Healthy Life Ad
Child

ကလေးတွေနဲ့ အချိန်ဖြုန်းပါ . . .

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ကလေးတွေနဲ့ အချိန်ဖြုန်းပါဆိုတာ ကလေးတွေကို အချိန်ပေးဖို့ ပြောတာဖြစ်ပါတယ်။ ကလေးတွေကို မုန့်ကျွေးရာမှာဖြစ်ဖြစ်၊ ထမင်းကျွေးတာဖြစ်ဖြစ် စိတ်ရှည်ရှည်ထားပြီး သူတို့ကို စနစ်တကျကျွေးဖို့ ဖြစ်ပါတယ်။ ဒါလေးစားထားလိုက်ဆိုပြီး ထားပစ်ခဲ့လို့မရပါဘူး။ လူကြီးတွေအနေနဲ့ကြည့်ရင် နည်းနည်းအလုပ်ရှုပ်တယ်ထင်ရပေမယ့် ကလေးတွေကို အချိန်ပေးရပါမယ်။ သရေစာတစ်ခု ကျွေးမယ်ဆိုရင်တောင် အနည်းဆုံး ၁၅မိနစ်ခန့် အချိန်ပေးရပါမယ်။ ကလေးတစ်နှစ်အောက် အရွယ်မှာတော့ သိပ်အချိန်မကုန်ပေမယ့် နှစ်နှစ်နဲ့အထက် ငါးနှစ်ကြားအချိန်မှာတော့ သရေစာတစ်ခုကျွေးဖို့ဆိုရင် အနည်းဆုံး ၁၅ မိနစ် ကြာပါတယ်။ နောက်ပြီး ထမင်းစားမယ်ဆိုရင်လည်း နာရီဝက်ခန့် အချိန်ပေးပါလို့ ပြောချင်ပါတယ်။ တချို့ဆို တစ်နာရီ၊ နှစ်နာရီ အချိန်ပေးရတဲ့ ကလေးတွေတောင် ရှိပါတယ်။

ကလေးကြီးတဲ့အခါလူကြီးတွေနဲ့အတူ ထမင်းဝိုင်းမှာကျွေးပါ

နောက်တစ်ခုက ကလေးတွေ တဖြည်းဖြည်းကြီးလာတဲ့အခါ သူတို့တွေရဲ့ လူမှုရေးနဲ့ သက်ဆိုင်တာတွေ သင်ပေးတာမျိုး ပြုလုပ်ပေးရပါမယ်။ ဟိုအရင် ခေတ်တွေတုန်းကဆိုရင် ကလေးတွေကို ထမင်းကျွေးတဲ့အခါ လူကြီးတွေနဲ့ အတူတူမကျွေးဘဲ ထမင်းနဲ့ဟင်းကိုပုံပေးပြီး တစ်နေရာမှာ သွားစားဖို့ပြောပါတယ်။ အမှန်တော့ ဒါဟာ တော်တော်လေး မှားယွင်းနေတဲ့အယူအဆပါပဲ။ ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်လိုပဲဆက်ဆံရပါမယ်။ ကလေးကိုလည်း ထမင်းဝိုင်းထဲမှာ လူကြီးတွေနဲ့အတူတူပြင်ဆင်ပြီး ကျွေးပေးရပါမယ်။ ဒါမှမဟုတ် ကလေးအတွက် သီးသန့်နေရာလေး စနစ်တကျပြင်ဆင်ပြီး ကျွေးရပါမယ်။ လက်လွတ်စပယ် လုပ်လို့မရပါဘူး။ ဒါမှ သူတို့ရဲ့သင်ယူလေ့လာနိုင်စွမ်းအားတွေ၊ ဖန်တီး တီထွင်နိုင်စွမ်းအားတွေ တဖြည်းဖြည်းဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။

လေ့လာမှုတွေအရဆိုရင် ကလေးကို သီးသန့်ထားပြီးကျွေးတာနဲ့ မိဘတွေနဲ့ အတူတူထားပြီး ကျွေးတာဟာ နောင်တစ်ချိန်မှာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုဟာ ဘယ်သူက ပိုသာလဲဆိုတော့ မိဘနဲ့အတူ ထမင်းတူတူ ထမင်းစားတဲ့ကလေးတွေက ပိုသာနေတာကို တွေ့ရပါတယ်။

