Healthy Life Ad
Child

ဆိုးတဲ့ကလေး မရှိပါ

ဒေါက်တာသီရိ

မနေ့က ဈေးသွားရင်း သူများလွှင့်ပစ်ထားတဲ့ ၂ လသားလောက်အရွယ် ကြောင်လေးတစ်ကောင် မွေးဖို့ အိမ်ခေါ်လာခဲ့ပါတယ်။ လမ်းမှာ ကြောင်စာဝင်ဝယ်၊ အိပ်ဖို့နေရာစီစဉ်ပေး၊ ဒါပေမဲ့ သူ့ကိုထိုင်စကားပြောပေးနေမှ အစာစားတယ်၊ ခွေပြီး အိပ်နေလိုက်၊ ခဏနေ ပေါင်ပေါ်လာအိပ်လိုက်၊ အိမ်ကသား သားကြီးကျယ်(၂ နှစ်သားအရွယ် Chihuahua လေးပါ)ကိုချီထားရင် သူ့မျက်လုံးတွေက အရမ်းဝမ်းနည်းနေတဲ့ ပုံလေးနဲ့ ကြည့်နေပါရော။ ဒါပေမဲ့ ကြီးကျယ်ကိုလည်း မကြိုက်ပြန်ဘူး။ အနားလာတာနဲ့ မာန်ဖီ၊ ကုတ်ဖို့လုပ်ပြီး ရန်ရှာပါတယ်။ တခုသေချာတာကတော့ သူ့မျက်လုံးတွေက ဘာကိုမှ မရေရာ၊ မသေချာ ဘာလုပ်ရမှန်းမသိဖြစ်နေတာပါ။ သူ့ကိုနွေးနွေးထွေးထွေး ဆက်ဆံတာလည်းခံချင်တယ်။ တခါတလေကျရင်လည်း အရမ်းကြမ်းတမ်းနေတတ်ပါတယ်။

ကြောင်လေးကို ကြည့်နေရင်း Emily ဆိုတဲ့ ကလေးလေးကို သွားသတိရမိပါတယ်။Emily နဲ့ အဓိကတွေ့ရတဲ့ ပြဿနာကတော့ ကျောင်းမှာအဆင်မပြေတာပါ။ Class activities တွေမှာလဲဝင်မပါ၊ ထစ်ကနဲရှိ အတန်းဖော်သူငယ်ချင်းတွေရေးထားတဲ့ အရုပ်တွေ၊ ပုံတွေပေါ်မှာ လိုက်ခြစ်ပြီးဖျက်ဆီးပစ်တာတို့ပါ။ (အနောက်နိုင်ငံ အများစုရဲ့ ပညာရေးစနစ်က လေးတန်းလောက်အထိ စာကို အဓိကမသင်ပါဘူး၊ Activities တွေပဲ လုပ်ရတာများပါတယ်)နောက်ဆုံးတစ်ခေါက်မှာ ဆရာမက ဘာလို့လုပ်ရတာလဲမေးတာကို တံတွေးနဲ့ လှမ်းထွေးတာပါ။ သူ့ဆရာမလည်း တော်တော်စိတ်ညစ်နေပါပြီ။

အဲတော့ ဒီကလေးက အရမ်းဆိုးတဲ့ ကလေးလား . .

စိတ်ဓာတ်အောက်တန်းကျတဲ့ကလေးလား . .

မွေးရာပါ ဉာဉ်မကောင်းတဲ့ ကလေးလား . .

ဒီကလေးနဲ့ ပတ်သက်ပြီး ဘာလုပ်ကြမလဲ . .

စည်းကမ်းတခါချိုးဖောက်တိုင်း တခါရိုက်ပြီး အပြစ်ပေးမလား . .

ဒါမှမဟုတ် နောက်မလုပ်တော့အောင် အရှက်ခွဲတဲ့အနေနဲ့ အတန်းပြင်ထုတ်ပြီး လက်မြှောက်ခိုင်းထားမလား။

ပိုပြီးစည်းကမ်းကြီးတဲ့ (ဒါမှမဟုတ်) အရိုက်ကြမ်းတဲ့ တခြား ဆရာ၊ ဆရာမအခန်းမှာ ပြောင်းထားမလား

ကျောင်းထုတ်ဖို့ စဉ်းစားမလား

Emily မေမေအနေနဲ့ရော ကျောင်းကတိုင်စာ တခါလာတိုင်း တခါရိုက်နှက်ဆုံးမမယ်၊ နင့်ကြောင့် ငါ့မှာ အကြိမ်ကြိမ် အရှက်ကွဲရတယ်၊ နင်ဟာတော်တော်ဂြိုလ်မွေတဲ့ သမီးပဲ စသဖြင့်ဆူပူကြိမ်းမောင်းတာတွေအပြင် တခြားဘာတွေလုပ်နိုင်ဦးမလဲ….

