Healthy Life Ad
Child

ကလေးကင်ဆာ ကုသပျောက်ကင်းပါတယ်..

Healthy Life Journal

အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်တွင် ကင်ဆာကုသအောင်မြင်ထားသူများ အကြောင်း လေးစားဂုဏ်ယူစွာဖော်ပြပေးခဲ့ပါသည်။ မြန်မာလူမျိုးများ၏စိတ်ထဲတွင်”ကင်ဆာဆိုတာ သေမိန့်” ၊ “ကင်ဆာဖြစ်ရင် ဆေးမရှိ”၊ “ကင်ဆာဖြစ်ရင် ဘဝနိဂုံးအချိန်ရောက်ပြီ” စသဖြင့် ယုံကြည် လက်ခံခဲ့ကြသည့်အတွက် ကင်ဆာအကြောင်းမသိလို၊ ကင်ဆာနှင့်မဆုံလို၊ ကုန်ကုန်ပြောရလျှင် ကင်ဆာဆိုသောစကားကိုပင် မကြားလိုကြပေ။ အထူးသဖြင့် မိဘတို့အတွက် ရင်နှစ်သည်းခြာ ရင်သွေးလေးတွင် ကင်ဆာရောဂါဆိုးစွဲကပ်ပြီဟု သိရသည့်အခိုက် ခြေမကိုင်မိ၊ လက်မကိုင်မိ ပူပန်ခြင်းကြီးစွာခံစားရမည်မှာ ပြောဖွယ်ရာမရှိတော့ပေ။ သို့ဖြစ်၍ ကလေးကင်ဆာဝေဒနာရှင်များအနက် စနစ်တကျ ကုသပျောက်ကင်းခဲ့သူသမီးလေးနှစ်ဦးအကြောင်း အနှစ်ချုပ်ကို အခြားကလေးကင်ဆာဝေဒနာရှင် မိဘများ အားတက်စေရန် ရည်ရွယ်၍ ပြန်လည်မျှဝေပေးလိုက်ပါသည်။

အယ်ဒီတာ

(၁) မရှင်မိုးဝေ
ဖြစ်သည့် ကင်ဆာအမျိုးအစား– အာရုံကြော ဆိုင်ရာကင်ဆာ (Neuroblastoma) အဆင့် (၄)
ကင်ဆာစဖြစ်သည့် အသက်အရွယ်– သုံးလ သမီးအရွယ်
ဘာကြောင့် ဖြစ်ရသလဲ– ကင်ဆာဆိုတာ မျိုးရိုးထဲမှာလည်း မရှိဘူး။ ဘာကြောင့် ဖြစ်မှန်းလည်း မသိပါဘူး။
ကင်ဆာကုပြီး နေထိုင်စားသောက်မှုပုံစံ– သမီးလေးကို ကင်ဆာဆေးသွင်းပြီး နောက်ပိုင်းကျမှ Pedisure ကျွေးဖြစ်ပါတယ်။ အစ်ကိုတစ်ယောက်ကပြောလို့ သင်္ဘောရွက်ကို ကြိတ်ပြီး ဆေးထိုးပြွန်နဲ့ သုံးစီစီဝင်အောင် တိုက်ပါတယ်။ အဲဒီအရည်ကိုလည်း ၄၅ ရက် တိုက်ခဲ့ပါတယ်။ ပြီးတော့ ထမင်းကျွေးတယ်၊ မုန်လာဥနီ(ခါကြက်ဥ၊ ပန်းမုန်လာ) ပြုတ်ပြီးစားခိုင်းပါတယ်။ အခုကြီးလာတော့ကလေး ကို မုန့်စားတော့မယ်ဆိုရင် မြေထောက်ပဲလေးတွေ ပြုတ်ပြီး ကျွေးပါတယ်။

ယခု ၆ နှစ်သမီးလေး မရှင်မိုးဝေ ကျန်းမာနေသည့်အပေါ် မိခင်ဖြစ်သူမဆွေဇင်မိုး၏ ပြောကြားချက်
“မန္တလေး ခုတင် (၃၀ဝ)ဆံ့ ဆေးရုံကြီး၊ ကင်ဆာဌာနက ဆရာမကြီးဒေါ်ရီရီကျော်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ အဲဒီဌာနတစ်ခုလုံးက ဆရာဝန်တွေ၊ စစ္စတာတွေ၊ သူနာပြုတွေအစ သန့်ရှင်းရေးအဆုံး မိသားစုလိုပဲ နွေးထွေးတယ်။ သူတို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ကင်ဆာဆိုတာ ရောဂါဆိုးကြီးပါ။ သူတို့က နွေးနွေးထွေးထွေးနဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့အတွက် စိတ်ချမ်းသာခဲ့ရပါတယ်။

