Healthy Life Ad
Child

အသက်ငါးနှစ်အောက်ကလေးများ အစားအသောက်ကျွေးခြင်းဆိုင်ရာ အမေးအဖြေများ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ကလေးတွေကို အသက်ငါးနှစ်အရွယ်ထိ မိခင်နို့တိုက်ကျွေးတာတွေ့ဖူးပါတယ်။ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ ဆရာမ။

ဖြေ ။ တချို့အမေတွေကျတော့လည်း ကလေးကို အသက်ငါးနှစ်အရွယ်ထိ နို့တိုက်တာရှိပါတယ်။ ဒီလိုကျတော့လည်း မကောင်းပြန်ပါဘူး။ မလိုပါဘူး။ နှစ်နှစ်ကျော်တဲ့အခါ အမေနို့မှာ အာဟာရဓာတ်တွေ မပါဝင်တော့ပါဘူး။ နောက်ပြီး သွားတွေလည်း ပျက်စီးစေတာကြောင့် အဲဒီအရွယ်အထိ နို့မတိုက်သင့်တော့ပါဘူး။

မေး ။ အသက်ငါးနှစ်အောက်ကလေးငယ်တွေမှာ ကိုယ်အလေးချိန် ပမာဏဘယ်လောက်ရှိသင့်ပါသလဲ ဆရာမ။
ဖြေ ။ ကြီးထွားနှုန်းက တစ်နှစ်နဲ့ တစ်နှစ် မတူပါဘူး။

ကလေးမွေးတုန်းက ၅ ပေါင်ဆိုရင် တစ်နှစ်ပြည့်တဲ့အခါ ၁၅ ပေါင်ဖြစ်နေရပါတယ်။ မွေးတုန်းက ကိုယ်အလေးချိန်ထက် သုံးဆတက်နေရပါတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့ နှစ်နှစ်ကြားမှာတော့ ဒီလောက်မတက်တော့ပါဘူး။ ငါးပေါင်လောက်ပဲ တက်တော့မှာ ဖြစ်ပါတယ်။ ငါးပေါင်ကို သတ်မှတ်ထားလိုက်ပေါ့။ ဥပမာ တစ်နှစ်ပြည့်တဲ့အခါ ၁၈ ပေါင်ဆိုပါစို့။ နှစ်နှစ်ပြည့်ရင် အနည်းဆုံး ၂၁ ပေါင် ရှိရပါတယ်။

ကလေးတွေကို ကျန်းမာရေးစစ်ဆေးတဲ့ Chart လေးတစ်ခု လုပ်ထားတာ ရှိပါတယ်။ ကာကွယ်ဆေးတွေထိုးတဲ့အခါမျိုးမှာလည်းပေးပါတယ်။ အဲဒီ Chart ထဲမှာ အနီ ရောင်၊ အဝါနဲ့အစိမ်းရောင်ဆိုပြီး ပါပါတယ်။ ကလေးတွေရဲ့ ကိုယ်အလေးချိန်ဟာ အစိမ်းရောင် အကွက်ထဲမှာရှိနေသ၍တော့ အိုကေပါပဲ။

မေး ။ ကလေးတွေအတွက် အစားအစာက ဘာကြောင့် အရေးကြီးပါသလဲ ဆရာမ။
ဖြေ ။ ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့၊ ပြေးလွှားဆော့ကစားဖို့၊ ဉာဏ်ရည်ထက်မြတ်ဖို့ အစားအသာက်က အရေးကြီးတဲ့အတွက် စနစ်တကျကျွေးဖို့ လိုအပ်ပါတယ်။ ကျွေးတဲ့ အစားအစာတိုင်းလည်း Balanced Diet (သင့်တင့်မျှတတဲ့ စားသောက်နည်းပုံစံ) ဖြစ်ဖို့ အရေးကြီးပါတယ်။ အဓိကက ကစီဓာတ်၊ အသားဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်၊ အမျှင်ဓာတ်၊ ရေဓာတ် စတာတွေ ပြည့်ဝစွာ ပါဝင်တဲ့ အစားအစာတွေ ဖြစ်ရပါမယ်။ အခုဆို ကလေးတွေက အသားစားတာ များတာတွေ့ရပါတယ်။ အသီးအရွက်များများ စားအောင် မိဘတွေတိုက်တွန်းပေးရပါမယ်။ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေဟာ တစ်ရက်ကို ငါးကြိမ်လောက် ကျွေးဖို့လိုအပ်ပါတယ်။ အသားတွေကတော့တစ်ရက်ကို နှစ်ကြိမ်လောက်ကျွေးရင်လုံလောက်ပါပြီ။ မနက် တစ်တုံး၊ ညနေ တစ်တုံးလောက်ကျွေးရင်ရပါတယ်။ အနီရောင်အသားဟာ စားတာများတဲ့အခါ ရေရှည်မှာကင်ဆာတွေဖြစ်စေနိုင်ပါတယ်။

