ကိုအပူပေးတာကြောင့် ပိုလီဖီနောဓာတ်အဆင့်ကို မြင့်တက်စေပြီး အာဟာရပိုရှိစေပါတယ်။ လက်ဖက်ရည်၊ ဝိုင်နီနဲ့ ချောကလက်ထဲမှာတွေ့ရတဲ့ ပိုလီဖီနောဓာတ်မှာ အင်တီအောက်ဆီးဒင့်အစွမ်းရှိပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top