Healthy Life Ad
Health Tips

အိပ်ရင်း ဟောက်တတ်သူတို့အတွက် သဘာဝ အိမ်တွင်းကုထုံးများ

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

သင့်အိမ်ထောင်ဖက်ရဲ့ ဟောက်သံကျယ်ကျယ်ကြောင့် အိပ်မရဖြစ်နေပြီလား။ ဒါမှမဟုတ် ကိုယ်ကဟောက်သံကျယ်ကျယ်ထွက်တတ်လို့ တခြားအိမ်တွေမှာအိပ်ဖို့ စိတ်အနှောင့်အယှက်ဖြစ်နေသလား။ အိပ်ရင်းဟောက်တာက အိပ်မပျော်တာကိုဖြစ်စေသလို အိပ်စက်တဲ့စနစ်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရင်းဟောက်တာကို သက်သာလျော့ပါးစေမယ့် အိမ်တွင်းသဘာဝနည်းတွေကို အကြံပြုလိုက်ပါတယ်။


(၁) ပူစီနံဆီသုံးကြည့်ပါ

လူတစ်ယောက်က နှာခေါင်းပိတ်တာ ဒါမှမဟုတ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာတွေဖြစ်ရင် ဟောက်နိုင်ပါတယ်။ ပူစီနံ(ပူဒီနာ)ဆီကို သုံးတာကြောင့် နှာခေါင်းပိတ်တာကိုပွင့်စေပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ပူစီနံဆီက ချွဲပျော်စေပြီး နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကို လျော့ပါးသက်သာစေပါတယ်။ ပူစီနံဆီမှာပါတဲ့ ဒြပ်ပေါင်းတွေက ပိုးသတ်အစွမ်း၊ ဗိုင်းရပ်စ်သတ်အစွမ်းနဲ့ အင်တီအောက်ဆီးဒင့်အစွမ်းရှိပါတယ်။ ဒါကြောင့် ပူစီနံဆီကို ရေနွေးထဲထည့်ပြီး ရှူပေးပါ။


(၂) ဗီတာမင်စီ မှီဝဲပါ

ဗီတာင်မင်စီက ကိုယ်ခံအားစနစ်အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေပါတယ်။ ဟောက်ရတဲ့ အကြောင်းရင်းတစ်ခုက အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကြောင့် ဖြစ်တတ်ပါတယ်။ ဗီတာမင်စီအလုံအလောက်ပါတဲ့ အစားအသောက်တွေကို စားတာကြောင့် နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကို ရှင်းလင်းသွားစေပါတယ်။ ဗီတာမင်စီပါဝင်မှုများတဲ့ အစားအသောက်တွေကတော့ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ သံပရိုသီး၊ ငရုတ်ပွသီး၊ သင်္ဘောသီးနဲ့ နာနတ်သီးတို့ပဲ ဖြစ်ပါတယ်။ နာနတ်သီးမှာ နှာခေါင်းပိတ်တာကို တွန်းလှန်ပေးနိုင်တဲ့ ဘရိုမီလိန်းအင်ဇိုင်းပါဝင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အိပ်ရာမဝင်ခင် နာနတ်သီးစိတ် အနည်းငယ် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ လိမ္မော်ရည်သောက်ပေးလိုက်ပါ။


(၃) သဘာဝဆေးမှီဝဲပါ

အစာကြေရင် အိပ်စက်မှုစနစ်မှာ အရေးပါပြီး ဟောက်ရင် အိပ်ရေးပျက်စေနိုင်ပါတယ်။ အစာမကြေတာနဲ့ အိပ်ရေးပျက်တာတွေက ကိုယ်တွင်းရောင်ရမ်းမှုတိုးစေပါတယ်။ ဒီအခြေအနေမှာ အိပ်မောကျစေတဲ့ သဘာဝဆေးတွေကို မှီဝဲပေးပါ။


(၄) ယူကလစ်ဆီသုံးပါ

ယူကလစ်ဆီက အအေးမိဝေဒနာကို လျော့ကျစေပြီး ရောင်ရမ်းမှုနဲ့ အသက်ရှူလမ်းကြောင်းဝေဒနာတွေကို သက်သာစေပါတယ်။ ယူကလစ်ဆီ ၇၀-၉၀ ရာခိုင်နှုန်းမှာ အင်တီအောက်ဆီးဒင့်ပါဝင်မှုများပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုလျော့ကျစေပါတယ်။ ယူကလစ်ဆီက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ်မှိုတွေကို ကင်းစင်စေပြီး အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေကာ အချွဲပျော်စေပါတယ်။ ယူကလစ်ဆီကို ညဘက်မှာ ရေနွေးထဲထည့်ပြီး ထွက်လာတဲ့အငွေ့ကို ရှူပေးပါ။


