Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ မိခင်က ခန္ဓာကိုယ် အလေးချိန်ဘယ်လောက်တက်ရမလဲ . . .

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

ကိုယ်ဝန်ဆောင်မေမေတွေ ဗဟုသုတ ရရှိစေဖို့အတွက် ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ မိခင်အနေနဲ့ ကိုယ်အလေးချိန်ဘယ်လောက် တက်ဖို့လိုသလဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ အစားအသောက်ကို ပုံမှန်စားသောက်နေတဲ့အတွက် ခန္ဓာကိုယ် အလေးချိန်ဟာလည်း ပုံမှန်တက်နေရမှာဖြစ်ပါတယ်။ အာဟာရပြည့်ဝစွာနဲ့ တစ်ရက်ကို ၆ ကြိမ်ကနေ ၈ကြိမ်ကြားစားပေးနေရတဲ့အတွက် ခန္ဓာကိုယ်အလေးချိန်တက်နေတာက ပုံမှန်ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဝိတ်ဘယ်လောက်တက်ရမလဲ
ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကလေးမမွေးဖွားမီအချိန်အထိ ၉ လအတွင်းမှာ အနည်းဆုံး ပေါင် ၂၀ ကနေ ပေါင် ၄၀ အထိ တက်လာသင့်ပါတယ်။ တစ်ပတ်ကို တစ်ပေါင်နှုန်းတက်ရမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ပုံမှန်အားဖြင့် ဆေးခန်းတွေကိုသွားမယ်၊ နောက်ပြီး ကိုယ်နဲ့နီးစပ်ရာ ဆရာဝန်တွေဆီကိုသွားပြီး အမြဲတမ်းပေါင်ချိန်တဲ့ အလုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန်တက်တဲ့နေရာမှာလည်း ဝတဲ့ ကိုယ်ဝန်ဆောင်မေမေတွေမှာ ကိုယ်အလေးချိန်တက်တာ အရမ်းမများပေမယ့် ပိန်တဲ့မေမေတွေဆိုရင်တော့ ကိုယ်အလေးချိန်တက်လာတာ များတတ်ပါတယ်။ ဒီလိုပဲ အကယ်၍များ ကိုယ်ဝန်က အမြွှာလေးဖြစ်တယ်ဆိုရင်တော့ ပေါင် ၄၀ ကနေ ၅၀ ကြားအထိ တက်လာရမှာဖြစ်ပါတယ်။

ဒီလို ကိုယ်အလေးချိန်တက်လာတဲ့အကြောင်းကို နည်းနည်းရှင်းပြပေးပါ့မယ်။ မိခင်တွေအနေနဲ့ မိခင်နို့တိုက်ကျှေးဖို့အတွက်ဆိုရင် ကိုယ်တွင်း အဆီတွေက ၈ ပေါင်လောက်တက်တယ်၊ ကလေးလေး ဖွံ့ဖြိုးဖို့လိုအပ်တဲ့ အချင်းတို့၊ သားအိမ်တို့အတွက်ဆိုရင် ၁၂ ပေါင် ၁၃ ပေါင်လောက် တက်တယ်၊ နောက်ပြီးတော့ သားအိမ်အတွင်းရှိ သွေး၊ ရင်သားမှာရှိတဲ့ တစ်သျှူးတွေကြောင့်လည်း ၁၂ ပေါင် ၁၃ပေါင်လောက် တက်လာတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပုံမှန်သာစားသောက်နေမယ်ဆိုရင် ခန္ဓာကိုယ်အလေးချိန်ဟာ ပုံမှန်လေးတက်လာရမယ်လို့ ဆိုလိုပါတယ်။

ဒါကြောင့် အာဟာရဓာတ်ပြည့်ဝအောင် စားသောက်နေတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ တစ်ပတ်ကို တစ်ပေါင်တက်တာ၊ တစ်လကို လေးပေါင်လောက်တက်တာက ပုံမှန်ဖြစ်ပါတယ်။ ဒီလိုပုံမှန်တက်သွားမယ်ဆိုရင် ကလေးမွေးဖွားခါနီးအချိန်အထိဆိုရင် စုစုပေါင်း ၃၆ ပေါင် (၉လ × ၄ပေါင်)ကနေ ပေါင် ၄၀အထိ၊ အမြွှာကိုယ်ဝန်ဆိုရင် ပေါင် ၅၀ အထိ ဒီလောက်ပဲ တက်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်လအတွင်းမှာ ရုတ်တရက်ကြီး ၁၀ ပေါင်၊ ပေါင် ၂၀လောက်အထိ တက်သွားတာမျိုးဆိုရင်တော့ ဒါတွေဟာ ပြဿနာတစ်ခုခုရှိလာပြီဆိုပြီးလည်း ကျန်းမာရေးအသိရှိထားသင့်ပါတယ်။ ဒီလိုမျိုး ပုံမှန်မဟုတ်ဘဲ တစ်လအတွင်း ရုတ်တရက် ကိုယ်အလေးချိန်အများကြီးတက်လာရင်တော့ ဆေးရုံ၊ဆေးခန်းကိုသွားပြီး ဆရာဝန်တွေနဲ့ ပြသဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top