Healthy Life Ad
Life Style

၂၀ဝ၀ပြည့်နှစ်မှစတင်၍ သားအိမ်ခေါင်းကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် အူလမ်းကြောင်း ကင်ဆာ စသည့် ကင်ဆာလေးမျိုးကို ကျော်လွှားခဲ့သူ ဒေါ်စီစီမာ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀ဝ၀ပြည့်နှစ် အသက် ၄၈ နှစ်အရွယ်မှစ၍ သားအိမ်ခေါင်းကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့်အူလမ်းကြောင်းကင်ဆာ စသည့် ကင်ဆာလေးမျိုးကို ကျော်လွှားအောင်မြင်ထားသူ ဒေါ်စီစီမာက သူ၏ကင်ဆာခရီးလမ်းအစကို ယခုလို ပြန်လည်ပြောပြခဲ့သည်။

“၂၀ဝ၀ ပြည့်နှစ် အသက် ၄၈ နှစ်မှာ ကင်ဆာစဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာပါ။ အစ်မတစ်ဝမ်းကွဲ သားအိမ်ကင်ဆာဖြစ်လို့ ရန်ကုန်မှာ ခွဲစိတ်ပြီး စင်ကာပူမှာ ဓာတ်ရောင်ခြည်သွားပေးတာ လိုက်ပို့အကူအညီပေးပါတယ်။ နေ့စဉ် ဆေးရုံကို အဖော်လိုက်သွားရင်း တစ်နေ့မှာ မိန်းမကိုယ်မှ သွေးစလေးတွေ ဆင်းဆင်းနေပြီး အတွင်းခံဘောင်းဘီမှာ ပေနေတတ်လို့ ခင်မင်တဲ့ မြန်မာဆရာဝန်မကြီးကို ပြောပြလိုက်ပါတယ်။ ချက်ချင်းပဲ ကင်ဆာအထူးကု ဆရာဝန်ကြီးနဲ့ ချိတ်ဆက်ပြီး သားအိမ်ခေါင်းတွင်း မှန်ပြောင်းကြည့်စစ်ဆေးပေးရာ ကင်ဆာပထမအဆင့် ဖြစ်နေမှန်း သိရပါတယ်။ ဒါနဲ့ မြန်မာပြည်ပြန်ပြီး ခွဲစိတ်ကုသပါတယ်။ စင်ကာပူမှာ ကုရင် အဲဒီအချိန်က ဆေးကုသစရိတ်တင် သိန်း ၃၀ ကုန်မယ်လို့ ဆရာဝန်ကြီးတွေက ခန့်မှန်း တွက်ချက်ပေးပါတယ်။ ဒါကြောင့် မြန်မာပြည်ပြန်ပြီး ချက်ချင်း ခွဲစိတ်ကုသ၊ ဆေးသွင်း၊ ဓာတ်ရောင်ခြည်ပေးကုသရာ ပျောက်ကင်းသွားပါတယ်။

ဆေးသွင်းကုသစဉ် အစာစားတိုင်း ဝမ်းတွေသွားပါတယ်။ ပေါင်ခြံကြား၊ တင်ပါးနှစ်ခုကြား စအိုဝတို့မှာ မီးလောင်ဖုတွေလို အပိမ့်တွေထွက်လာပြီး အင်မတန်ခံရခက်ပါတယ်။ အရည်သောက်တိုင်း လည်းဝမ်းသွားပါတယ်။ တစ်ခါတစ်ရံလည်း ဝမ်းချုပ်လို့ စိတ်ဆင်းရဲရပါတယ်။ နေရောင်ထဲထွက်ရင် သာမန်အချိန်ထက် ပိုပူတဲ့ဒဏ်ကို ခံစားရပါတယ်။ ဆေးကုသလို့ မပြီးမချင်း ရေလည်း မချိုးရပါဘူး။ မီးလောင်ဖုအနာတွေကို ဆေးလိမ်းပေးရပါတယ်။ ကင်ဆာဆေး ၃ ပတ်တခါခြား ၆ ကြိမ် သွင်းရပါတယ်။ ဓာတ်ရောင်ခြည်ကို နေ့စဉ် ၁၅ ကြိမ် ပေးရပါတယ်။ တစ်နှစ်ခွဲလောက်ကုသပျောက်ကင်းပါတယ်။ အပြင် ဆေးရုံမှာ ခွဲစိတ်ခ ၂ သိန်းပဲ ကုန်ပြီး ရန်ကုန်ဆေးရုံ ကြီးမှာ ဆေးသွင်းတာ၊ ရောင်ခြည်ပေးကုသတာ ဘာစရိတ်မှ မပေးရပါဘူး။ ၆ လတစ်ကြိမ် ၃ ခါလောက် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးမှု (Pap Smear Test)လုပ်ရာ ကောင်းနေလို့ တစ်နှစ်တစ်ခါ လုပ်ခိုင်းပါတယ်။ သုံးခါလောက် စစ်ပြီး နောက်မလုပ်ဖြစ်တော့ပါ။ စားတာကတော့ ထမင်းနဲ့ ဟင်း ပုံမှန်စားနေကျ အစားအသောက်တွေပဲ စားပါတယ်” ဟု အန်တီဒေါ်စီစီမာက ပြောသည်။

