Healthy Life Ad
International

၂၀၁၈ အိုလံပစ်နှင်းလျှောစီးအားကစား ရွှေတံဆိပ်ဆုရှင် ရင်သားကင်ဆာဖြစ်ကြောင်း သတင်းထုတ်ပြန်

၊ ကိုထက် ၊

ပြီးခဲ့တဲ့ ၂၀၁၈ ဆောင်းရာသီ အိုလံပစ် အားကစားပွဲမှာ အမေရိကန်နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ကစ်ကန်ရန်ဒေါဟာ သူ့မှာ ရင်သားကင်ဆာ ဖြစ်ပွားနေကြောင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့ပါတယ်။ “ကျွန်မအတွက် ကြုံတွေ့နေကျမဟုတ်တဲ့ ဘဝရဲ့ပြိုင်ပွဲတစ်ခုကို စတင်ရင်ဆိုင်နေပါပြီ”လို့ သူကပြောခဲ့ပါတယ်။

အမေရိကန်ကင်ဆာ အဖွဲ့အစည်းရဲ့ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာ အရေပြားကင်ဆာပြီးရင် ရင်သားကင်ဆာဟာ ဒုတိယအဖြစ်အများဆုံး ကင်ဆာအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။ ရင်သားကင်ဆာဟာ အမျိုးသမီး ရှစ်ယောက်မှာ တစ်ယောက်ဖြစ်နှုန်းရှိတယ်လို့လည်း သိရပါတယ်။ ရင်သားကင်ဆာဟာ မိသားစုမျိုးရိုးကြောင့် ဖြစ်နိုင်ခြေများသလို အဝလွန်တာ၊ ကိုယ်အလေးချိန်များလွန်းတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာတွေကြောင့် ဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။ အသက် ၅၀ ကျော်အမျိုးသမီးတွေ၊ ကလေးမမွေးတဲ့ အမျိုးသမီးတွေနဲ့ အသက် ၃၅ နှစ်ကျော်မှကလေးမွေးတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ ရင်သားကင်ဆာဟာ အဆုတ်ကင်ဆာပြီးနောက် ဒုတိယ သေဆုံးမှုအမြင့်ဆုံးရောဂါလည်းဖြစ်တယ်လို့ သိရပါတယ်။ ၁၉၈၉ ခုမှ ၂၀၁၅ အတွင်းစစ်တမ်းတွေအရ ကင်ဆာကြောင့်သေဆုံးနှုန်းဟာ ၃၉ ရာခိုင်နှုန်း မြင့်တက်လာနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ရန်ဒေါဟာ ရင်သားကင်ဆာကို စောစီးစွာ သိရှိခဲ့သူဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ စောစီးစွာတွေ့ရှိပါက ရာနှုန်းပြည့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ “စောစောသိလိုက်ရတာ ကျွန်မအတွက် တော်တော်လေးစိတ်သက်သာရာရစေပါတယ်၊ ဒါပေမဲ့လည်း ကင်ဆာဆိုတာသိလိုက်ရတုန်းက အရမ်းကို တုန်လှုပ်ပြီး ကြောက်ခဲ့မိပါတယ်”လို့ သူကပြောပြခဲ့ပါတယ်။ သူဟာ ၃ပတ်ခြားတစ်ခါ စုစုပေါင်း ၆ ကြိမ် ကင်ဆာဆေးသွင်း ကုထုံးခံယူရမှာ ဖြစ်ပြီး ပထမဦးဆုံး ဆေးသွင်းခြင်းကို တနင်္လာနေ့မှာ စတင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူဟာ ကိုလန်ဘီယာမှာ သူ့အမျိုးသားရယ်၊ နှစ်နှစ်အရွယ်သားလေးရယ်နဲ့အတူ နေထိုင်ပြီး ပထမ ဆေးသွင်းမှုပြီး ၃ ပတ်ကို မိဘတွေနဲ့အတူ ခဏနေဖို့အတွက် မွေးရပ်မြေ အလက်စကာသို့ သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သားလေးရှိတဲ့ ကိုလံဘီယာမှာနေထိုင်ပြီးတော့ပဲ ကုသမှုတွေဆက်လက်ခံယူသွားမယ်လို့ စီစဉ်ထားကြောင်းပြောပြခဲ့ပါတယ်။

ရန်ဒေါဟာ ဆောင်းရာသီအိုလံပစ်အားကစားပွဲပေါင်း ၅ ပွဲကစားခဲ့သူဖြစ်ပြီး ဖလား ၁၄ ခု ရရှိခဲ့သူ အမေရိကန်နိုင်ငံအတွက် ဂုဏ်အယူရဆုံး အားကစားတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အားကစားတွေကို ခဏရပ်နားခဲ့ပြီး သူရဲ့ သားလေးကို မွေးဖွားခဲ့ပါတယ်။ ၂၀၁၈ မှာလည်း သူဟာ ပထမ နေရာကို ဝ ဒသမ ၁၉ စက္ကန့်အကွာလေးနဲ့ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အားကစားလောကမှ အနားယူပြီဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ သူဟာ ဆံပင်တွေကို ပန်းရောင်ဆိုးတတ်တဲ့အတွက် အများကနာမည်ပြောင်အနေနဲ့ ပန်းရောင်လေးလို့ ခေါ်ကြတယ်လို့ သိရပါတယ်။

“ကျွန်မရွှေဆုတွေရဖို့ အဓိကအားအင်က ကျွန်မကိုအားပေးတဲ့ ပရိသတ်တွေဆီကပဲ ဖြစ်ပါတယ်၊ ဒါကြောင့် အခုလည်း ကျွန်မအားအင်တွေလိုအပ်နေတဲ့အတွက် ကျွန်မရဲ့ အားပေးဖော်တွေကို အသိပေးတာပါပဲ၊ ဆေးသွင်းလို့ ကျွန်မရဲ့ ပန်းရောင်ဆံပင်တွေကျွတ်မှာတော့ စိတ်မပူပါနဲ့။ ကျွန်မအမျိုးသားနဲ့ အတူ ပျော်စရာကောင်းအောင် တစ်ခုခုစီစဉ်ဖို့ တွေးထားပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top