Healthy Life Ad
Life Style

နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှု ဘယ်လိုအနိုင်တိုက်ကြမလဲ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္တသိုလ်)

နေ့တိုင်းလိုလို ရုန်းကန်သွားလာနေရတဲ့ ဘဝ မှာ စိတ်ဖိစီးမှုဆိုတာ အနည်းနဲ့အများတော့ ရှိစမြဲပါ။ တကယ်တမ်းပြောရရင် စိတ်ဖိစီးမှုဆိုတာ ရုပ်ပိုင်း ဆိုင်ရာကြောင့်ဖြစ်နိုင်သလို စိတ်ကြောင့်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ စိတ်ခံစားမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲဒီအခြေအနေတွေကဖြစ်လာတဲ့ ခံစားချက်တွေနဲ့တင်းအားကို တုံ့ပြန်တဲ့အနေနဲ့ စိတ်ဖိစီးမှုတွေဖြစ်လာပါတော့တယ်။ ဥပမာပြောရရင် အလုပ်မှာ အထက်လူကြီးက ကိုယ့်ကို ဖိအားတွေပေးနေတာဆူတာ၊ ငေါက်တာ၊ သူငယ်ချင်းအချင်းချင်း အဆင်မပြေတာ၊ အလုပ်အကိုင် အဆင်မပြေတာ၊ လုပ်ငန်းကျွမ်းကျင်မှု မရှိတာ၊ အလုပ်မှာ ခက်ခဲပင်ပန်းတာ၊ အနားမယူနိုင်လောက်အောင် ပင်ပန်းလွန်းနေတာတွေအပြင် ကျန်းမာရေးမကောင်းတာ အစ ရှိတဲ့အကြောင်းကြောင်းတွေကြောင့် စိတ်ထဲမှာ ဖိစီးမှုတွေခံစားရတတ်ပါတယ်။

 


စိတ်ဖိစီးမှုဖြစ်လာရင် ဘာတွေ ခံစားရမလဲ . .
အဖြစ်များဆုံးကတော့ ခေါင်းကိုက်တာပါပဲ။ ကိုယ်စိတ်မပါတဲ့ အလုပ်ကို တစ်ယောက်တည်းလုပ်ရတော့မယ်၊ အိမ်မှာကလည်း ပြဿနာကရှိ။ အဆင်မပြေမှုတွေက များပြား . . ဒီအခြေအနေမှာ ခေါင်းကိုက်တာကစလို့ ဇာတ်ကြောတင်းတာ၊ ကြွက်သားတွေ တင်းကိုက်လာတာတွေဖြစ်လာတတ်ပါတယ်။ တချို့သူတွေမှာ ခေါင်းကိုက်တာနဲ့ခန္ဓာကိုယ် ကိုက်ခဲတာတင်မကဘဲ ဗိုက်နာသလို၊ ဗိုက်ဆာသလို၊ နေလို့ မကောင်းတော့သလိုဖြစ်လာတတ်ပါတယ်။ သိပ်ဆိုးရွားတဲ့ ဖိစီးမှုတွေ ကြာရှည်ခံစားလာရတဲ့အခါမှာ နှလုံးရောဂါဖြစ်တာ၊ လေဖြတ်တာတွေအပြင် ဆံပင်ကျွတ်တာတွေအထိတောင် ဖြစ်တတ်ပါတယ်။
ဒီတော့ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်လာပါပြီ။ ဘယ်လို ဖြေရှင်းသင့်သလဲဆိုတာကို သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်က အခုလို အကြံပေးထားပါတယ်။

“တစ်ခါတလေကျရင် ကိုယ်ကြိုက်တဲ့ အလုပ်ကို လုပ်ရမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်ကို ပျော်အောင် လုပ်ရမယ်။ တစ်ခါတလေ ကိုယ်ကြိုက်တာ မလုပ်ရလေခြင်းဆိုပြီး ဖြစ်တတ်တယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။စိတ်ဖိစီးမှုဆိုတာ လူတိုင်း နေ့စဉ်နေ့တိုင်းတွေ့ ရတယ်။ အဲဒါကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲ။ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အရာက အင်မတန်အရေးကြီးတယ်။ ဘဝမှာ ကိုယ်သွားမယ့် ပန်းတိုင်က ဟိုးတောင်ကုန်းကြီးတစ်ခုပေါ်မှာရှိတယ်။ ကိုယ်တက်တဲ့လမ်းမှာတွေ့ရတဲ့ အခက်အခဲအတားအဆီးတွေဆိုတာ စိတ်ဖိစီးမှု (Stress)တွေချည်းပဲ။ အဲဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အရေးကြီးတယ်။ ဆရာကတော့ ပြဿနာတစ်ခုဖြစ်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိအောင် ချရေးလိုက်တယ်။ ဒီပြဿနာက ဘာလဲဆိုတာ သေသေချာချာချရေးလိုက်တယ်။ ပြီးတော့ ဒီပြဿနာကို ဖြေရှင်းတဲ့ နည်းဘယ်နှနည်းရှိသလဲဆိုတာ သိအောင် ချရေးလိုက်တယ်။