ထိုအချိန်က သားသမီးသုံးဦးရှိသည့် အိမ်ရှင်မ တစ်ဦးဖြစ်သည့် ဒေါ်စီစီမာသည် အိမ်မှုကိစ္စများနှင့် အချိန်ကုန်နေသဖြင့် ကုသိုလ်ရေးကို ပုံမှန် ဘုရားဝတ်ပြု၊ ဘုရားဝေယျာဝစ္စလုပ်ခြင်းလောက်သာ လုပ်ဖြစ်ခဲ့ကြောင်း သိရသည်။

“အဲဒီအချိန်ကတော့ ဘုရားတရားကို အရမ်း မလုပ်ဖြစ်ပါဘူး။ ဆွေမျိုးနဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေ သာရေးနာရေး၊ ဆေးရုံကိစ္စ လူပိုမရှိသူတွေကို လိုက်ပါစောင့်ရှောက်ပေးပါတယ်။ ကင်ဆာဖြစ်နေသူတွေကိုလည်း ကူညီပေးရပါတယ်။ အဖော်အဖြစ် ဆေးရုံလိုက်သွားပြီး အားပေး ကူညီရလေ့ရှိပါတယ်”
ပထမအကြိမ် ကင်ဆာကုသပျောက်ကင်းပြီး တစ်နှစ်ကျော်တွင် မည်သို့မှခံစားရခြင်းမရှိ၊ လူကောင်းပကတိအတိုင်း ဖြစ်နေ၍ ဒေါ်စီစီမာသည် သူ့ကိုယ်သူ အထူးတလည်ဂရုမစိုက်ခဲ့ပေ။ အိမ်ရှင်မ တစ်ဦးအဖြစ် ထုံးစံအတိုင်း အစိုးရအလုပ်လုပ်သည့် ခင်ပွန်း၊ ကျောင်းတက်နေသည့် သားသမီးသုံးဦး၊ ကျန်းမာရေးမကောင်းသော ယောက္ခမနှစ်ဦးအတွက် နေ့စဉ်စားဝတ်နေရေး၊ ကျန်းမာရေးတို့နှင့်သာအချိန် ကုန်ခဲ့ရသည်။

“အဖော်မရှိတဲ့အတွက် အိမ်မှုကိစ္စ ဝေယျာဝစ္စ တွေကိုပဲ ဦးဆောင်လုပ်ရပါတယ်။ စီးပွားရေးအလုပ် တော့မလုပ်ပါဘူး။ ကိုယ့်ကျန်းမာရေးအတွက် နှစ်ပေါင်းများစွာ နံနက်တိုင်း အချိန် ၁ နာရီ-၂ နာရီလောက်လမ်းလျှောက်ဖြစ်ပါတယ်”ဟု ဆိုသည်။