မေး ။ ကလေးတွေကို ကျွေးသင့်တဲ့ အစားအစာတွေကို ဘယ်လို အမျိုးအစားတွေ ခွဲခြားနိုင်ပါသလဲ ဆရာမ။
ဖြေ ။ အစားအစာတွေမှာ နေ့တိုင်းစားရမယ့် အစာရယ်၊ တစ်ခါတလေမှ စားရမယ့် အစာရယ်၊ တစ်နှစ်မှာ လေးကြိမ်လောက်ပဲစားရမယ့်အစာဆိုပြီးရှိပါတယ်။ ဥပမာ ငှက်ပျောသီးနဲ့ နွားနို့တို့ကို နေ့တိုင်း စားပေးဖို့ လိုပါတယ်။ ကိတ်မုန့်တို့၊ ပီဇာတို့ကိုတော့ တစ်ခါတလေမှ စားတဲ့အထဲ ထည့်ရပါမယ်။ အဆီများတဲ့ ကြက်ကြော်တွေ၊ အချိုရည်တွေ၊ ဟမ်ဘာဂါ စတာတွေကိုတော့ တစ်နှစ်မှာလေးခါလောက်ပဲ စားသင့်တဲ့ အစားအစာတွေထဲ ထည့်ရမှာဖြစ်ပါတယ်။

မေး ။ ကလေးတွေအစာမျိုးစုံစားတတ်အောင် မိဘအုပ်ထိန်းသူတွေက ဘယ်လိုလုပ်ဆောင်ပေးသင့်ပါ သလဲဆရာမ။
ဖြေ ။ ကလေးတွေ အစားစာမျိုးစုံစားတတ်အောင် တိုက်တွန်းရပါမယ်။ ကလေးတွေက တစ်ခုတည်းကို အမြဲတမ်းကျွေးနေလို့မရပါဘူး။ ဥပမာ- ကြက်ပေါင်းကျွေးတယ်ဆိုပါတော့။ ကြက်ပေါင်းပဲ အမြဲတမ်းကျွေးလို့ ဘယ်ကလေးမှမစားပါဘူး။ ဒီတော့ အရသာမျိုးစုံဖြစ်အောင် လုပ်ပေးရပါမယ်။ ဒီတစ်ခါ ပေါင်းရင်၊ နောက်တစ်ခါဆိုချက်မယ်၊ ပြုတ်မယ်၊ အရသာကို တစ်မျိုးနဲ့ တစ်မျိုး မတူအောင် လုပ်ပေးရပါမယ်။ သစ်သီးတွေကို ဒီအတိုင်း ကျွေးတာ မစားဘူးဆိုရင် တုတ်လေးနဲ့ထိုးပေးတာမျိုး၊ ဥပမာ ဖရဲသီး၊ ပန်းသီး၊ နာနတ်သီး၊ စပျစ်သီးစတာတွေကို တုတ်ထိုးလေးလုပ်ပြီး ကျွေးတာမျိုးက ကလေးကို စားချင်စိတ်ပိုဖြစ်စေပါတယ်။

မေး ။ ကလေးတွေကို ဘယ်လို နည်းစနစ်နဲ့ အစာကျွေးသင့်ပါသလဲ ဆရာမ။
ဖြေ ။ ကလေးတွေကို နည်းနည်းနဲ့ ခဏခဏ ဖြည်းဖြည်းချင်း ကျွေးရပါမယ်။ သူတို့လေးတွေရဲ့ အစာအိမ်အရွယ်ပမာဏက သူတို့ရဲ့လက်သီးဆုပ်လောက်ပဲရှိတာကြောင့် အစာတွေ အများကြီး စွတ်ကျွေးနေလို့တော့ မရပါဘူး။ တချို့ကလေးတွေက ပိန်တော့ အမေတွေ၊ အဘွားတွေက အားမရကြပါဘူး။ အဲဒီတော့ ကလေးကို အစာတွေအများကြီး ကျွေးပါတယ်။ သူတို့ခန္ဓာကိုယ်အလေးချိန်နဲ့ သင့်တင့်မျှတတဲ့ ပမာဏကို စနစ်တကျ ကျွေးပေးရင် လုံလောက်ပါပြီ။