ဆရာက ဆေးကုနေတဲ့သူ . .လူနာတစ်ယောက် ရဲ့ရောဂါကို ဘာရောဂါဖြစ်နေတာလဲဆိုတာကို ရအောင်ရှာတယ်။ ရောဂါတွေ့သွားပြီဆိုပါစို့။ ဥပမာ သားအိမ်ထဲမှာ အလုံးကြီးရှိနေတယ်ဆိုရင် ကုသနည်း ဘယ်နှနည်းရှိသလဲဆိုတာကို ချရေးလိုက်တယ်။ ငါးနည်းရှိတယ်ဆိုရင် ဒီဆေးပေးလို့ရတယ်၊ ဟိုဆေးပေးလို့ရတယ်၊ ခွဲလို့ရတယ်၊ ဓာတ်ရောင်ခြည်ပြလို့ ရတယ် စသဖြင့် ချရေးပြီး

ဘယ်နည်းမှာ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးရှိတယ်ဆိုတာကို ချရေးလိုက်တယ်။ အဲဒီအထဲကမှ ဘယ်နည်းကအကောင်းဆုံးလဲ၊ လူနာနဲ့အသင့်တော်ဆုံးက ဘာဖြစ်မလဲဆိုတာကို ရွေးချယ်ရတော့တယ်။ သေချာစဉ်းစားဆုံးဖြတ်ရတယ်။ အဲဒီလို ဆုံးဖြတ်ပြီးတာနဲ့ ကုသမှုပေးရပါတယ်။ လူနာက ကောင်းသွားတယ်ဆိုရင် စိတ်ချမ်းသာရတယ်။ လူနာက မကောင်းဘူးဆိုရင်လည်း ဘာဖြစ်လို့မကောင်းတာလဲဆိုတာ အဖြေရှာပြီး နောက်တစ်ခါ ဒီလိုမလုပ်တော့ဘူးဆိုတဲ့ အတွေ့အကြုံရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ လဲကျရင်ပြန်ထရတယ်၊ အခက်အခဲက ကြီးလေလေ၊ ဘဝဆိုတာ ပျော်စရာ ကောင်းလေလေပါပဲ။ လေပြင်းမုန်တိုင်းတွေကို ကျော်ဖြတ်ပြီးတော့မှ အောင်မြင်မှုကို ရတာချည်းပါပဲ။ အခက်အခဲဆိုတာ ကျော်လွှားနိုင်သူတွေအတွက် ပန်းတိုင်သွားတဲ့ လမ်းပါပဲ။ မီးအပူတစ်ခုက ဖယောင်းကို အရည်ပျော်စေတယ်၊ သံမဏိကို ပိုပြီးမာကျောလာစေတယ်။ ဒီမီးအပူပါပဲ။ မင်းက ဖယောင်းလား၊ သံမဏိလား . . ဒါ ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမှာဖြစ်ပါတယ်”လို့ ဒေါက်တာစိုးလွင်က ပြောပါတယ်။

စိတ်ဖိစီးမှုတွေဖြစ်လာရင် လျော့ပါးသက်သာအောင်တိုက်ထုတ်ဖို့ ပညာရှင်တွေ အကြံပေးလေ့ရှိတဲ့နည်းတွေရှိပါတယ်။ အဲဒါတွေကတော့ အသက် ပြင်းပြင်းရှူသွင်းရှူထုတ်တာ၊ တရားထိုင်တာ၊ ယော ဂကျင့်တာတွေပဲ ဖြစ်ပါတယ်။ အသက်ကို ပြင်းပြင်း ရှူသွင်း၊ ခဏတာအောင့်ထားပြီး အသက်ကို ပြင်းပြင်း ပြန်မှုတ်ထုတ်လိုက်ရင်ပဲ တော်ရုံတန်ရုံဖိစီးမှုတွေကို လျှော့ချနိုင်တယ် ဆိုတာကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုက ကိုယ်ခံစားနေရတာတွေ မကျေနပ်တာတွေကို စာအုပ်ထဲမှာချရေးလိုက်ရင်လည်း ကိုယ့်စိတ်ထဲက ဖိစီးမှုအနည်းငယ် လျော့သွားတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း၊ မိသားစုဝင်နဲ့လုပ်ဖော်ကိုင်ဖက်ကို ရင်ဖွင့်ပြောပြတာကလည်း စိတ်ဖိစီးမှုကို လျော့ကျသွားစေပါတယ်။