_ _ _

သားအိမ်ခေါင်းကင်ဆာ ပထမအဆင့် ကုသပျောက်ကင်းပြီး ၁၀ နှစ်အကြာ ၂၀၁၁ခုနှစ်တွင် ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) ဖြစ်ခဲ့ပြန်သည်။
“သားသမီး သုံးယောက်စလုံး စင်ကာပူမှာ ကျောင်းတက်၊ အလုပ်အကိုင်တွေရလို့ အိမ်တွေနဲ့ အေးအေးဆေးဆေးရှိတော့ အမေနဲ့ အဖေကို အလည်ခေါ်ပါတယ်။ ခဏသွားလည်ရင်း လည်ပင်းက အရိုး (Colar Bone) မှာ တစ်နေ့ နေ့လယ်ပိုင်း အဖုကြီးနှစ်ဖု မာမာကြီး စမ်းမိလို့ မှန်ထဲကြည့်လိုက်တဲ့အခါ ဘုကြီးနှစ်ခု တွေ့လိုက်ရပါတယ်။ ဒါနဲ့ သားကSGHကို ခေါ်သွားပြီး ဆရာဝန်နဲ့ စစ်ဆေးကြည့်ပါတယ်။ ဆရာဝန်ကြီးက အသားစလည်းယူ၊ အရည်ကိုလည်း စုပ်ယူပြီး စစ်ဆေးမှုတွေ လုပ်ကြည့်တဲ့အခါ ပြန်ရည်ကျိတ်ကင်ဆာဖြစ်နေမှန်း သိရပါတယ်။ သိသိချင်းပဲ ဆရာဝန်ကြီးရဲ့ ဆက်သွယ်ပေးမှုနဲ့ မလေးရှားနိုင်ငံ၊ KLက ကင်ဆာအထူးကု ဆေးရုံကြီး မှာ သွားကုဖို့ ဆုံးဖြတ်ရပါတယ်။ ဒီကင်ဆာက ပြန့်နှံ့ မှုမြန်တယ်ဆိုလို့ ပြေးကြရပါတယ်။ ဟိုရောက်တော့ ဆရာဝန်ကြီးက ချက်ချင်း ဆေးရုံတင်ပြီး ကုပေးပါတယ်။ မခွဲစိတ်ရပါ။ ကင်ဆာဆေးကို ၆ ကြိမ်၊ သုံး ပတ်ခြားတစ်ခါ သွားသွင်းရပါတယ်”ဟု ပြန်ရည်ကျိတ်ကင်ဆာ ကုသမှုအကြောင်း ပြောပြခဲ့သည်။

စင်ကာပူမှ မလေးရှားနိုင်ငံ ကွာလာလမ်ပူအထိ ဂနာရီကြာ သားက ကားမောင်းလိုက်ပို့ကာ ဆေးသွားသွင်းရကြောင်း၊ ဆေးရုံတွင်တစ်ညအိပ်ပြီး တစ်ညလုံး နားနားနေနေ သွင်းရကြောင်း သိရသည်။

“ပထမအကြိမ် ဆေးသွင်းပြီးတာနဲ့ နောက်နေ့ မှာပဲ လည်ပင်းညှပ်ရိုးပေါ်က အဖုကြီးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။ လူကတော့ ဆေးသွင်းပြီး ဘယ်လိုမှ မခံစားရပါဘူး။ စင်ကာပူကို ပြန် လာတော့လည်း ကားနဲ့ပဲ ၈ နာရီလောက် သားက ကားမောင်းပြီ ပြန်လာကြပါတယ်။ မူးတာ၊ မောတာ၊ ပျို့အန်တာ ဘာမှမဖြစ်ပါဘူး။ ဆရာဝန်ကြီး ဘာဆေးတွေ သွင်းပေးလဲမသိပါ”

ထိုအချိန်တွင် လမ်းဘေးအစားအစာ ဘာမှမစားရဘဲ ရေများများ သောက်ခြင်း၊ သန့်ရှင်းသည့် ပန်းကန်၊ ဇွန်း၊ ခွက်တို့နှင့်သာ စားရခြင်း၊ လူများများ ရှိသည့် နေရာများ မသွားရခြင်း စသည့် အချက်များကို အမြဲမှာကြားကြောင်း သိရသည်။

“ရေလည်း နေ့တိုင်းချိုးလို့ ရပါတယ်။ သန့်ရှင်း ပူနွေးတဲ့ အစားအစာ အကုန်စားဖို့၊ လမ်းလျှောက်ဖို့၊ ရေများများ သောက်ဖို့ အထူးမှာပါတယ်။ ချွေးထွက်အောင်လုပ်ဖို့လည်း မှာတယ်။ အန်တီက ရေသောက်ရမှာကြောက်တယ်၊ ရေမကြိုက်လို့ သောက်တာနည်းတယ်။ အပေါ့ခဏခဏ မသွားချင်ဘူး။ ဒါက မဟာ အမှားကြီးပါပဲ။ လမ်းလျှောက် ချွေးထွက်တဲ့ အလုပ်တွေ အမြဲလုပ်ပေမယ့် ရေသောက်နည်းတဲ့အခါကျတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ မမှန်တော့ပါဘူး။

