Healthy Life Ad
Life Style

အူမကြီးရောင်ရမ်းခြင်း (Colitis)

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အူမကြီးရောင်ရမ်းခြင်းကြောင်း သိပါရစေဆရာ။

ဖြေ. ဝမ်းဗိုက်ထဲမှာ အူသိမ် (Small Intestine)နဲ့ အူမကြီး (Large Intestine) ဆိုပြီးရှိတဲ့အနက် အူမကြီးကို Colon လို့ ခေါ်ပါတယ်။ ဒါကြောင့် အူမကြီးရောင်တယ်ဆိုရင် Colitis လို့ခေါ်ပါတယ်။ အူမကြီးဟာ ဝမ်းဗိုက်ထဲမှာ ညာဘက်အောက်ခြေကနေ စပြီး ဂငယ်လိုပတ်ရာက ရင်ခေါင်းအောက်ခြေကနေ ပြန်ဆင်းနေပါတယ်။ အူမကြီးရဲ့ တစ်နေရာဖြစ်စေ၊ တစ်ခုလုံးဖြစ်စေ ရောင်ရမ်းတာကို အူမကြီးရောင်ရမ်းတယ်လို့ ခေါ်ပါတယ်။

မေး. အူမကြီး ရောင်ရမ်းတာက အဖြစ်များပါသလား ဆရာ။

ဖြေ. အူမကြီးရောင်ရမ်းတာက အဖြစ်များပါတယ်။ ဆေးခန်းမှာ အမြဲတွေ့နေရပါတယ်။ လူနာတွေက အူမကြီးရောင်ရမ်းရင် အထူးကုဆရာဝန်နဲ့ လာပြလေ့ရှိပါတယ်။

မေး. အူမကြီးရောင်ရမ်းခြင်းက ဘာကြောင့်ဖြစ်ရပါသလဲဆရာ။

ဖြေ. အူမကြီးရောင်ရမ်းမှု ဖြစ်စေတဲ့အကြောင်း အများကြီးရှိပါတယ်။ အဖြစ်အများဆုံးအကြောင်းကတော့-

(၁) ပိုးမွှား၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ အစားအသောက်က မသန့်ရှင်းတဲ့ အစားအသောက်ဖြစ်ရင်၊ အပူအစပ်စာ စားမိရင်၊ ပိုးပါဝင်ရင် အူမကြီးရောင်ရမ်းတတ်ပါတယ်။ အထူးသဖြင့် တချို့လူတွေမှာ အသုပ်နဲ့အချဉ်အစပ်တွေ စားမိရင်ဖြစ်တတ်ပါတယ်။

(၂) တချို့ဓာတ်ပစ္စည်း (Chemical) တွေနဲ့ မတည့်တာမျိုးပါ။ ကိုယ်နဲ့မတည့်တဲ့ ဓာတ်ပစ္စည်းပါတဲ့ အစာတွေကိုစားမိရင် အူမကြီးရောင်တတ်ပါတယ်။ တချို့လူတွေမှာ ပင်လယ်စာကိုစားမိရင် ပင်လယ်စာနဲ့ မတည့်တာကြောင့် ဝမ်းပျက်တာ၊ အော့အန်တာတွေဖြစ်တတ်သလိုမျိုးပါပဲ။

(၃) တချို့လူတွေကျတော့ အသက်ကြီးလာတဲ့အခါ သွေးကြောကျဉ်းပြီး သွေးမဝတာကြောင့် အူရောင်တတ်ပါတယ်။ Ischaemic Colitis လို့ခေါ်ပါတယ်။ ဒီရောဂါအမျိုးအစားက နိုင်ငံခြားမှာ အဖြစ်များပါတယ်။ အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြော ကျဉ်းရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။

(၄) အူမကြီးရောင်တာက မျိုးရိုးဗီဇနဲ့လည်း ပတ်သက်မှုရှိပါတယ်။ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ အူမကြီးရောင်တာက သူများထက်ပိုပြီး ဖြစ်လွယ်တတ်ပါတယ်။

(၅) တချို့ဆေးဝါးတွေကြောင့်လည်း အူမကြီးရောင်တတ်ပါတယ်။

ပိုးဝင်တာကြောင့် အူမကြီးရောင်ရင် ဗိုက်ဖောင်းတင်းတတ်ပါတယ်။ မအီမလည်ခံစားရတတ်ပါတယ်။ ဘက်တီးရီးယားဝင်တာပိုဆိုးလာရင် ဖျားတတ်ပါတယ်။ ရောဂါအခြေအနေက ပြင်းထန်တယ်ဆိုရင် အူမကြီးလမ်းလျှောက်တစ်ခုလုံး နာနေတတ်ပါတယ်။ ဒီလိုအခြေအနေဆိုရင် . . .