ကျွန်မတို့ကလည်း အပြင်ကဆေးတွေဘာမှ မလုပ်ဘူး။ ဆေးရုံကပေးတဲ့ ဆေးနဲ့ပဲ ကုသခဲ့တာပါ။ တစ်အိမ်လုံးကော ဆွေမျိုးတွေကော ဝိုင်းအားပေးကြတယ်။ ဘုရားဆီမှာလည်း ဆုတောင်းပါတယ်။ ဒီလိုအဖက်ဖက်က ဝိုင်းဝန်းကူညီအားပေးခဲ့ကြ၊ ဆုတောင်းပေးခဲ့ကြတဲ့အတွက် သမီးလေး ပြန်လည်ကျန်းမာလာတယ်လို့ ထင်ပါတယ်။
ကျွန်မကတော့ သမီးလေးမျက်နှာကိုပဲ ကြည့်ပြီး အားတင်းပါတယ်။ ပြီးတော့ ဆုတောင်းပါတယ်။ မိသားစုလိုက်ဆုတောင်းပါတယ်။ သမီးလေးကလည်း အရမ်းခံနိုင်ရည်ရှိပါတယ်။ သူက ခွဲခန်းထဲ ကထွက်တဲ့အချိန်မှာလည်းဒုက္ခမပေးခဲ့ပါဘူး။ မျက်လုံးတွေရောင်နေရင်တောင် ကျွန်မကို ဒုက္ခမပေးခဲ့ ဘူး။ တခြားမိဘတွေကိုလည်း ပြောချင်တာက စိတ်ဓာတ်မကျဘဲ အားတင်းရင်ဆိုင်ပါ၊ ဒါဆိုရင် ကုသအောင်မြင်မှာပါလို့ အကြံပြုချင်ပါတယ်”

(၂) မနော်မီထွေး

ဖြစ်သည့်ကင်ဆာအမျိုးအစား– သွေးကင်ဆာ

ကင်ဆာစဖြစ်သည့်အသက်အရွယ်– ငါးနှစ်ခွဲ

ဘာကြောင့်ဖြစ်ရသလဲ– ဘာကြောင့်ဖြစ်မှန်း မသိပါဘူး။ ဖျားတာကနေ အဖျားမကျတာပါ။

ကင်ဆာကုပြီး နေထိုင်စားသောက်မှုပုံစံ-“သူ့အတွက် အားရှိတဲ့ အစားအစာတွေကျွေးတယ်။ တစ်နေ့ကြက်တစ်ကောင်ကို ပေါင်းပေါင်းပြီး အရည်သောက်ခိုင်းပါတယ်။ ကြက်သားမစားချင်လည်း ကြက်ပေါင်းရည်ဝင်အောင် တိုက်ခဲ့တယ်။ သူသွားတဲ့ နေရာတိုင်းလိုက်ပေးရတယ်။ သူစိတ်ချမ်းသာအောင် အကုန်လုပ်ပေးရတယ်”

 

ယခု ၁၃ နှစ်သမီးလေး မနော်မီထွေး ကျန်းမာနေသည့်အပေါ် မိခင်ဖြစ်သူ ဒေါ်ခင်မာလွင်၏ ပြောကြားချက်

“သမီးလေးက ကောင်းတာတစ်ခုက ဆေးထိုးတာကော၊ ဆေးသောက်တာမှာပါ လုံးဝမကြောက်ဘူး။ ဆရာဝန်မကြီးက တစ်နေ့ကို ဆေးဘယ်နှလုံး၊ ဘယ်နှကြိမ်သောက်ရမယ်လို့ပြောရင် ကျွန်မမေ့နေရင်တောင် သူကိုယ်တိုင်က ‘အမေဆေးသောက်ဖို့ ဘယ်နှနာရီထိုးပြီ’ဆိုပြီး ပြောတယ်။ သူက တိုက်သမျှဆေးအကုန်ဝင်တယ်၊ ထိုးသမျှဆေးအကုန်ဝင်တယ်။ လုံးဝမကြောက်ဘူး။ မန္တလေးဆေးရုံမှာ တခြားကလေးလူနာလေးတွေက တအားဆေးတိုက်ရခက်တာတွေရှိတယ်၊ ဆေးထိုးကြောက်တဲ့ ကလေးတွေလည်းရှိတယ်။ အဲဒါဆို သူတို့ အဖေ၊ အမေတွေကပြောတယ်။ ‘ဟိုမှာ နော်မီထွေးတောင် မငိုဘူး၊ နော်မီထွေးကိုကြည့်’ဆိုပြီး သူတို့ကလေးတွေကို နမူနာပြတတ်တယ်။

အခုတော့ ကျန်းမာရေးက ကောင်းနေပါပြီ။ သမီးလေးဆိုတော့ ရာသီလည်း ပုံမှန်လာပြီး အပျိုလေးလည်းဖြစ်နေပါပြီ။ ဘာမှလည်းမဖြစ်တော့ဘူး။ စာလည်း ကောင်းကောင်းလိုက်နိုင်ပါတယ်။ အိမ်မှာလည်း အိမ်ထဲမှာပဲ နေခိုင်းတယ်၊ အပြင်လည်း သိပ်မထွက်ခိုင်းဘူး။ သမီးလေးက အထွေးဆုံး လည်းဖြစ်၊ တအားလည်းဂရုစိုက်တော့ တစ်ခုခုဆိုစိတ်ကကောက်တတ်တာနဲ့ သူ့အလိုလိုက်ရပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top