နောက်တစ်နှစ်လောက်နေတော့ ပေါင်ရိုးထိပ်မှာ အဆီတွေခမ်း၊ လမ်းလျှောက်ရင်နာ၊ ပေါင်ရိုးထိပ်နှစ်ဖက်စလုံး စားသွားလို့ ပေါင်ထိပ်ရိုးနှစ်ဖက်စလုံး အစားထိုးရပါတယ်။ ကြည့်မြင်တိုင် အရိုး၊ အကြော ဆေးရုံမှာ လုပ်တာဖြစ်ပြီး ဆရာဝန်ကြီးတွေရော ဆရာဝန်အငယ်တွေရော ကျွမ်းကျင်ပြီး ဂရုတစိုက် ကုသပေးကြပါတယ်။ အဲဒါတွေ ပျောက်ကင်းပြီး လူနာအဖြစ်က နာလန်ထမယ်မှ မကြံသေးဘူး။ ၄ နှစ်အကြာ ၂၀၁၆ မှာ ရင်သားကင်ဆာကုရပြန်ရော။ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်ဂရုမစိုက်မိပါ။ ရောဂါတစ်မျိုးပြီး တစ်မျိုးဖြစ်တော့ ကောင်းနေရင် ပုံမှန်အတိုင်း သွားလာ၊ တစ်ခါတလေလည်း ပင်ပန်းတယ်၊ မောတယ်ဆိုလှဲအိပ်နေလိုက်တာပဲ။ အိပ်နေ၊ လှဲနေတဲ့အခါမှာတော့ တရားမှတ်တဲ့ အကျင့်က အမြဲ ရှိပါတယ်။ ဝင်လေ-ထွက်လေကို ဝင်မှန်းသိ၊ ထွက်မှန်းသိ အမြဲသတိနဲ့ နေတတ်ပါတယ်။ ဘာရယ်လို့ တော့ ရည်ရွယ်ချက်မရှိပါ။ လူမှုရေးကိစ္စတွေကို မစဉ်းစားချင်လို့ အာရုံတစ်ခုကို ထိန်းထားတဲ့ သဘောပါပဲ။ ကိုယ့်စိတ်လေးငြိမ်နေအောင်လို့ပါ။ ရောဂါက တစ်ခုပြီး တစ်ခုဖြစ်၊ ခြေထောက် ခွဲစိတ်ထားတာကလည်း ၆ လလောက် လမ်းမလျှောက်နိုင်သေးတော့ အစားအသောက်ကလည်း ဖြစ်သလိုလေး ဝင်သလောက်လေးစားနေရတော့ အာဟာရချို့ယွင်းလို့ ဒီကင်ဆာတွေဖြစ်နေရတယ်လို့ ထင်ပါတယ်။

ညာဘက်ရင်သားအောက်ဘက်က ပူပူနေလို့ မှန်ထဲမှာ အင်္ကျီလှန်ပြီး ကြည့်မိတော့ အသားအရောင်တွေက မညီ လိမ္မော်ရောင်ဖြစ်နေပြီ။ ဘယ်ဘက်ရင်သားနဲ့ ပုံစံမတူတာတွေ့ရပါတယ်။ အဲဒီတော့မှ ဆရာဝန်ပြ ရင်သားဓာတ်မှန် (Mammogram) ရိုက်တော့ ဆရာဝန်က ဒီနေရာမှာ ကင်ဆာဖြစ်နေတာ တစ်နှစ်လောက်ရှိနေပြီလို့ပြောပါတယ်။ အဲဒီမှာ စပြီး ဘုရား၊ တရားပဲ သေချာလုပ်တော့မယ်။ တရားဆေးနဲ့ပဲ နေတော့မယ်။ ငါ ဆေးကုမခံတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ သားတွေ၊ သမီးတွေလည်း အကြောင်း မကြားတော့ဘဲ တရားစခန်းတစ်ခုမှာ အမြဲ တရားနှလုံးသွင်းပြီးနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ လူတွေနဲ့လည်း မတွေ့ချင်၊ အကြောင်းက ဒီရောဂါအကြောင်း မပြောချင်လို့ပါ”ဟု အန်တီဒေါ်စီစီမာက တတိယအကြိမ်ဖြစ်ပွားခဲ့သော ရင်သား ကင်ဆာအကြောင်း ပြောပြခဲ့သည်။