ဒေါက်တာစိုးလွင်ကတော့ အခက်အခဲတွေကြုံလာတဲ့အခါ သူပြေးမြင်လေ့ရှိတဲ့ တရုတ်သူဌေးတစ်ဦးအကြောင်းကို နမူနာပြသခဲ့ပါတယ်။”ဒီအခက်အခဲတွေ      အကြောင်းပြောလိုက်ရင် ဂျက်မားဆိုတဲ့ တရုတ်လူမျိုးတစ်ယောက်ကို ပြေးမြင်မိ တယ်။ သူက ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာတယ်။ အရပ်ကလည်း ပုပုလေး၊ ကိုယ်အလေးချိန်ကလည်း ပေါင်၁၀ဝတောင်မပြည့်ဘူး။ သူကကျောင်းတက်တော့       အင်္ဂလိပ်စကား သိပ်တတ်ချင်တယ်။ သူတို့မြို့ မှာ အင်္ဂလိပ်စကားပြောတတ်တဲ့သူကလည်း မရှိတော့ ဟိုတယ်ကို နေ့တိုင်းသွားပြီး ဟိုတယ်ကိုလာတဲ့တိုးရစ်တွေကိုသူတို့   မြို့ကို လိုက်ပြတယ်။ သူက ပိုက်ဆံမတောင်းဘဲ အင်္ဂလိပ်စာသင်ပေးပါလို့ ပြောတယ်။ ဆင်းရဲသား ကျောင်းသားလေးတစ်ယောက်က အင်္ဂလိပ်စာ တတ်ချင်လွန်းလို့ တိုးရစ်တွေကို မြို့ထဲ ခေါ်ခေါ်သွားပြီး ခုနစ်နှစ်လောက်ကြာတော့ အင်္ဂလိပ်စာတတ်သွားတယ်။ ဒါပေမဲ့ ကျောင်းပညာမှာ တော်တော်ညံ့တယ်။ တက္ကသိုလ်တက်ဖို့ သုံးခါဖြေတာ မအောင်ဘူး။ နောက်ဆုံးအောင်တဲ့အချိန်မှာ သူအလုပ်လုပ်ချင်တာနဲ့ ကုမ္ပဏီတွေ လိုက်လျှောက်တယ်။ အခု ၃၀ လျှောက်တာ ၃၀လုံး အပယ်ခံရတယ်။ KFC ကြက်ကြော်ဆိုင်ကို သွားလျှောက်တာ လူ၂၅ ယောက် လျှောက်ရာမှာ ၂၄ ယောက်ကို ခန့်လိုက်ပြီး သူတစ်ယောက်တည်း အပယ်ခံလိုက်ရတယ်။ တက္ကသိုလ်တက်ချင်တော့လည်း ဟားဗတ်ကို သွားလျှောက်ရာမှာ ၁၀ ခါတိတိ လျှောက်တယ်၊ ၁၀ ခါတိတိ အငြင်းခံရတယ်။ အဲဒီသူက အခုအာရှတိုက်မှာ အချမ်းသာဆုံး၊ ကမ္ဘာ့အဆင့် ၄မှာ ရှိတယ်။ သန်းပေါင်းများစွာချမ်းသာနေပြီ၊ သူ့ကုမ္ပဏီနာမည်က အလီဘာဘာ တဲ့။ သူ့ဘဝကို ကြည့်လိုက်ရင် အကြိမ်ကြိမ်လဲကျနေတာ၊ ဒါပေမဲ့ သူကပြန်ထတယ်။ သူ့ဘဝကို တိုးတက်အောင် လုပ်ပေးလိုက်တာတစ်ခုက အင်္ဂလိပ်စာပဲ။ အမေရိကန်နိုင်ငံမှာ သူပစ္စည်းတစ်ခုသွားဝယ်ဖို့ သူငှားနေတဲ့ အိမ်ရှင်ကိုမေးလိုက်တယ်။ ဒီပစ္စည်းဘယ်လိုဝယ်ရမလဲဆိုတော့ ဆိုင်မှာဝယ်စရာမလိုဘူး၊ အင်တာနက်မှာ ဒီလိုနှိပ်လိုက်တာနဲ့ အိမ်ကို လာပို့တယ် လို့ပြောပြတယ်။ သူက ‘ဟုတ်လား၊ တရုတ်ပြည်မှာ ဒါမျိုးမရှိဘူး’ဆိုပြီး အဲဒီမှာ သူဌေးဖြစ်မယ့်အကွက်ကို သိသွားတယ်။ အဲဒီကနေ အလီဘာဘာကုမ္ပဏီ ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ လူတစ်ယောက်အောင်မြင်ဖို့အတွက် အကြိမ်ပေါင်းများစွာ လဲကျပေမယ့် ပြန်ထနိုင်ရမယ်”

