Healthy Life Ad
Life Style

Ajinomoto ဟင်းချိုမှုန့်

ဒေါက်တာတင့်ဆွေ

မေး ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အချိုမှုန့်ကို ဟင်းထဲမှာထည့်ပြီး စားသောက်လေ့ရှိကြပါတယ်။ နိုင်ငံခြားမှာ လုံးဝမစားသလောက်ပါပဲ။ စားသောက်ဆိုင်တွေကအစ ဟိုတယ်အဆုံးဆိုသလို နိုင်ငံခြားမှာ အချိုမှုန့်ကို မသုံးစွဲကြဘူး။ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေနဲ့ ဓါတုဗေဒပါဝင်မှုတွေကို သိချင်ပါတယ်။ နောက်ပြီး မြန်မာတွေဟာ ဘယ်ခုနှစ်လောက်ကစတင်သုံးစွဲလာခဲ့ကြပါသလဲ။

ဖြေ ။ နောက်ဆုံးမေးတာ ကျွန်တော် မသိပါ။ ဆရာတယောက်တော့ ၁၉၇၃ မတိုင်ခင် သုံးစွဲတာ မများသေးဘူးလို့ ရေးတာဖတ်ရတယ်။ ဟင်းချိုမှုန့်ကို မြန်မာပြည်မှာ (အာဂျီနိုမိုတို)လို့သာ လူသိများတယ်။ Ajin-omoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ (ကော်ပိုရေးရှင်း)ရဲ့ နာမည်သာဖြစ်ပါတယ်။ Aspartame ခေါ်တဲ့ အချို အတုထုတ်လုပ်တဲ့ ၉ ဘီလျံတန် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းဖြစ်တယ်။ အချိုမှုန့်ကို ဓာတုဗေဒနဲ့ ပြောရရင် Monosodium glutamate (MSG) ဖြစ်တယ်။ ဒေါ်လာ ၆၇ သန်းဖိုးရောင်းနေရတယ်။

၁၉၀၈ မှာ တိုကျို ဘုရင့်တက္ကသိုလ် ပါမောက္ခ Kikunae Ikeda uae Glutamic acid ကို အရသာထူးစေတဲ့ဓာတ်အဖြစ် ပင်လယ်မှော်ထဲကနေ စတင်ဖော်ထုတ်ခဲ့တယ်။ ချိုတာလည်းမဟုတ်၊ ငန်တာလည်းမဟုတ်၊ ချဉ်တာလည်းမဟုတ်၊ ခါးတာလည်း မဟုတ်တဲ့ အရသာကို ပေးတယ်။ Suzuki (ဆူဇူကီး) ညီအစ်ကိုတွေကနေ ၁၉၀၉ ကတည်းက Ajin-omoto ဆိုပြီး ရောင်းတယ်။ “အရသာရဲ့ အသဲနှလုံး” လို့ အဓိပ္ပါယ်ရတယ်။

MSGကို သုံးနေကြတာ နှစ်ပေါင်း ၁၀ဝ ကျော်ပါပြီ။ ဒါကြောင့် စိတ်ချနိုင်တယ်လို့ပြောလဲ မမှားပါ။ အမေရိကားမှာ FDA ကနေ ၁၉၇၀ မှာ အသိအမှတ်ပြုပေးခဲ့တယ်။ ဒီကာလအတွင်းမှာ လေ့လာမှုတွေအများကြီး သုတေသနလုပ်ခဲ့ပါတယ်။ နိုင်ငံတကာရော ဂျပန်က လေ့လာမှုတွေအရ ယေဘုယျပြောရင် စိတ်ချရတယ်လို့ ဆိုနိုင်တယ်။

MSG သက်သက်က အရသာ မထူးစေပါ။ တခုခုနဲ့ရောရတယ်။ အသားနဲ့၊ ငါးနဲ့၊ အသီးအရွက်နဲ့ ရောတာမျိုးလုပ်ရတယ်။ မြန်မာတွေကတော့ လက်ဖက်ထဲ၊ အသုပ်မှန်သမျှထဲထည့်ကြတယ်။ ဘယ်ဟင်းထဲမှာ ဘယ်လောက်ရောရမယ်ဆိုတာတော့ မတူဘူး။ အချိုမှုန့်က များသွားပြန်ရင်လဲ အရသာပျက်တယ်။ MSG 1gm/100ml ထက်ကျော်တာနဲ့ စားလို့ မကောင်းတော့ဘူး။