ဆွေမျိုးမိတ်ဆွေများ တော်ရုံမလာနိုင်သည့် နေရာကိုရှာရင်း သဘာဝဆရာတော်၏ မေမြို့ရွှေ ချောင်း သဘာဝတရားရိပ်သာကို ရွေးချယ်ပြီး ဆရာတော်ထံ ခွင့်တောင်း၍ သမီးဖြစ်သူ ဆရာလေးအကူအညီယူကာ ညီမတစ်ဦးလှူထားသည့် ဇရပ်တွင် တရားအားထုတ်ဖြစ်ခဲ့ကြောင်း သိရသည်။

“၁၀ ရက်လောက်ရောက်တော့ စင်ကာပူက သားကြီးနဲ့ သမီးငယ်တို့ လာခေါ်ပြီး ဆေးကုပါ၊ သူတို့ ကုပေးပါမယ်ပြောလို့ သူတို့မျက်နှာထောက်ပြီး ကုပေးချင်လည်း ကုပေးကြလေ၊ ကိုယ်ကတော့ လူပဲ စိုက် ရတာဆိုပြီး စင်ကာပူကို လိုက်ခဲ့ပြန်ပါတယ်။ စင်ကာပူရောက်တော့ သားကြီးက ချက်ချင်းပဲ မလေးရှားက ဆေးရုံတွေလည်း အဆင်မြင့်မြင့် ကုသနိုင်တယ်။ စင်ကာပူမှာဆေးကုရင်ပိုအဆင့်အတန်းမြင့်တဲ့ ဆေးပညာတွေရှိပေမယ့် ကုသစရိတ်က မလေးရှားထက် ၃ ဆပိုဈေးကြီးတယ်။ ဆရာဝန်၊ ဆေးပစ္စည်းစုံလင်မှု က သိပ်မကွာတော့ မလေးရှားမှာပဲ သွားကုဖို့ ဆုံးဖြတ်ရပါတယ်။ မလေးရှားနိုင်ငံ Johor Bahra အထူးကုဆေးရုံကြီးမှာ ကင်ဆာအထူးကုနဲ့ ပြ၊ ခွဲစိတ်ဆရာဝန်ကြီးနဲ့ တွေ့၊ ချက်ချင်းလုပ်စရာရှိတာလုပ်၊ ရန်ကုန်က ရိုက်လာတဲ့ ရင်သားဓာတ်မှန်ကိုကြည့်၊ တစ်ပတ်မှာတစ်ခါပဲ ရိုက်လို့ရတဲ့ PET Scan တောင် စောင့်မရိုက်နိုင်တော့ဘဲ ခွဲစိတ်ဖို့စီစဉ်ပေးပါတယ်”

စစ်ဆေးမှုအဖြေအရ ရင်သားကင်ဆာ အဆင့် (၃)ဟုသိရပြီး ဆေးခြောက်ကြိမ်သွင်းကာ ၁၅ ကြိမ် နေ့စဉ် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပေးကြောင်း သိရသည်။

“သွေးအားတွေလည်းကျ၊ သွေးဖြူဥတွေလည်းနည်းလို့ ဆေးသွင်းပြီးတိုင်း ဗိုက်မှာ သွေးဖြူဥတက်လာဖို့ ဆေးထိုးရပါတယ်။ ဝမ်းတွေလည်း အမြဲတမ်း မထိန်းနိုင်အောင် သွားပါတယ်။ ဒါကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်”

_ _ _

၂၀၁၇တွင် ဆေးကုသပြီး ၆လအကြာ ရင်သား ဓာတ်မှန်ပြန်ရိုက်ကြည့်သည့်အခါ ရင်သားကင်ဆာ ပျောက်ကင်းနေသော်လည်း အူလမ်းကြောင်း အဆုံးတွင် ကင်ဆာဖြစ်နေသည်ကို တွေ့ရပြန်ကြောင်း သိရသည်။