အစပိုင်းမှာ Emily နဲ့ စကားပြောရတာ တော်တော်ခက်ခဲပါတယ်။ အရပ်စကားနဲ့ပြောရရင် တော်တော်ကို ထုံပေပေညစ်စုတ်စုတ်နိုင်တဲ့ ကလေးပါ။ မျက်နှာအမူအရာက တော်တော်လေးကို ခက်ထန်ပြီး ခေါင်းကို အမြဲငုံ့ထားပါတယ်။ သူနဲ့ စကားပြောရင် အများဆုံးကြားနိုင်တာက “Yes,No” ဒါပါပဲ။ သူနဲ့ တဖြည်းဖြည်းရင်းနှီးမှု တည်ဆောက်ရင်းနဲ့မှ နောက်ဆုံး ခင်ခင်မင်မင်ဖြစ်သွားချိန် သူ့ဆီက သိရတာက

သူ့အဖေနဲ့ အမေ အိမ်မှာ ရန်ဖြစ်နေတာတွေကို သူမကြည့်ချင်ဘူး။ အဖေအမေတွေနဲ့ ပျော်နေတဲ့ သူငယ်ချင်းတွေကို သူကြည့်ရင်း အစပိုင်း အားကျတယ်၊ သူ အဲဒီလို ဘဝမျိုးကို ဘယ်လိုမှ မရနိုင်မှန်း သိလာတဲ့အခါ သူ့ပတ်ဝန်းကျင်က သူငယ်ချင်းတွေနဲ့ မကစားချင်တော့ဘူး၊ စကားလဲမပြောချင်တော့ဘူး၊

တဖြည်းဖြည်းနဲ့ ဆိုးတဲ့ကလေးဆိုပြီး နာမည်ကြီးလာလေ သူနဲ့ ပေါင်းမယ့်သင်းမယ့် သူငယ်ချင်းရှားသထက်ရှားလာတယ်။ သူငယ်ချင်းတွေကိုလည်းအရမ်းမုန်းတယ်၊ သူ့ကို ခဏခဏဆူတဲ့ ဆရာမကိုလည်း မုန်းတယ်၊ သူ့ကိုစိတ်ပျက်တယ်လို့ ပြောတဲ့ သူ့အမေကိုလည်း မုန်းတယ်။ ဒီလိုနဲ့ သူကိုယ်တိုင်လည်း လူ့အဖွဲ့အစည်း (society)ရဲ့ အပြင်ကို ရောက်သထက်ရောက်လာတယ်။ နောက်ပိုင်းမှာ ဖျက်လိုဖျက်ဆီးလုပ်တဲ့ ကလေး၊ ပုန်ကန်တဲ့ (rebellious ဖြစ်တဲ့)ကလေးဆိုပြီး နာမည်ပျက်လာပါတယ်။

ဒီကလေးမျိုးကို အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် ရိုက်နှက်အပြစ်ပေးဆူပူဆုံးမနေရုံနဲ့ ဘယ်တော့မှကောင်းလာမှာမဟုတ်ဘဲ ပို၍ပို၍ဆိုးတဲ့ကလေးပဲဖြစ်လာမှာပါ။ ကလေးတယောက် ဘာလို့ဆိုး နေတာလဲဆိုတာကိုအခြေခံအကြောင်းရင်း ရှာကြည့်ဖို့လိုပါတယ်။ Emily ဆိုရင် ဆေးပညာစကားနဲ့ ပြောရရင် adjustment disorder ဖြစ်တာပါ။ တကယ်တမ်းကတော့ adjustment disorder လို့ စကားလုံးကြီးကြီးသုံးထားပေမယ့် ကလေးမှာမှ မဟုတ်ပါဘူး။ လူတော်တော်များများမှာ ဖြစ်ဖူးကြပါတယ်။ ပုံမှန်ရှိနေတဲ့ အခြေအနေကနေ အပြောင်းအလဲဖြစ်သွားတဲ့အချိန်မှာ အပြောင်းအလဲကို လိုက်လျောညီထွေမနေနိုင်တဲ့ အခြေအနေကိုခေါ်တာပါ။ ကလေးတွေမှာတော့ အများအားဖြင့် ကျောင်းအသစ် ပြောင်းရတာမျိုး၊ အိမ်မှာ အမေအဖေ အဆင်မပြေတာမျိုး၊ သူရဲ့ ချစ်ခင်ရင်းနှီးသူတယောက်ယောက်နဲ့ ခွဲခွာရတာ၊ ဆုံးသွားတာမျိုး စတဲ့ အခြေအနေတွေမှာ ဖြစ်လေ့ရှိပါတယ်။

