Healthy Life Ad
Life Style

ညည အိပ်ရင်းလန့်နိုးနေသလား . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အိပ်ပျော်နေရာကနေ ညသန်းခေါင်ချိန်မှာ ရုတ်တရက် လန့်နိုးလာပါသလား။ ညည အိပ်ရင်း မိုးမလင်းသေးဘဲ လန့်နိုးလာတာကြောင့် ပင်ပန်းနွမ်းနယ်နေပါသလား။ ညဘက်အိပ်ရင်း လန့်နိုးတဲ့အခါ ပြန်အိပ်ပျော်ဖို့ ခက်ခဲတဲ့အတွက် လန့်နိုးစေတဲ့ အကြောင်းရင်းတွေကို သိနားလည်ပြီး ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

အကြောင်းရင်း (၁) ဆီးသွားချင်လွန်းလို့
ညဘက်မှာ ရေကို လျှော့သောက်တာတောင် တစ်ညမှာ ၂-၄ ကြိမ်ခန့် ဆီးသွားချင်လို့ လန့်နိုးနေရင် အိပ်ရာမဝင်ခင် ရေသောက်တဲ့အခါ ဆားတတို့လောက် ထည့်သောက်ပေးလိုက်ပါ။ ကျွန်မတို့ ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆား ဟန်ချက်ညီမျှအောင် ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့အတွက် ဆားအလုံအလောက်မရှိဘဲ ရေများလွန်းနေရင် ညဉ့်လယ်မှာ ဆီးသွားချင်လို့ လန့်နိုးနေတတ်ပါတယ်။

လန့်မနိုးစေရန်
အိပ်ရာမဝင်ခင် မိနစ် ၃၀ အလိုမှာ ဆားတတို့ ခတ်ထားတဲ့ ရေတစ်ခွက် သောက်လိုက်ပါ။ ဆားက ဆဲလ်ထဲကို ရေတွေဝင်ရောက်အောင် ကူညီနိုင်တဲ့အတွက် ခန္ဓာကိုယ်က ရေကော ဆားကိုပါ စုပ်ယူထားပါလိမ့်မယ်။

အကြောင်းရင်း (၂) ခန္ဓာကိုယ် ပူလွန်းလို့
အိပ်စက်မှုဖောင်ဒေးရှင်းအရ ပူအိုက်တဲ့ ခံစားချက်ဟာ အိပ်မောကျဖို့ ခက်ခဲတယ်လို့ သိရပါတယ်။ သင် စောင်ခြုံထားလို့ပဲ ဖြစ်ဖြစ်၊ မခြုံထားလို့ပဲ ဖြစ်ဖြစ် အခန်းအပူချိန်က သင့်ခန္ဓာကိုယ်ကို ပုံမှန်အပူချိန်မှာထိန်းထားပေးနိုင်ပါတယ်။

လန့်မနိုးစေရန်
လူတွေက အခန်းအပူချိန် ၆၀နဲ့ ၆၅ ဒီဂရီဖာ ရင်ဟိုက်ကြားမှာသက်သောင့်သက်သာ အိပ်စက်နိုင်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ရေချိုးတာ အကောင်းဆုံးပါ။ ကြက်သီးနွေးရေချိုးတာကြောင့် ခန္ဓာကိုယ် အပူချိန်အနည်းငယ် လျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

အကြောင်းရင်း(၃)ညဉ့်နက်တဲ့အထိ ဖုန်းပွတ်နေလို့
အိပ်ရာဝင်ချိန်မှာ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေ အသုံးများရင် အိပ်ရေးပျက်စေနိုင်ပါတယ်။ အကြောင်းကတော့ စကရင်အလင်းရောင်နဲ့ ထိတွေ့မှုများတဲ့အတွက် ခန္ဓာကိုယ်မှာ မယ်လတိုနင် ထွက်ရှိမှု ရပ်တန့်ရာက အိပ်ရေးပျက်ရတာပါ။

လန့်မနိုးစေရန်
အိပ်ရာမဝင်ခင် နာရီအနည်းငယ်အလိုကတည်းက အခန်းအလင်းရောင်ကို လျှော့ချပြီး စကရင်တွေကို မသုံးသင့်တော့ပါဘူး။ လေ့လာမှုအရ စမတ်ဖုန်းက ထွက်ရှိတဲ့ အပြာရောင် အလင်းတန်းဟာ အိပ်စက်မှု ပြဿနာအပေးဆုံးဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းရင်း (၄) ညဘက် အရက်သောက်လို့
အရက်သောက်တာကြောင့် အိပ်ငိုက်နိုင်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို အဟန့်အတားဖြစ်စေပါတယ်။ အယ်လ်ကိုဟောက စိတ်ငြိမ်စေတဲ့ အာနိသင်ရှိတာကြောင့် အလွယ်အိပ်ပျော်သွားပေမယ့် အရက်သောက်များရင်တော့ အိပ်ရေးဝ၀ အိပ်မောကျတဲ့ အဆင့်ကို ထိခိုက်စေနိုင်ပါတယ်။

လန့်မနိုးစေရန်
အိပ်ရာမဝင်ခင် သောက်သင့်တဲ့ အကောင်းဆုံး အရက်ဆိုတာ မရှိပါဘူး။ ဒါကြောင့် အိပ်ခါနီး အရက် မသောက်ပါနဲ့။

အကြောင်းရင်း (၅) စိတ်ဖိစီးမှုများနေလို့
စိတ်ဖိစီးမှုက ညည အိပ်မပျော်အောင် နှောင့်ယှက်နေတတ်ပါတယ်။ အိပ်ပျော်ခဲ့ရင်လည်း အိပ်မက်ဆိုးမက်ပြီး လန့်နိုးတတ်ပါတယ်။

လန့်မနိုးစေရန်
တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့ စိတ်ဖိစီးမှု လျှော့ချနည်းတွေ လုပ်ဆောင်ပြီး ပူပင်သောကကို လျှော့ချကာ စိတ်ခံစားမှု ကောင်းအောင် မြှင့်တင်လိုက်ပါ။ အိပ်ရေးဝ၀ အိပ်မောကျစေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top