“အန်တီကတော့ ဖြစ်ချင်တာဖြစ်၊ ခန္ဓာကို စွန့်ထားပြီးသား ဖြစ်လို့ စိတ်ထဲမှာ ဘယ်လိုမှ မခံစားရတော့ပါ။ စိတ်မကောင်း၊ စိတ်မချမ်းသာတာမျိုးလည်း မဖြစ်ပါ။ ရင်သားကင်ဆာအတွက် ၅ နှစ် သောက်ရမယ့် ဆေးကို တစ်နေ့တစ်လုံး သောက်ရပါတယ်။ သားကြီးနဲ့သမီးငယ်ကတော့ တစ်ခုပြီး တစ်ခု ပျောက်အောင် ကုပေးဖို့ အားသန်ကြပါတယ်။ အဲဒီမှာ ခွဲစိတ်ဖို့လုပ်ရပြန်ပါတယ်။ ဒီတစ်ခါတော့ ဆရာဝန်တွေ အကြီးအကျယ်စိတ်ပူကြပါတယ်။ အသက်ကလည်း ကြီးလာ၊ ခွဲထားစိတ်ထား၊ မေ့ဆေးပေးထားတဲ့ အကြိမ်တွေကလည်းများ၊ နှလုံးက မခံနိုင်မှာစိုးလို့ အထူးကြပ်မတ်ကုသဆောင်(ICU)ထဲ ၅ရက်လောက်ထားပြီးမှ ရိုးရိုးလူနာဆောင်ထဲ ပြန်နေရပါတယ်”ဟု အူလမ်းကြောင်းကင်ဆာကုသမှုခရီးစဉ်အကြောင်း ပြောပြခဲ့သည်။

အူလမ်းကြောင်းအဆုံးတွင် သုံးနေရာဖြတ်ပြီး နှစ်နေရာဆက်ကာ အနာကျက်လောက်မှ ဆေးရုံက ဆင်းပြီး သုံးပတ်လောက်နေမှ ဆေးရှစ်ကြိမ်သွင်းရကြောင်း၊ ယခုတစ်ကြိမ်တွင် ဓာတ်ရောင်ခြည် ကုထုံးပေး၍ မရသဖြင့် ဆေးသွင်းပြီး ကုသခဲ့ကြောင်း ပြောပြခဲ့သည်။

“ပထမအကြိမ် ဆေးသွင်းပြီးတာနဲ့ အန်တီ မခံနိုင်ပါဘူး။ မျက်လုံးတွေကိုက်၊ ခေါင်းတွေကိုက်၊ ခြေတွေလက်တွေထုံ၊ လမ်းပါ မလျှောက်နိုင်တော့ပါ။ သွေးအားနည်းအရမ်းနည်းပြီး မတ်တပ်တောင် မရပ်နိုင်တော့ပါ။ ဒီလိုနဲ့ အိမ်ပြန်ရောက်၊ နောက်နေ့ တဖြည်းဖြည်း နေကောင်းသွားပါတယ်။ ဆေးသွင်းလို့ ခြောက်ကြိမ်မြောက်အပြီးမှာ ဆီးလမ်းကြောင်းက ဆီးသွားရင် သွေးတွေသွားတာ ဒလဟောပါပဲ။ အဲဒါ နဲ့ ရုံးတက်နေတဲ့ သားကို အကြောင်းကြားပြီး မလေးရှားက ဆေးရုံကို ပြန်သွားပြရပါတယ်။