လူ့ကိုယ်ကနေ Glutamate ကို ကျေချက်နိုင်ပါတယ်။ အဆိပ်ဖြစ်မှု အလွန်မတန်နည်းတယ်။ ကြွက်တွေကိုစမ်းတော့ 15 to 18 g/kg ပေးရင် သေစေနိုင်တာတွေ့ရတယ်။ ဆားကို 3 g/kg ပေးရင် သေစေနိုင်တာမို့ ၅ ဆနည်းတယ်။ MSG ကို ဝိုင်၊ ဗနီဂါ၊ ချောကလက်တွေကို လုပ်သလို Bacterial fermentation (ဗက်တီးရီးယား)သုံးပြီး ကစော်ဖောက်သလို လုပ်ရတယ်။ နောက်တဆင့်မှာ ဆားရောထည့်ရတယ်။ Soy sauce ပဲငန်ပြာရည် လုပ်တာနဲ့လဲတူတယ်။

MSG ဟင်းချိုမှုန့်နဲ့ Sodium chloride ဆားဟာ အပြန်အလှန် ဓာတ်ပြုမှုရှိကြတယ်။ ဒါကြောင့် ဟင်းချိုမှုန့်ခပ်ရင်ဆားလျှော့ခပ်ရတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါရှိသူတွေနဲ့ မသင့်ဘူး။ ဆေးပညာအလိုအရ ဘေးထွက်ဆိုးကျိုးတွေကို စာရင်းကောက်တော့ ရင်ဘတ်နာ၊ ခေါင်းကိုက်၊ မျက်နှာနီမြန်း၊ ချွေးထွက်၊ မျက်နှာထုံကျင်၊ ပျို့-အန်ချင်၊ အားယုတ်၊ နှလုံးခုန်မြန်တာတွေလို့ ဆိုပါတယ်။

ဒါနဲ့ Chinese Restaurant Syndrome “တရုတ်စားသောက်ဆိုင်ရောဂါ”လို့ ၁၉၆၈ ကတည်း ကခေါ်တယ်။ ဆေးပညာအရ MSG symptom complex လို့ ခေါ်တယ်။ “တရုတ်စားသောက်ဆိုင်ရောဂါ”ရဲ့ အကြောင်းတရားဟာ MSG လို့ ၁၉၆၈ အစီရင်ခံစာကဆိုပါတယ်။ အဲဒီကတည်းကနေ သုတေသနတွေလုပ်ကြပေမဲ့ ဟင်းချိုမှုန့်နဲ့ ရောဂါလက္ခဏာတွေ ဆက်စပ်မှုကိုတော့ သက်သေမပြနိုင်သေးပါ။

တရုတ် စားသောက်ဆိုင်တိုင်းက ဟင်းချိုမှုန့်မသုံးလို့ “တရုတ်စားသောက်ဆိုင်ရောဂါ”လို့ ခေါ်တာမမှန်နိုင်ဘူး။ ဒါကြောင့် အမေရိကားမှာ American Diet Syndrome အမေရိကန် အစားအသောက်ရောဂါလို့ ခေါ်လိုက်တယ်။ သူတို့ဆီမှာ လူတိုင်းစားသောက်ကြတဲ့အထဲက တရားခံ (၁) ဟာ KFC chicken (ကေအက်ဖ်စီ) ကြက်ကြော်နဲ့(၂) က Burger King (ဘာဂါ)ဖြစ်တယ်လို့ ထောက်ပြထားတယ်။ မတည့်သူမှာ ပန်းနာဖြစ်နိုင်တယ်။ သူ့ ကြောင့် ခေါင်းကိုက်တာကို Hot dog headache ခေါ်တယ်။

“Slow Poisoning of America အမေရိကန်တွေကို တဖြေးဖြေး အဆိပ်သင့်နေပြီ” ဆိုတဲ့ စာအုပ်တအုပ် ရှိတယ်။ အမေရိကန်တွေ အလွန်ဝစေတဲ့ တရားခံလို့ ဆိုထားတယ်။ စွဲစေတယ်လို့လည်း ထောက်ပြတယ်။ အစားအသောက် စွဲလမ်းမှုတွေထဲ မှာ အရက်၊ ဝိုင်၊ ဆားနဲ့ ဟင်းချိုမှုန့်တွေ ထည့်ပြီး ချက်ပြုတ်ကြော်လှော်တာတွေပါတယ်။ The Taste That Kills”သေစေတဲ့ အရသာ” ဆိုတဲ့ စာအုပ်ကတော့ MSGကနေ ကလေးတွေရဲ့ ဦးနှောက်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

“သဘာဝအရာ မဟုတ်သမျှ စိတ်မချတဲ့ အယူအဆ”ဟာ မလွန်ကဲရင် ကောင်းတာချည်းပါပဲ။

_ _ _
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top