(၅) ခံတွင်းအကာတပ်ဆင်ပါ

ဟောက်လွန်းရင် သွားနဲ့ခံတွင်းဆရာဝန်နဲ့တိုင်ပင်ပြီး ခံတွင်းအကာကို တပ်ဆင်ပါ။


(၆) ကိုယ်အလေးချိန်ကို သတိထားစောင့်ကြည့်ပါ

တစ်ခါတလေ ကိုယ်အလေးချိန်အပိုများလွန်းတာ၊ အထူးသဖြင့် လည်ပင်းမှာ ကိုယ်အလေးချိန်များလွန်းတာက လည်ချောင်းကိုကျဉ်းစေပြီး ဟောက်နိုင်ခြေများပါတယ်။ လေ့လာမှုတစ်ခုအရ ဟောက်တဲ့လူနာတွေရဲ့ လည်ပင်းလုံးပတ်က မဟောက်တဲ့သူတွေထက် သိသိသာသာ ပိုကြီးတယ်လို့သိရပါတယ်။ ကိုယ်အလေးချိန်လျှော့ချတာက အိပ်တဲ့စနစ်ကို ကောင်းစေပြီး အသက်ရှူလမ်းကြောင်း စနစ်ကျန်းမာရေးကောင်းစေပါတယ်။


(၇) လေထုစိုထိုင်းစက်သုံးပါ

နှာခေါင်းပိတ်တာ ဒါမှမဟုတ် ဓာတ်မတည့်တာကြောင့် ဟောက်ရင် ခြောက်သွေ့တဲ့လေတွေက ဒီဝေဒနာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် လေထုစိုထိုင်းစက်သုံးပြီး အခန်းတွင်း ခြောက်သွေ့တဲ့ လေကင်းစင်အောင်လုပ်ပါ။ သင့်ခန္ဓာကိုယ်ကို သက်သောင့်သက်သာရှိစေပြီး အသက်ရှူရ အဆင်ပြေစေပါတယ်။


(၈) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာကြောင့် နှာခေါင်းတွင်း အမြှေးပါးနဲ့ လည်ချောင်းကို မသက်မသာဖြစ်စေပြီး ရောင်ရမ်းစေနိုင်ပါတယ်။ စီးကရက်သောက်တာကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်ရာက အသက်ဝ၀ရှူနိုင်ဖို့ ပိုခက်ခဲလာပါတယ်။ အဲဒီအခါ အိပ်ရင်းဟောက်နိုင်ခြေပိုများပါတယ်။ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ရှူရတဲ့သူတွေမှာတောင် နှာခေါင်းနဲ့ လည်ချောင်းတစ်လျှောက် နာတာရှည်ရောင်ရမ်းမှုဖြစ်စေပြီး ဟောက်နိုင်ခြေများပါတယ်။ ဆေးလိပ်ဖြတ်ပါ၊ လောလောဆယ်မဖြတ်နိုင်သေးရင် အိပ်ရာမဝင်ခင် အနည်းဆုံးလေးနာရီအကြာမှာ ဆေးလိပ်ကို လုံးဝမသောက်သင့်ပါဘူး။


(၉) အစားအသောက်ပုံစံ ပြောင်းလဲပါ

အင်တီအောက်ဆီးဒင့်နဲ့ အင်ဇိုင်းပါဝင်မှုများတဲ့ အစားအသောက်တွေက ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေတဲ့အတွက် ဟောက်တာကို သက်သာစေပါတယ်။ အိပ်ရာမဝင်ခင် နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားတာကြောင့် လည်ချောင်းနဲ့ခံတွင်းထဲမှာ အချွဲလွှာကိုဖြစ်စေပြီး အသက်ရှူလမ်းကြောင်း ပိတ်တာကြောင့် ဟောက်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ရာမဝင်ခင်မှာ အစာများများစားတာကို ရှောင်ပါ။ အစာအိမ်ထဲ အစာတွေနဲ့ပြည့်နေတဲ့အခါ ဟောက်စေနိုင်ပါတယ်။

ရှောင်ရမည့် အစားအသောက်များ

– ဆီကြော်စာ၊

– နို့နှင့် နို့ထွက်ပစ္စည်းများ၊

– အရက်၊

– ချောကလက်၊

– တာရှည်ခံအောင် ပြုပြင်ထားတဲ့အစာ၊

– ကာဗိုဟိုက်ဒရိတ်အစာ


(၁၀) ဟောက်ခြင်းလျော့ပါးစေမည့် သဘာဝအိမ်တွင်းကုထုံးသုံးပါ

အောက်ပါ သဘာဝပစ္စည်းတွေက သင့်ခန္ဓာကိုယ်က အချွဲထွက်ရှိမှုပမာဏကို လျော့ကျစေပြီး ကိုယ်ခံအားစနစ်အားကောင်းကာ အာဟာရရရှိမှုမြင့်မားစေပါတယ်။ ဒါ့အပြင် လည်ချောင်းနဲ့ နှာခေါင်းလမ်းကြောင်းကနေ အချွဲအပိုတွေ ထွက်ရှိစေပြီး အသက်ရှူလမ်းကြောင်းကိုရှင်းလင်းစေပါတယ်။
ပါဝင်ပစ္စည်းများ

– မုန်လာဥနီ နှစ်လုံး၊

– ပန်းသီး နှစ်လုံး၊

– သံပရိုသီးတစ်လုံးရဲ့ လေးပုံတစ်ပုံ (အရည်ညှစ်ထားပါ)

– ချင်း (ဂျင်း)လက်တတို့၊

– လိမ္မော်ရည် အကြမ်းပန်းကန်လုံးတစ်ခွက် ပါဝင်ပစ္စည်းအားလုံးကို ရောကြိတ်မွှေပြီး အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top