ဒီတစ်ခါဆီးလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပြရတယ်။ ဆရာဝန်က ဆေး ၃ ရက်စာပေး၊ မပျောက်လို့ သွေးတွေစစ်၊ ဆီးတွေစစ်တော့ သွေးချပ်ပြား (Platelets)တွေ အရမ်းနည်းနေလို့ ဆေးရုံတင်ရပါတယ်။ Platelets လေးအိတ်သွင်း၊ သွေးနှစ်အိတ်သွင်းကုရပြန်တယ်။ အဲဒီမှာ သွေးကြော ရှာမရလို့ ဆရာမလေးတွေ ဒုက္ခရောက်ရတယ်။ အန်တီကတော့ အပ်အကြိမ်ကြိမ်ဖောက်၊ သွေးကြောရှာမရလို့ အားနာနေတဲ့ ဆရာမလေးတွေကို “မနာဘူး၊ အိုကေတယ်၊ နင်တို့သာ ရအောင်ရှာ”ဆိုပြီး သူတို့ လူလဲပြီး သွေးကြောရှာတာကို အေးအေးဆေးဆေးပဲ ခံယူပါတယ်။ ဆေးကုတာ မြန်မြန်ပြီးချင်တဲ့ လောဘ၊ သွေးကြောရှာမရတဲ့ ဒေါသ၊ သူတို့လုပ်နေတာကို မယုံကြည်တဲ့မောဟတွေဖျောက်ထားလို့ အားလုံးအေးဆေးပဲ။ အချိန်တန်တော့လည်း ပြီးသွားမှာပဲဆိုတဲ့ စိတ်နဲ့နေခဲ့ပါတယ်။ ဒီလိုနဲ့ ကောင်းလိုက်၊ ဆိုးလိုက်၊ ဆေးသွင်းလိုက်၊ PET CT ရိုက်ကြည့်လိုက်နဲ့ ၆ ကြိမ်မြောက်ဆေးသွင်းအပြီးမှာ ကင်ဆာဆဲလ်မတွေ့ တော့တာနဲ့ ဆေးသွင်းတာကို ဆရာဝန်က ရပ်လိုက်ပြီး နောက် ၆ လအကြာ ၂၀၁၈ သြဂုတ်လမှ PET CT ထပ်ရိုက်ကြည့်မယ်လို့ ဆရာဝန်က ပြောပါတယ်။ အခုထိတော့ ဝမ်းကသွားနေသေးလို့ ဝမ်းကိုခဲစေမယ့်ဆေးတွေ စားရင်းနဲ့ပဲ အစာလေးဝင်၊ အားရှိအောင်ထိန်းနေရပါတယ်”ဟု ဒေါ်စီစီမာက ပြောသည်။

ကင်ဆာမျိုးရိုးရှိပြီး ဒေါ်စီစီမာ၏ မိခင်၊ အစ်ကို၊ ဘကြီးနှင့် အစ်ကိုဝမ်းကွဲတို့သည် ကင်ဆာရောဂါနှင့်ပင် ကွယ်လွန်သွားခဲ့ကြကြောင်း သိရသည်။”အန်တီကင်ဆာဖြစ်ရတာက အဓိက အစာအာဟာရနည်းတာ၊ စိတ်က အမြဲ ပူပင်နေတာတွေကြောင့်ပါ။ ကိုယ့်အတွက် စိတ်မပူဘဲ သူများအတွက် ပူပင်တာပါ။ အိမ်မှုကိစ္စတွေကို မနားဘဲနဲ့ အလောတကြီးလုပ်တာကလည်း ခန္ဓာကိုယ်ကို ညှင်းဆဲသလို ဖြစ်ပြီး ဓာတ်ကြီးလေးပါး မညီမျှတော့ဘဲ စုပေါင်း ဖောက်ပြန်တာပါ”ဟု ကင်ဆာဖြစ်ခြင်းနှင့် ပတ်သက်၍ ထင်မြင်ချက်ကို ပြောပြခဲ့သည်။

အသက် ၄၈ နှစ်အရွယ်မှစ၍ ယခုအသက် ၆၆ နှစ်အထိ ဖြစ်ပွားခဲ့သည့် ကင်ဆာကို လေးကြိမ်လေးခါစလုံး ကျော်ဖြတ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အန်တီဒေါ်စီစီမာက ယခုလို ပြောပြခဲ့သည်။

“ကင်ဆာဖြစ်တဲ့အချိန်တိုင်းမှာ တွေ့ကြုံရတဲ့ ဆရာဝန်ကြီး၊ ဆရာဝန်မကြီးနဲ့ သူတိုရဲ့ ဆေးပညာကို အကြွင်းမဲ့ယုံကြည်တယ်၊ အားကိုးတယ်၊ သားသမီးတွေကလည်း ကိုယ့်ကိုယ် အဆုံးစွန်အထိ ကုသပေးနိုင်တယ်။ စိတ်ရှည်ရှည်ထားပြီး နွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ ဘယ်အရာကိုမှ သံသယ မထားတတ်တဲ့ စိတ်ကကိုယ့်ကို ခွန်အားတွေ ဖြစ်စေပါတယ်။ ကင်ဆာခရီးလမ်းမှာ မိသားစုရဲ့ ပံ့ပိုးကူညီ စောင့်ရှောက်မှုက အဓိကအကျဆုံးပါ။ အလွန်အရေးကြီးပါတယ်”

