Healthy Life Ad
Local

မြန်မာနိုင်ငံ အမျိုးသားချင်းချစ်ခင်စုံမက်သူများကွန်ရက်က MSM တို့အတွက် ဘဝနေနည်း (Life Skill Training) သင်ပေးမည်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြန်မာနိုင်ငံအမျိုးသားချင်း ချစ်ခင်စုံမက်သူများကွန်ရက် (Myanmar MSM Network (MMN)) က အမျိုးသားချင်းချစ်ခင်စုံမက်သူများ (MSM) တို့အတွက် ကျန်းမာရေးကို အခြေခံသည့် ဘဝနေနည်း သင်ရိုးညွှန်းတမ်းရေးဆွဲကာ မကြာမီသင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကွန်ရက်ဥက္ကဌကိုနေလင်းကပြောသည်။

“HIV/AIDS Alliance Myanmar (မဟာမိတ်အဖွဲ့)ရဲ့ ပံ့ပိုးမှုနဲ့ အမျိုးသားချင်းချစ်ခင်စုံမက်သူများ (MSM)တို့အတွက် ဘဝနေနည်းထိုင်နည်းသင်ရိုး (Life Skill For MSM)ကို သီးသန့်ရေးဆွဲနေတာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လဆိုရင် ပြီးပါပြီ။ ဒီသီးသန့်သင်ရိုးညွှန်းတမ်းထဲမှာ ဘဝမှာ နေနည်းထိုင်နည်း၊ ပေါင်းသင်းဆက်ဆံရေးတွေပါမယ်။ တချို့ အမျိုးသားချင်း ချစ်ခင်စုံမက်သူ (MSM)တွေကျတော့ ငယ်ငယ်ကတည်းက ဘဝပေးအခြေအနေ မကောင်းခဲ့တဲ့အတွက် ခွဲခြားဆက်ဆံခံခဲ့ရတာတွေရှိတယ်။ ဒီလို အားနည်းနေသူတွေကို ကိုယ့်ဘဝမြှင့်တင်နိုင်အောင် ပညာပေးတွေ ပါဝင်ပါမယ်။ ပြီးတော့ MSM ဆိုရင် တချို့က အထင်အမြင်သေးတာတွေ ရှိတယ်။ ဒီလိုမဖြစ်စေဖို့ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေမယ့် အပြုအမူတွေကိုလည်း သင်ရိုးညွှန်းတမ်းထဲမှာထည့် သွင်းရေးဆွဲထားပါတယ်”ဟု ကိုနေလင်းက ပြောသည်။

မြန်မာနိုင်ငံအမျိုးသားချင်း ချစ်ခင်စုံမက်သူများကွန်ရက် (Myanmar MSM Network (MMN)) အနေဖြင့် ဘဝနေနည်းထိုင်နည်း သင်ရိုးညွှန်းတမ်းကို သုံးရက်တာ သင်တန်းပေးသွားမည်ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်ထဲတွင် စတင်သင်ပေးရန် ရည်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသားချင်း ချစ်ခင်စုံမက်သူများကွန်ရက် (Myanmar MSM Network (MMN)) ကို ၂၀ဝ၉ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး HIV ပညာပေးလုပ်ငန်းများပြုလုပ်ခြင်း၊ HIV ရှိ၊ မရှိ သွေးစစ်ဆေးခြင်း၊ HIV အတွက် ဆေးကုရန် ချိတ်ဆက်ပေးခြင်း၊ ကွန်ဒုံးဝေသည့် အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ HIV ရှိသူများအချင်းချင်း တွေ့ဆုံပွဲများ ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးတွင် ၆၇ ဖွဲ့ရှိသည့် အဆိုပါကွန်ရက်တွင် တစ်နိုင်ငံလုံးအဖွဲ့ဝင်ဦးရေ ၁၃၀ဝ နှင့် ၁၅၀ဝ ဦးကြားရှိကြောင်း သတင်းရရှိသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top