Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါရှိရင် ဘယ်လိုစားသောက်သင့်သလဲ . . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဆီးချိုသွေးချိုရောဂါအတွက် အစာအာဟာရနဲ့ ထိန်းချုပ်ဖို့က အရေးကြီးပါသလား ဆရာ။

ဖြေ. ဘယ်လိုဆီးချိုသွေးချိုရောဂါ အမျိုးအစားပဲဖြစ်ဖြစ်၊ အင်ဆူလင်ထိုးဆေး ဒါမှမဟုတ် ဆီးချိုထိန်းတဲ့ သောက်ဆေးတွေနဲ့ ကုသနေတာပဲဖြစ်ဖြစ် အစာအာဟာရနဲ့ ထိန်းချုပ်ကုသဖို့ကလည်း မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေ လိုက်နာသင့်တဲ့ အစာအာဟာရဆိုတာ သာမန်ရောဂါမရှိသူတွေအတွက် ကျန်းမာရေးနဲ့အညီ စားရတဲ့ အစာအာဟာရပဲ ဖြစ်ပါတယ်။

မေး. ဆီးချိုသွေးချိုရောဂါရှိသူတွေက အစာကို ဘယ်လိုစားသင့်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုရောဂါရှိသူတွေဟာ အစာအာဟာရကို မှန်မှန်ကန်ကန် စားသုံးတတ်မှသာ သွေးတွင်းသကြားဓာတ် လွန်ကဲတာကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက် မှန်ကန်တဲ့ အစာအမျိုးအစား၊ မှန်ကန်တဲ့ အစာပမာဏ၊ မှန်ကန်တဲ့ အစာစားသောက်ချိန် ရှိရပါမယ်။ အစာတွေကို အကြောက်လွန်ပြီး ရှောင်တာ၊ မကြောက်ဘဲ စားချင်သလို စားတာတွေကြောင့် ဆီးချိုရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်မှာ မဟုတ်ဘဲ ဆိုးကျိုးတွေပဲ ဖြစ်ပေါ်တတ်ပါတယ်။

မေး. ဆီးချိုသွေးချိုရောဂါရှင်တွေက မိသားစုဝင်တွေစားတဲ့ အစာကို စားနိုင်ပါသလား ဆရာ။

ဖြေ. ဆီးချိုသွေးချိုရောဂါရှိသူတွေအတွက် သီးသန့်အစာဆိုတာ မရှိပါဘူး။ မိသားစုအတွက် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကိုအချိုကလွဲရင် မိသားစုနဲ့အတူစားသုံးနိုင်ပါတယ်။ Diet အစာဆိုတာ အဝလွန်ကဲသူတွေ ဆက်မဝအောင် ကယ်လိုရီဓာတ် မများစေဖို့ စီမံထားတာဖြစ်ပြီး ဆီးချိုရောဂါရှိသူတွေအတွက် အထူးသင့်တော်စွာ စားနိုင်တယ်လို့ လွဲမှားပြီး မယူဆသင့်ပါဘူး။ အစာကို ဆေးအဖြစ် ယူဆပြီး ဆေးကို အချိန်မှန် မှီဝဲသလို အစာကို အချိန်မှန် စားသောက်ဖို့ လိုအပ်ပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်စွမ်းကောင်းမွန်ဖို့အတွက် ဆီးချိုရောဂါကုသသောက်ဆေးနဲ့ဖြစ်ဖြစ်၊ အင်ဆူလင်ဟော်မုန်းနဲ့ဖြစ်ဖြစ် အစာကို အချိန်ကိုက်စားဖို့ လိုအပ်ပါတယ်။ အဓိက စားသုံးတဲ့ မနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေမှာ ကစီဓာတ်က မဖြစ်မနေပါဝင်ဖို့ အရေးကြီးပါတယ်။ သတိထားရမယ့် အချက်က နေ့တိုင်းစားတဲ့ အစာစားချိန်နဲ့ အစာပမာဏတွေကို အဖြစ်နိုင်ဆုံးတူအောင် စားသုံးသင့်ပါတယ်။ ဆီးချိုရောဂါက တစ်သက်လုံးရှိနေမယ့် ရောဂါဖြစ်လို့ ကိုယ်နေ့စဉ်စားတဲ့ပုံစံက တစ်သက်လုံး လိုက်နာနိုင်မယ့် အစာပုံစံဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အစာတွေကို သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် စားပေးသင့်ပါတယ်။

မေး. ဆီးချိုသွေးချိုရောဂါရှင်တွေက ဘယ်လို အာဟာရဓာတ်တွေကို ဘယ်လိုပုံစံနဲ့ရယူသင့်ပါသလဲဆရာ။