ကင်ဆာဖြစ်မှာစိုးကြောက်သူများ၊ ကင်ဆာဖြစ်နေသူများ၊ ကင်ဆာကုသမှု ခံယူနေသူများကိုလည်း သူ့အတွေ့အကြုံကို အခြေခံ၍ ယခုလို အားပေးစကား ဝေမျှပြောကြားလိုက်ပါသည်။

“ကင်ဆာမဖြစ်ခင်မှာ ကိုယ်ရဲ့ ခန္ဓာကိုယ်ကို ဓာတ်သဘောတွေ ညီမျှအောင် နေထိုင်တတ်တဲ့ အသိလေးရှိအောင် လုပ်ပါ၊ မေးမြန်းပါ၊ စာဖတ်ပါ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတစာပေတွေ ဖတ်ပါ၊ အန်တီ အရင်က ဗဟုသုတ လုံးဝမရှိပါဘူး။ ကိုယ်တိုင်ခံစားရမှ သိလာတာပါ။ ဖြစ်လာရင်လည်း တတ်ကျွမ်းနားလည်တဲ့ သမားတော်တွေ၊ ဆရာဝန်ကြီးတွေကို စုံစမ်းပြသပြီး ကုသမှုကို အပြည့်အဝ ဆုံးခန်းတိုင်အောင် ခံယူပါ။ တွေ့ကြုံလာသမျှတွေကို အကောင်းမြင်စိတ်နဲ့ပဲ ရင်ဆိုင်ပါ။

အခုခေတ်အခြေအနေနဲ့ကတော့ ကင်ဆာရောဂါဖြစ်လာရင် ပျောက်အောင်ကုရဖို့ ဆေးပညာတိုးတက်မှုအများကြီးပါ။ ငွေကြေးလည်း အရမ်းကုန်ကျပါတယ်။ ကိုယ့်စိတ်ကိုလည်း ငါနေကောင်းအောင် ကြိုးစားရမယ်လို့ အမြဲအားတင်းပြီး နာသမျှ ဝေဒနာမျိုးစုံကို ကြောက်ပြီး မခံစားနိုင်အောင် ညည်းညူမနေဘဲ ပြီးသွားရင်ပျောက်သွားမှာပဲ ဆိုတဲ့ အသိနဲ့ အားတင်းနေရပါတယ်။ ပေါ်လာတဲ့ ဝေဒနာတွေက မျိုးစုံပါပဲ။ ဒါကြောင့် ကင်ဆာခရီးလမ်းမှာ ဘာသာရေးကလည်း အရေးကြီးတဲ့ ကဏ္ဍမှာပါပါတယ်။ ဘာသာရေးအခြေခံရှိမှလည်း ဝေဒနာကို ကျော်လွှားနိုင်ပါတယ်။ မြတ်စွာဘုရား ဆုံးမတဲ့ တရားတော်တွေကို လိုက်နာပြီး ခွဲစိတ်ခန်းဝင်ခါနီးတိုင်း မိမိကိုယ် ခွဲစိတ်ပေးမယ့် သမားတော်ကြီးတွေထံမိမိခန္ဓာကိုယ်ကို ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။ ဘာမှ ကြောက်ရွံ့စိုးရိမ်ခြင်း မရှိတော့ပါ။ စတုတ္တအကြိမ်း ကင်ဆာကုသ ပျောက်ကင်းပြီးနောက်မှာ နေ့စဉ် နံနက်တိုင်း ၄၅ မိနစ်မှ ၁ နာရီအထိ မှန်မှန်လေး အာနာပါနရှုမှတ်ပွားများဖြစ်ပါတယ်။ အသက်ကို ရှည်ရှည်လေး အမှတ်နဲ့ ရှူသွင်းရှူထုတ် အသိလေးကပ်ထားပါတယ်။ ရေလည်း များများသောက်ပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ MLM ဆေးတွေလာရောင်းရင်လည်း လုံးဝ လက်မခံပါဘူး”

(မှတ်ချက်။ ။ ဓာတ်ပုံများကို အန်တီဒေါ်စီစီမာ ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top