Healthy Life Ad
Life Style

အအေးမိခြင်း၊ တုပ်ကွေးဖျားခြင်းနှင့် ကူးစက်ပိုးဝင်လွယ်သူတို့ အသက်အရွယ်အလိုက် လိုက်နာသင့်သည်များ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လုပ်ဖော်ကိုင်ဖက်တစ်ဦးဦး နှာချေပြီဆိုတာနဲ့ ကိုယ်က တုပ်ကွေးဖြစ်ချင်သလိုလိုဖြစ်တာ၊ အနေအ ထိုင်ပြောင်းလိုက်ရုံနဲ့ အအေးမိလွယ်တာ၊ ကူးစက်ပိုးရလွယ်တာတွေဖြစ်လို့ စိတ်ညစ်နေပါသလား။ အသက်ကြီးလာချိန်မှာ ကိုယ်ခံစွမ်းအားကျလွယ်လာတာကြောင့် ဖြစ်ရတဲ့အတွက် အသက်အရွယ်မရွေး ကိုယ်ခံစွမ်းအားကောင်းနေဖို့အတွက် အောက်ပါတို့ကို လိုက်နာပေးဖို့ အကြံပြုပါရစေ။

အသက် ၃၀အရွယ်မှာသကြားနှင့် အယ်လ်ကိုဟော လျှော့ပါ

အသက် ၃၀အရွယ်မှာဘဝတက်လမ်းအတွက် လမ်းကြောင်းတွေ့နေပြီဖြစ်သလို မိသားစုဘဝကိုလည်း စတင်တည်ဆောက်နေပြီဖြစ်တာကြောင့် လူမှုရေးအလုပ်တွေလည်း လုပ်နေရပါလိမ့်မယ်။ ဒီလိုအချိန်မှာ စွမ်းအင်အမြန်ရအောင် သကြားများတဲ့ သရေစာတွေစားတာနဲ့ လူမှုရေးအရအရက်သောက်တာတွေ ရှိလာနိုင်ပါတယ်။ ဒီလိုလုပ်တာကြောင့် သင်ရဲ့ ကိုယ်ခံစွမ်းအားစနစ်က ထိခိုက်လာပါတော့တယ်။ လေ့လာမှုအရ ဆော်ဒါအချိုရည်တစ်ခွက်ထဲက သကြားဟာ ကိုယ်ခံစွမ်းအားစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို သုံးနာရီလောက် ဖိနှိပ်ထားတယ်လို့ သိရပါတယ်။ အယ်လ်ကိုဟောပါတဲ့ အရည်တွေကလည်း ခန္ဓာကိုယ်မှ ထုတ်တဲ့ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဆဲလ်တွေရဲ့ အရေအတွက်ကို လျော့ကျစေပါတယ်။ ဒါကြောင့် သရေစာအတွက် ပန်းသီး၊ ဒိန်ချဉ်တို့ကို စားတာက အူလမ်းကြောင်းရဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တွန်းလှန်နိုင်စွမ်းအား ကောင်းစေပါတယ်။

လေ့ကျင့်ခန်းကို စမတ်ကျကျလုပ်ပါ၊ အပြင်းအထန်မလုပ်ပါနှင့်
ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး သင့်ကိုယ်သင်ယုံကြည်မှုရှိနေစေသလို ခန္ဓာကိုယ်ထဲက ခုခံအားဆိုင်ရာ ဆဲလ်တွေကို ပွားနှုန်းမြန်စေကာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ မိ နစ် ၂၀-၃၀ထက်ပိုပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်း လုပ်တာမျိုးတော့ မလုပ်ပါနဲ့။ ကိုယ်ခံစွမ်းအားစနစ်ကို ဖိနှိပ်ထားနိုင်လို့ပါ။

အသက် ၄၀အရွယ်မှာစောစော အိပ်ရာဝင်ပါ
စောစော အိပ်ရာဝင်ပြီး အိပ်ရေးဝတာက အအေးမိဝေဒနာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ တစ်ညမှာ မိနစ် ၃၀-၆၀လောက်ပိုအိပ်ပေးတာက ကိုယ်ခံစွမ်းအားစနစ်ကို ပြည့်ပြည့်ဝ၀ ကောင်းမွန်နေစေပါတယ်။ အိပ်တာက ပြန်လည် အားဖြည့်ပေးတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် ကိုယ်ခံစွမ်းအားစနစ် ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ အတွက် အရေးပါနေပါတယ်။

ကောင်းကောင်း အနားရနိုင်မည့် နည်းလမ်းသစ်ရှာပါ
နာတာရှည်ဖိစီးမှုခံစားရတာက ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေနိုင်တာကြောင့် တုပ်ကွေးဗိုင်းရပ်စ်တွေလို အလွယ်တကူဝင်ရောက်နိုင်တဲ့ ကူးစက်ပိုးတွေကို တွန်းလှန်နိုင်စွမ်းလျော့ကျစေပါတယ်။ ဒါကြောင့် အနားယူတာကို တာဝန်တစ်ခုလို သဘောထားပြီး အပန်းပြေနိုင်မယ့်နည်းလမ်းသစ်ကို ရှာသင့်ပါတယ်။

အသက် ၅၀အရွယ်မှာအင်တီအောက်ဆီးဒင့်မှီဝဲပါ
အသက် ၅၀အရွယ်မှာ တုပ်ကွေးဖြစ်တာ၊ အအေးမိတာနဲ့ ကူးစက်ပိုးဝင်တာတွေဖြစ်နိုင်ခြေမြင့်မားနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးလာချိန်မှာ အင်တီအောက်ဆီးဒင့်ပေါများစွာပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေများများကို ထည့်စားသင့်ပါတယ်။ လေ့လာမှုအရ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ရွက်လိပ်ဂေါ်ဖီထုပ်တွေကိုများများစားတာက ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အဲဒီအပင်ထွက်ပစ္စည်းတွေထဲမှာ ကင်ဆာတွန်းလှန်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်တာကြောင့် ဖြစ်ပါတယ်။

အိပ်မက်ကို အကောင်အထည်ဖော်ပါ
အဓိပ္ပာယ်ရှိတဲ့ဘဝမှာ နေရတာက ကိုယ်ခံစွမ်းအားစနစ်ရဲ့ သဘာဝဆဲလ်တွေကို ပွားများလာစေတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် ငယ်စဉ်က လျစ်လျူရှုခဲ့ရတဲ့ ဝါသနာတွေ၊ အိပ်မက်တွေကို ဒီအချိန်မှာအကောင်အထည်ဖော်ပေးတာက ကူးစက်ပိုးဝင်နှုန်းကို လျော့ကျစေပါတယ်။

အိမ်ထောင်ဖက်နှင့် အတူနေပါ
တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက် အိမ်ထောင်ဖက်နဲ့ အတူနေတာက ပဋိပစ္စည်း IgAကို ၃၀ ရာခိုင်နှုန်းတိုးမြင့်မာစေတယ်လို့ ဝိုက်ခ်တက္ကသိုလ် လေ့လာမှုတစ်ရပ်အရသိရပါတယ်။ အဲဒီပဋိပစ္စည်းဟာ တံတွေးနဲ့ အာခေါင်အမြှေးပါးတွေထဲမှာ တွေ့ရပြီး အအေးမိဗိုင်းရပ်စ်နဲ့ တုပ်ကွေးဗိုင်းရပ်စ်တို့ကို အရင်ဆုံးတွန်းလှန်နိုင်တဲ့ပစ္စည်း ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top