မိဘနဲ့ ထမင်းအတူစားတဲ့ ကလေးဉာဏ်ရည်ပိုသာ

ကလေးတွေက လူကြီးတွေလုပ်တာကို အကုန်လိုက်လုပ်ပါတယ်။ လူကြီးပြောတဲ့ စကားတွေကိုလည်း မသိမသာလေး နားထောင်နေတတ်ပါတယ်။ လေ့လာမှုတွေတွအရဆိုရင် ကလေးကို သီးသန့်ထားပြီးကျွေးတာနဲ့ မိဘတွေနဲ့ အတူတူထားပြီး ကျွေးတာဟာ နောင်တစ်ချိန်မှာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုဟာ ဘယ်သူက ပိုသာလဲဆိုတော့ မိဘနဲ့အတူ ထမင်းတူတူ ထမင်းစားတဲ့ကလေးတွေက ပိုသာနေတာကို တွေ့ရပါတယ်။ ကလေးတွေရဲ့ အတွေးက မိသားစုထဲမှာ သူတို့အတွက် စံပြပုဂ္ဂိုလ် (Role Model) တစ်ယောက် ပါနေတတ်ပါတယ်။ ဥပမာ- အဖေဖြစ်ရင် ဖြစ်မယ်၊ အမေဖြစ်ရင် ဖြစ်မယ်။ ဒါကြောင့် အစာစားတဲ့အခါ ထမင်းဆိုရင် ဘယ်လိုစားရတယ်၊ ဟင်းကို ဘယ်လိုခပ်ရတယ်၊ ဇွန်းကို ဘယ်လိုကိုင်ရတယ်၊ ပါးစပ်အသံမြည်တာတွေကအစ ဒီအချိန်မှာ ဆုံးမသင်ကြားပေးနိုင်ပါတယ်။ ကလေးတွေအတွက် ဘေးပတ်ဝန်းကျင်က အရေးကြီးပါတယ်။ အခုခေတ်မှာတော့ မူကြိုကျောင်းက ဆရာမတွေလည်း အရေးကြီးပါတယ်။ ကလေးတွေနဲ့အတူတူ ထမင်းစားသင့်ပါတယ်။

ကလေးတွေနဲ့အတူ ထမင်းစားတဲ့အခါ မိဘအုပ်ထိန်းသူတို့ လိုက်နာသင့်တာတွေ

ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာ ကကလေးတွေ နှစ်နှစ်နဲ့ ငါးနှစ်ကြားအရွယ်မှာ ကလေးတွေနဲ့ ထမင်းတူတူ စားနေတုန်း မကောင်းတဲ့ကိစ္စတွေ သိပ်မပြောမိဖို့ပါ။ မိဘတွေက ထမင်းစားရင်းနဲ့ စီးပွားရေးအကြောင်း ပြောကြမယ်၊ လူမှုရေးအကြောင်း ပြောကြမယ်။ ကလေးတွေက မသိမသာနဲ့ နားထောင်နေတတ်ပါတယ်။ ဥပမာ သူများအတင်းပြောတာမျိုး၊ အဲဒီလူကတော့ ဘယ်လိုမကောင်းတာပေါ့ဆိုတာမျိူး အမေတွေက တစ်ခါတလေ သတိလက်လွတ်ပြောတတ်ပါတယ်။ အဲဒီတော့ ကလေးတွေရဲ့ မသိစိတ်က ဒါတွေကိုမှတ်ထားပြီး အဲဒီလူအပေါ် မုန်းတီးတဲ့စိတ်ဖြစ်သွားပါတယ်။ လင်မယားချင်း ရန်ဖြစ်ချင်ရင်လည်း ကလေးရှေ့မှာ မဖြစ်တာအကောင်းဆုံးပါပဲ။

ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရနဲ့ပမာဏ

ကလေးတစ်နှစ်အရွယ်မှာ လိုအပ်တဲ့ကယ်လိုရီပမာဏက ယောကျာ်းလေးဆိုရင် ၇၅၀ ကယ်လိုရီဖြစ်ပြီး မိန်းကလေးက ၆၈၀ ကယ်လိုရီ လိုအပ်ပါတယ်။ နှစ်နှစ်ကနေ သုံးနှစ်ဆိုရင် တစ်ထောင်ဝန်းကျင် ဖြစ်လာပါပြီ။ ယောကျာ်းလေး ကယ်လိုရီ ၁၀၅၀၊ မိန်းကလေးက ကယ်လိုရီ ၁၀ဝ၀ ဖြစ်ပါတယ်။ ၄ နှစ်ကနေ ၅ နှစ်ဆိုရင် ယောကျာ်းလေး ကယ်လိုရီ ၁၇၅၀ ၊ မိန်းကလေး ၁၆၅၀ ကယ်လိုရီလိုပါတယ်။

အသားဓာတ် လိုအပ်ချက်ကတော့ တစ်နှစ်အရွယ်မှာ မိန်းကလေးက ၁၂ ဂရမ်၊ နှစ်နှစ်ကနေ သုံးနှစ်မှာ ၁၃ ဂရမ်၊ လေးနှစ်ကနေ ငါးနှစ်က ၁၉ ဂရမ်။ တစ်နှစ်ကျော်သွားရင် ကလေးကို ကြက်သားတစ်မျိုးတည်း ကျွေးမယ်ဆိုရင် တစ်နေ့ကို ၃ ကျပ်သားကျွေးရပါမယ်။

အမျှင်ဓာတ်က တစ်ရက်ကို ၁၉ ဂရမ် လိုပါတယ်။ မိန်းကလေးရော၊ ယောကျာ်းလေးရော တူတူပါပဲ။ ၂-၃ နှစ်ကနေ ၂၅ ဂရမ်၊ ၄-၅ နှစ်က ၃၈ ဂရမ်လိုပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက ၄-၅ နှစ်အရွယ်ဖြစ်ပါတယ်။ နောက်ပြီး နို့နဲ့ရေကို များများတိုက်ရပါမယ်။ ရေကို သောက်နိုင်သလောက် သောက်ပါစေ။ အနည်းဆုံး ၂ လီတာ ဖြစ်ပါတယ်။ ကလေးတွေ ဆော့တဲ့အရွယ်မှာ အနည်းဆုံးတော့ တစ်လီတာခွဲလောက်တော့ သောက်သင့်ပါတယ်။

အသီးဖျော်ရည်တွေကို ရေနဲ့ရောပြီး ဒီအတိုင်း တိုက်လို့ရသလို အစာနဲ့တကွ အတူကျွေးလို့လည်းရပါတယ်။ ဥပမာ လိမ္မော်သီးဖျော်ရည်ပါ။ ဘာလို့လဲဆိုတော့ ကလေးတွေက သံဓာတ်ကို စုပ်ယူဖို့လိုအပ်တာကြောင့် ဗီတာမင်စီပါတဲ့ သစ်သီးဖျော်ရည်တွေက သံဓာတ်ကို ခန္ဓာကိုယ်ထဲ မြန်မြန်ရောက်စေပါတယ်။ ထမင်းနဲ့တူတူ တိုက်လို့ရသလိုထမင်းစားပြီး ပြီးချင်းလည်း တိုက်လို့ရပါတယ်။

နို့ကို ထမင်းနဲ့ရောမတိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ ကလေးဗိုက်တအားတင်းသွားမှာ စိုးလို့ပါ။ အစာစားချိန်နှစ်ခုကြားမှာသာ ကျွေးပါ။ နို့ထဲမှာပါတဲ့ လက်တို့စ်ဓာတ်ကသွားတွေကို ပျက်စီးစေနိုင်တဲ့ ပိုးတွေကို တိုက်ထုတ်နိုင်တဲ့အတွက် အစာစားချိန် တစ်ချိန်နဲ့ တစ်ချိန်ကြားမှာ တိုက်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။ နို့တိုက်တဲ့အခါမှာလည်း ပြည့်ဝနို့ကိုတိုက်ပါ။ အထူးသဖြင့် အသက်နှစ်နှစ် မပြည့်မချင်း Full Cream Milka ကို တိုက်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top