မေး. အူမကြီး ရောင်ရမ်းမှုရဲ့ လက္ခဏာတွေကို သိပါရစေဆရာ။

ဖြေ. အူမကြီးရောင်နေရင် အဓိကဖြစ်တတ်တဲ့ လက္ခဏာတွေက နှစ်ခုရှိပါတယ်။ ဗိုက်အောင့်တာနဲ့ ဝမ်းပျက်တာပါ။ ဝမ်းပျက်တယ်ဆိုတာ မကြာခဏ ဝမ်းပျက်တတ်တာမျိုးပါ။ တစ်နေ့တစ်ကြိမ် ဝမ်းပုံမှန်သွားနေရာက တစ်နေ့ သုံးလေးငါးခါလောက် ဝမ်းသွားတတ်တာမျိုးဖြစ်ပါတယ်။ ငါးကြိမ်ထက်ပိုပြီး ဝမ်းသွားရင် အရေးတကြီး ကုသမှုခံယူဖို့ လိုပါတယ်။ တကယ်လို့ သွားတဲ့ဝမ်းထဲမှာ သွေးပါရင်လည်း ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြဖို့ လိုနေပါပြီ။

ပိုးဝင်တာကြောင့် အူမကြီးရောင်ရင် ဗိုက်ဖောင်းတင်းတတ်ပါတယ်။ မအီမလည်ခံစားရတတ်ပါတယ်။ ဘက်တီးရီးယားဝင်တာ ပိုဆိုးလာရင် ဖျားတတ်ပါတယ်။ ရောဂါအခြေအနေက ပြင်းထန်တယ်ဆိုရင် အူမကြီးလမ်းလျှောက်တစ်ခုလုံး နာနေတတ်ပါတယ်။ ဒီလိုအခြေအနေဆိုရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြဖို့လိုအပ်နေပါပြီ။

မေး. အူမကြီးရောင်ရမ်းမှုဖြစ်လာရင် ဆေးကုသပျောက်ကင်းနိုင်ပါသလားဆရာ။

ဖြေ. ပျောက်ကင်းနိုင်ပါတယ်။ ပိုးကူးစက်မှုကြောင့် အူမကြီးရောင်တယ်ဆိုရင် ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသရပါမယ်။ ဓာတ်ပစ္စည်း(Chemical) တွေနဲ့မတည့်တာကြောင့် အူမကြီးရောင်ရင် မတည့်တာတွေကို ရှောင်ဖို့လိုပါတယ်။ သွေးကြောကျဉ်းလို့ဖြစ်တဲ့ အူမကြီးရောင်တဲ့အခြေအနေကိုတော့ ရာသက်ပန်ထိန်းချုပ်ပြီး ကုသဖို့လိုအပ်ပါတယ်။ ဆေးဝါးကြောင့် အူမကြီးရောင်တယ်ဆိုရင် အဲဒီဆေးကို ရပ်ပစ်ရပါမယ်။

မေး. အူမကြီးရောင်ရမ်းတာက ဘာအကြောင်းကြောင့် ဖြစ်တာလဲဆိုတာကို ဘယ်လိုစမ်းသပ်ရှာဖွေလေ့ရှိပါသလဲ ဆရာ။

ဖြေ. (၁) အူမကြီးရောင်ပြီဆိုရင် အရင်ဆုံး ရောဂါရာဇဝင်ကို မေးမြန်းရပါတယ်။ အစားအသောက်၊ အနေအထိုင်တွေကို မေးမြန်းရသလို မကြာသေးခင်က ခရီးသွားပြီး ပြန်လာသလားဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းမေးမြန်းရပါတယ်။ ခရီးသွားခဲ့ရင် မတည့်တဲ့အစာ၊ မစားဖူးတဲ့အစာတွေ စားမိတာကြောင့် အူမကြီးရောင်ရမ်းနိုင်လို့ပါ။ ဓာတ်မတည့်တဲ့အစာတွေ စားမိသလား၊ မတည့်တဲ့ဆေးတွေ သောက်ထားသလားစတာတွေကိုသိရှိအောင်လည်းမေးမြန်းရပါတယ်။

(၂) ပြီးတော့ လူနာကို စမ်းသပ်ရပါတယ်။ စမ်းသပ်လိုက်ရင် ဆရာဝန်က သိပါတယ်။ အူလမ်းကြောင်းတစ်လျှောက် ဘယ်နေရာမှာအောင့်တာလဲ၊ တင်းနေသလားဆိုတာ စမ်းသပ်ကြည့်ရင် သိနိုင်ပါတယ်။

