Healthy Life Ad
Life Style

သက်လတ်ပိုင်းအရွယ်တို့ ဘဝအဓိပ္ပာယ်ပိုရှိဖို့ ဆင်ခြင်ရမယ့် အမူအကျင့် ၆ ရပ်

– စူး (ဆေးဝါးတက္ကသိုလ်)

ကံမကောင်းစွာဘဲ သက်လတ်ပိုင်းအရွယ်ရောက်ချိန်မှာ ကျွန်မတို့ခန္ဓာကိုယ်က အများကြီး ပြောင်းလဲသွားပါတယ်။ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် နှေးသွားတယ်၊ ဟော်မုန်းပြောင်းလဲသွားတယ်၊ ကြွက်သားထုထည်နဲ့ သိပ်သည်းဆက လျော့ကျသွားပါတယ်။ လေ့လာမှုတွေအရ ဒီအပြောင်းအလဲတွေကို ပိုသိသာစေတဲ့ အမူအကျင့်တွေရှိပါသတဲ့။ အဲဒီအမူအကျင့် ၆ ရပ်ကို ရှောင်သင့်ပါတယ်။


(၁) မကြာခဏ အပြင်ထွက်စားခြင်း

အပြင်ထွက်စားတာက ပျော်စရာကောင်းပေမယ့် ခဏခဏထွက်စားနေတာတော့ သက်လတ်ပိုင်းအရွယ်တွေအတွက် မသင့်တော်ပါဘူး။ အိမ်မှာ ကျန်းမာရေးနဲ့အညီ ချက်ပြုတ်စားတာက စီးပွားရေးအရ တွက်ချေပိုကိုက်သလို ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။


(၂) ရေအလုံအလောက် မသောက်ခြင်း

ရေက ကျန်းမာရေးအတွက် အရေးပါတဲ့အရာပါ။ တစ်ခါတလေ ကျွန်မတို့ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတဲ့အခါ တစ်ခုခုစားချင်သလိုလို ဖြစ်တတ်ပါတယ်။ တကယ်ဆာနေတာက ရေပါ။ အစာမစားခင်၊ သရေစာမစားခင် ရေတစ်ဖန်ခွက်လောက် သောက်လိုက်ပါ။ အစာကိုနည်းနည်းပဲ စားဖြစ်စေတဲ့အတွက် သက်လတ်ပိုင်းအရွယ်မှာ ကိုယ်အလေးချိန် ထိန်းပြီးသားဖြစ်စေပါတယ်။


(၃) သရေစာများ စားလွန်းခြင်း

သရေစာစားတဲ့အခါ ကိုယ်စားတဲ့အစာမှာ ကယ်လိုရီနဲ့ သကြားပါဝင်မှုမများဖို့ သတိပြုပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာကို ရွေးစားပါ။ အဲဒီလိုဖြစ်ဖို့ဆိုရင် ပရိုတင်း၊ အမျှင်ဓာတ်ပါဝင်သင့်ပြီး သကြားပါဝင်မှုနည်းရပါမယ်။


(၄) ဝိုင်အလွန်အကျွံသောက်ခြင်း

ညစာစားခါနီး ဝိုင်တစ်ဖန်ခွက်လောက် သောက်တာက သင့်တော်ပေမယ့် ဝိုင်မှာ ကယ်လိုရီများပြီး သကြားပါဝင်မှုလည်း များပါတယ်။ ဒါကြောင့် ဝိုင်သောက်ပြီး အစာစားတဲ့အခါ ကယ်လိုရီတွေ ပိုစုပ်ယူသလို ဖြစ်သွားပါတယ်။ အသင့်အတင့်ဆိုတဲ့ စကားကို သတိရပါ။ ညတိုင်းလည်း မသောက်သင့်ပါဘူး။


(၅) အမျှင်ဓာတ် လုံလောက်စွာ မစားခြင်း

လတ်တလောလေ့လာမှုအရ အမျှင်ဓာတ်က ကျန်းမာရေးကောင်းစေပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတင်းတွေနဲ့ မတူတာက အမျှင်ဓာတ်ကို ခန္ဓာကိုယ်ကနေ အလွယ်တကူမချေဖျက်နိုင်ပါဘူး။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အဓိကအစာတွေက ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေနဲ့ ကောက်နှံတစ်ခုလုံးစာတွေပဲ ဖြစ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်အမျိုးမျိုး ပါဝင်ပါတယ်။


(၆) လေ့ကျင့်ခန်း မလုပ်ခြင်း

ဘယ်အသက်အရွယ်ပဲရောက်ရောက် တက်ကြွတဲ့ ဘဝပိုင်ဆိုင်ဖို့လိုပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ ကြွက်သားထုထည် ဆုံးရှုံးမှုမဖြစ်စေဖို့ နှလုံးသန်စွမ်းစေမယ့် လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။

အကြံပြုချက်

အသက်အရွယ်ဆိုတာ သတ်မှတ်ချက်ပါ။ ဒီအရွယ်မှာ ဘယ်လိုပျော်ပျော်နေမလဲ၊ ဘယ်လိုကျန်းမာအောင်နေမလဲ၊ တစ်နေ့တာကို စိတ်ချမ်းချမ်းသာသာနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ဘဝက ပိုအဓိပ္ပာယ်ရှိနေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top