အချုပ်အနေနဲ့ ပြန်ပြောရရင် ကျွန်မရဲ့ကြောင်လေးသည်လည်း (ကျွန်မမသိနိုင်တဲ့)သူ့သခင်အဟောင်းက လွှင့်ပစ်ခဲ့တယ်၊ ဘာလုပ်ရမှန်းမသိတော့ ဈေးထဲမှာပဲ လျှောက်သွားနေရင်း ငတ်တလှည့်ပြတ်တလှည့်နဲ့ နေခဲ့ရတယ်။ သူ့မှာ ကြောက်ရွံ့မှုတွေ၊ မလုံခြုံဘူးဆိုတဲ့ ခံစားချက်တွေ ဘယ်လောက်တောင် ဖြစ်နေခဲ့ရလဲ ဘယ်သူမှမသိနိုင်ပါဘူး။ သူ့ကိုတွေ့တာက သံပရာသီးပုံတွေကြားမှာ အိပ်နေတာပါ။ ကျွန်မအမျိုးသားက ကြောင်လေးချစ်စရာလေးလို့ ကျွန်မပြောတာကို ဈေးရောင်းတဲ့ အစ်မကြီးက ကြားသွားပြီး လိုချင်ရင် ခေါ်သွားလိုက်လိုက်၊ မွေးမယ့်လူမရှိတော့ လျှောက်သွားရင်း ခွေးကိုက်သေသွားမှာစိုးလို့ပါတဲ့။ ကျွန်မကြောင်လေးသည်လည်း ပတ်ဝန်းကျင်အသစ်ကို ညှိ(Adjust) နေရပါတယ်။ သူနေသားကျသွားဖို့ အချိန်တစ်ခု ယူနိုင်ပါတယ်။ ဒါသည်ခဏလေးဖြစ်ချင်ဖြစ်မယ်၊ ကြာချင်ကြာမယ်။

ဒီလိုပါပဲ . . ကျွန်မတို့ ပတ်ဝန်းကျင်က ကလေးလေးတွေမှာရော သူတို့ဘာသာသူတို့ Adjust လုပ်နေရတဲ့ အခြေအနေတွေရှိနေနိုင်ပါတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ မိဘအုပ်ထိန်းသူတွေ၊ ပတ်ဝန်းကျင်က ကလေးကို စောင့်ရှောက်ပေးနေကြတဲ့ သူတွေအားလုံး ကလေးတယောက် ဆိုးတယ်၊ ပြောမရဘူး၊ ရိုင်းတယ်၊ ဂျစ်ကန်ကန်ဖြစ်တယ် စသဖြင့် ကိုယ်ချမှတ်ထားတဲ့ စံနှုန်းတခုမကိုက်ရင် ကျွန်မပေးထားတဲ့ ဥပမာလေးကို သတိရပြီး ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုပြီး ရှာပေးနိုင်ရင် ဝမ်းနည်းအားငယ်တာကို မုန်းစရာကောင်းတဲ့ အပြုအမူတွေနဲ့ ဖုံးကွယ်နေကြတဲ့ ကလေးလေးတွေကိုအများကြီး ကူညီပေးနိုင်မှာပါ။ ကျွန်မတို့ မြန်မာပြည်မှာက စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ လူတန်းစား အရမ်းများတဲ့အတွက် အိမ်တွင်းပြဿနာလေးတွေ အများကြီးရှိနေနိုင်ပါတယ်။ ဒါတွေက တဆင့်ကလေးတွေမှာ မဖော်ပြတတ်တဲ့စိတ်ဒဏ်ရာ (Psychological trauma) တွေဘယ်လောက်တွေတောင်ရှိနေလဲမပြောနိုင်ပါဘူး။ တကယ်တော့”ဆိုးတဲ့ကလေးမရှိပါဘူး၊ သင်ကြားထိမ်းကြောင်းပေးတတ်ဖို့ပဲလိုတာပါ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

Healthy Life Ad
To Top