(၃) ပိုးကြောင့်လား၊ ပိုးကြောင့်ဖြစ်တယ်ဆိုရင် ဘာပိုးကြောင့်လဲဆိုတာကိုသိအောင် သွေးနဲ့ဝမ်းကို ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ရပါတယ်။

(၄) အာထရာဆောင်းဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ အူမကြီးရောင်နေတာလား၊ အူအတက်ရောင်တာလားဆိုတာကို ခွဲခြားသိနိုင်ပါတယ်။

အူမကြီးရောင်တာက သွေးကြောကျဉ်းပြီး သွေးမဝတာကြောင့်ဖြစ်တဲ့ Ulcerative Colitis ဆိုရင် သိပ်ဆိုးတဲ့ အခြေအနေမှာ အူပေါက်ထွက် တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုပေါက်ထွက်တတ်တဲ့ ရာခိုင်နှုန်းက ၁၀ဝမှာ ငါးရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

မေး. အူမကြီးရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကိုလည်း သိပါရစေဆရာ။

ဖြေ. အစားအသောက်ကို ဆင်ခြင်စားသောက်ရပါမယ်။ အရက်မသောက်ရင် အကောင်းဆုံးပါ။ မဟုတ်ရင်တော့ အရက်သောက်တာကို လျှော့ရပါမယ်။ အဆီပါတဲ့ အစာတွေကို လျှော့စားရပါမယ်။ အရွက်ကြမ်းတွေ၊ အသီးကြမ်းတွေနဲ့ အသားစိမ်းတွေကို လုံးဝမစားသင့်ပါဘူး။ အပူ၊ အစပ်စာတွေကြောင့် တချို့လူတွေမှာ အူမကြီးရောင်တတ်တဲ့အတွက် ရှောင်ဖို့လိုပါတယ်။

မေး. အူမကြီးရောင်ရမ်းမှုကို ခံစားနေရသူတွေက ဘယ်လိုအစားအသောက်တွေကို စားသောက်သင့်ပါသလဲဆရာ။

ဖြေ. အူမကြီးရောင်နေချိန်မှာ အစာကြမ်းတွေကို မစားသင့်ပါဘူး။ ဖြစ်နိုင်ရင် ဆန်ပြုတ်လို အစာပျော့ပျော့ ပူပူနွေးနွေးကိုပဲ စားသင့်ပါတယ်။

မေး. အူမကြီးရောင်ရမ်းတာကို ဆေးကုသမှုခံယူနေချိန်မှာ ရှောင်ရှားသင့်တဲ့အချက်တွေကိုလည်း သိပါရစေဆရာ။

ဖြေ. အူမကြီးရောင်နေချိန်မှာ ဗိုက်ကိုမနှိပ်ပါနဲ့။ ဗိုက်တင်းလာရင် ပေါက်ထွက်တတ်ပါတယ်။

မေး. အူမကြီးရောင်ရမ်းမှုနဲ့ လွဲမှားတတ်တဲ့ရောဂါ အခြေအနေတွေရှိရင်လည်း ပြောပြပေးပါဆရာ။

ဖြေ. အူမကြီးရောင်ရင် အများအားဖြင့် ဝမ်းဗိုက်ဘက် ဘယ်ခြမ်းကအောင့်တာများပါတယ်။ ဘယ်ဘယ်ခြမ်းမှာ အောင့်ရင် ပိုးကြောင့်ဖြစ်တာများပါတယ်။ ဝမ်းဗိုက်အပေါ်ဘက် အောင့်တာဆိုရင်တော့ သွေးကြောကျဉ်းလို့ သွေးမဝတဲ့အခြေအနေကြောင့် အူမကြီးရောင်တာဖြစ်တတ်ပါတယ်။ တကယ်လို့ ဝမ်းဗိုက်ရဲ့ညာဘက်အောက်ခြေမှာ နာတယ်ဆိုရင် အူအတက်ရောင်တာနဲ့ လွဲမှားတတ်ပါတယ်။

မေး. အူမကြီးရောင်ရမ်းမှုနဲ့ပတ်သက်ပြီး အများပြည်သူကိုပေးလိုတဲ့ ကျန်းမာရေးအကြံပြုချက်ကိုလည်း သိပါရစေဆရာ။

ဖြေ. အူမကြီးရောင်တာက နာတာရှည်ဖြစ်နေရင် ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝမ်းမကြာခဏပျက်တယ်၊ ဝမ်းသွားရင် သွေးပါတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။ အူမကြီးကို မှန်ပြောင်းနဲ့ကြည့်တဲ့ စစ်ဆေးမှု (Colonoscopy) ယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top