မေး ။ ဘယ်လိုအချိန်တွေမှာ ကျွေးသင့်ပါသလဲဆရာမ။
ဖြေ ။ အချိန်နဲ့ ကိုက်ပြီးကျွေးပါ။ ထမင်းအချိန် ထမင်းကျွေးပြီး မုန့်စားချိန်မုန့်ကျွေးပါ။ ထမင်းစားချိန်နီးမှ မုန့်ကျွေးတာမျိုး မလုပ်သင့်ပါဘူး။ တချို့ကလေးတွေဆို ထမင်းစားမယ်လို့ ပြောလိုက်တာနဲ့ မုန့်အရင်ဆုံး စားတာမျိုး တွေ့ဖူးပါတယ်။ မုန့်တစ်ခုလောက် စားလိုက်ပြီးမှ ထမင်းစားပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေ မဖြစ်အောင် ငယ်ငယ်ကတည်းက ထမင်းစားပြီးမှ သရေစာစားတတ်အောင် လေ့ကျင့်ပေးထားရပါမယ်။

ဒီတော့ မနက်မှာ မနက်စာ ကျွေးမယ်၊ ၁၀ နာရီ မှာ အဆာပြေစာတစ်ခု ကျွေးမယ်၊ နေ့လယ် ၁၂ နာရီဆို နေ့လယ်စာ ကျွေးမယ်၊ ၂ နာရီမှာ တစ်ခါ ကျွေးမယ်၊ ည ၆ နာရီမှာ ညနေစာ ကျွေးမယ်။ ၈နာရီမှာမုန့်ကျွေးမယ်။ အနည်းဆုံး တစ်နေ့ကိုခြောက်ကြိမ်ကနေ ရှစ်ကြိမ်ပြည့်အောင် ကျွေးသင့်ပါတယ်။ ကလေးမအိပ်မချင်း၊ နောက်ဆုံး ည ၁၀ နာရီမှာ နွားနို့တိုက်တာမျိုး ပြုလုပ်နိုင်ပါတယ်။ ကလေးနည်းနည်းငယ်သေးရင် တစ်နေ့ ၁၀ကြိမ်အထိ ကျွေးနိုင်ပါတယ်။ တချို့ကလေးတွေကျတော့ ဆာတဲ့ အချိန်မှာပြောပါတယ်။ စားချင်ရင် စားမယ်ဆိုပြီး ပြောပါတယ်။ တချို့ကျတော့ စားမယ်လို့ လုံးဝမပြောတာရှိပါတယ်။ ဒီတော့ အချိန်သေချာသတ်မှတ်ထားပြီး ကျွေးပေးသင့်ပါတယ်။ အသက်နည်းနည်းကြီးလာရင်တော့ နည်းနည်းလေး ပိုစားတာမျိုးရှိပါတယ်။

မေး ။ တခြား ဘာတွေ ပြုလုပ်ပေးသင့်ပါလဲ ဆရာမ။
ဖြေ ။ ဒီလို အချိန်မျိုးမှာ သူ့ဘာသာသူ စားတတ်အောင် လုပ်ဖို့ဖြစ်ပါတယ်။ ကိုယ်က ပြင်ဆင်ထားပေးပြီး သူတို့ကိုယ်တိုင်စားတတ်အောင် သင်ပေးရပါမယ်။ သတိထားရမှာတစ်ခုက သူတို့ ကိုယ်တိုင်စားမယ် ဆိုရင် လက်ဆေးတတ်တဲ့အကျင့်လုပ်ပေးဖို့ပါ။ ဒီငါးနှစ်အောက်အရွယ်ဆိုတာ အလေ့အကျင့်ကောင်းတွေသင်ပေးဖို့ အကောင်းဆုံးဖြစ်တာကြောင့် တစ်နှစ်ကျော်တာနဲ့ လက်ဆေးတဲ့ အလေ့အကျင့်ကိုသင်ပေးသင့်ပါတယ်။ သူတို့ ကိုယ်တိုင်စားစား၊ ကိုယ်ကပဲ ကျွေးကျွေး၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တစ်ရက်ကို အနည်းဆုံးလေးကြိမ် လက်ဆေးတတ်အောင်သင်ပေးရပါမယ်။ ငယ်ငယ်ကတည်းကလက်မဆေးတဲ့ ကလေးက ကြီးလာရင်လည်း လက်မဆေးပါဘူး။ ဒီတော့ ငယ်ငယ်ကတည်းက အကျင့်ဖြစ်သွားအောင်ပြုလုပ်ပေးဖို့က လူကြီးတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ကလေးကဆော့နေရင်လည်း ခေါ်ပြီး လက်ဆေးပေးပါ။ ညအိပ်ခါနီးလည်း လက်ဆေးဖို့ မမေ့သင့်ပါဘူး။ ကိုယ်က ငါးနှစ်လောက်ပဲ ကျင့်ပေးဖို့ လိုပါတယ်။ ငါးနှစ်ကျော်သွားရင် သူတို့ဘာသာ လုပ်တတ်ကိုင်တတ်သွားမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top