ဖြေ. ဆီးချိုရောဂါရှင်တွေက ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို စားနိုင်ပါတယ်။ ကစီဓာတ်ဆိုတာ ဆန်နဲ့လုပ်ထားတဲ့ အစာတွေ (ဥပမာ- ထမင်း၊ ဆန်ပြုတ်၊ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ မုန့်တီ၊ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ၊ ကောက်ညင်း၊ ဆီထမင်း၊ မြူစွမ်)၊ ဂျုံနဲ့လုပ်ထားတဲ့ အစာတွေ (ဥပမာ-ဂျုံခေါက်ဆွဲ၊ ဂျုံကြာဆန်၊ ချပါတီ၊ ပေါင်မုန့်၊ နံပြား၊ ပလာတာ)စတာတွေကို စားနိုင်ပါတယ်။ အသားဓာတ်အနေနဲ့ ငါးအမျိုးမျိုး၊ အဆီမပါတဲ့ အမဲသား၊ အဆီမပါတဲ့ ဆိတ်သား၊ အရေခွံမပါတဲ့ ဘဲသား၊ ခေါင်းမပါတဲ့ ပုစွန်၊ ဝက်သား (အသားသက်သက်)နဲ့ အရေခွံမပါတဲ့ ကြက်သားတွေကို စားနိုင်ပါတယ်။

အဆီဓာတ်မှာ ကောင်းတဲ့အဆီဓာတ်ဖြစ်ဖို့ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ သံလွင်ဆီနဲ့ငါးကရတဲ့ အဆီတွေကို စားနိုင်ပါတယ်။ မစားသင့်တဲ့အစာထဲမှာ ပြည့်ဝဆီတွေကိုမစားသင့်ပါ၊ ဒါမှမဟုတ် လျှော့စားပါ။ ပြည့်ဝဆီဆိုတာက အခန်းအပူချိန်မှာ ခဲသွားတဲ့ အဆီတွေကို အကြမ်းအားဖြင့် ခေါ်ပါတယ်။ ဥပမာ- အမဲဆီ၊ ဝက်ဆီ၊ စားအုန်းဆီ စတာတွေ ဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့် ကျောက်ကပ် ထိခိုက်နေသူတွေက အသားဓာတ်ကို လျှော့စားသင့်ပါတယ်။

ဆီးချိုရောဂါရှိသူတွေက ချိုတဲ့ အရည်၊ ချိုတဲ့ မုန့်၊ ချိုတဲ့ သစ်သီး စတာတွေကို သွေးတွင်း သကြားဓာတ်ထိန်းသိမ်းမှု မကောင်းတဲ့အချိန်မှာ ဆင်ခြင်သင့်ပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းမှုကောင်းတဲ့အခါ သစ်သီးတွေကို ချင့်ချိန်စားသုံးနိုင်ပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေက ချိုတဲ့ အစားအသောက်တွေကို ဘယ်လိုအချိန်မှာ စားနိုင်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုရောဂါရှိသူတွေက ချိုတဲ့အရည်၊ ချိုတဲ့မုန့်၊ ချိုတဲ့သစ်သီး စတာတွေကို သွေးတွင်းသကြားဓာတ် ထိန်းသိမ်းမှုမကောင်းတဲ့ အချိန်မှာ ဆင်ခြင်သင့်ပါတယ်။ သွေးတွင်းသကြားဓာတ်ထိန်းသိမ်းမှု ကောင်းတဲ့အခါ သစ်သီးတွေကို ချင့်ချိန်စားသုံးနိုင်ပါတယ်။

မြန်မာလူမျိုးတွေ စားလေ့ရှိတဲ့ အစာတွေမှာ အငန်ဓာတ်တွေ လွန်ကဲနေတတ်လို့အငန်ကို လျှော့စားဖို့လိုပါတယ်။ ဥပမာ ပြောရရင် ငါးပိ၊ ငံပြာရည်၊ ငါးခြောက်စတာတွေကို ရှောင်သင့်ပါတယ်။ ဆီးချိုရောဂါရှိသူတွေက ဟင်းသီးဟင်းရွက်ကိုတော့ ကြိုက်သလောက် စားနိုင်ပါတယ်။ အချိုဓာတ်ပါတဲ့ အသီးအနှံတွေ (ဥပမာ- ဘူးသီး၊ ဗုံလုံသီး၊ ခဝဲသီး၊ ကန်စွန်းဥ) စတာတွေကို ချင့်ချိန်စားသုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top