ဒါ့အပြင် လူတွေ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး ဖြေရှင်းနည်းက ကိုယ်ရဲ့ စိတ်ထား၊ သဘောထားပဲ ဖြစ်တယ်လို့လည်း ဒေါက်တာ စိုးလွင်က ဆိုပါတယ်။

“စိတ်ဖိစီးမှုကိုရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးက ကိုယ်ရဲ့ စိတ်ထား၊ သဘောထားပဲ ဖြစ်တယ်။ တခြားနည်းလမ်းမရှိပါဘူး။ လောကကြီးကို ရင်ဆိုင်တဲ့အခါမှာ လေးခုနဲ့ ရင်ဆိုင်ရမယ်။

(၁) မေတ္တာတရားနဲ့ ရင်ဆိုင်ရမယ်။ ဥပမာ ဆေးကုမယ်ဆိုပါတော့။ မကုခင်မှာ လူနာကို မေတ္တာတရားထားရမယ်။
ပြီးတော့ (၂) ကရုဏာတရား ထားရမယ်။ ကုရင်းနဲ့သက်သာသွားတယ်။ (၃) မုဒိတာတရားထားရမယ်။ ကုရင်းနဲ့ကောင်းမလာဘူးဆိုရင်လည်း (၄) ဥပက္ခာတရားထားရမယ်။ တစ်ခါတလေကျရင် ဆရာဝန်တွေရှိတတ်တယ်။ ကိုယ်ကုလိုက်လို့ လူနာကောင်းမလာဘဲ တစ်ခုခုဖြစ်သွားတယ်ဆိုရင် တစ်သက်လုံးဆေးထိုးအပ်မကိုင်တော့ဘူးဆိုတာမျိုး။ လောကမှာမမှားသော ရှေ့နေ၊ မသေသော ဆေးသမားဆိုတာရှိတာပဲ။ ဒီအမှားတွေကနေ သင်ခန်းစာယူပြီး နောက်မဖြစ်အောင် ဆင်ခြင်ရမှာပါ။

တစ်ခါတလေကျတော့ လူတွေက ဖြစ်တတ်တယ်။ မိုးလင်းတာနဲ့ ဟိုးအရင်က ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားပြီး နောင်တတွေ ရနေတာမျိုး၊ တချို့ကျတော့လည်းဖြစ်မလာသေးတာကို တွေးပြီး စိတ်ညစ်နေတာမျိုး . .အတိတ်ဆိုတာ ပြီးသွားပြီ၊ ဘာမှလုပ်လို့မရတော့ဘူး။ အနာဂတ်ဆိုတာကလည်း ရောက်မှမရောက်သေးတာ၊ ပိုက်ဆံမချေးရသေးဘဲ အတိုးပေးနေတာနဲ့ တူနေပြီ။ ဒါကြောင့် ဒီနေ့မှာ အကျိုးရှိအောင် ဘာလုပ်ရမလဲဆိုတဲ့ အတွေးနဲ့ နေတာက အကျိုးရှိတဲ့ ဘဝနေနည်းပဲဖြစ်တယ်။ ဒီနေ့ ပျော်ပျော်နေမယ်၊ ကောင်းကောင်းနေမယ်ဆိုပြီး နေရမယ်။ မနေ့ကဟာကိုမစဉ်းစားရတော့ဘူးလား။ စဉ်းစားပါ၊ မနေ့က အတွေ့အကြုံကို သင်ခန်းစာယူဖို့ စဉ်းစားရမယ်၊ မနက်ဖြန်ကို စဉ်းစားပါ၊ ဘာအတွက် စဉ်းစားရမလဲဆိုတော့ မျှော်လင့်ချက်အတွက် စဉ်းစားရမှာပေါ့”လို့ ပြောပြခဲ့ပါတယ်။

လူတွေမှာ စိတ်ဖိစီးမှုတွေကို မထိန်းချုပ်နိုင်လောက်အောင် များလွန်းနေရင်တော့ အဲဒီဖိစီးမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေရဲ့ အကူအညီကိုယူဖို့လိုပါတယ်။ တချို့တွေမှာ စိတ်ဖိစီးမှုတွေကို မခံနိုင်လောက်အောင် သိပ်များလာပြီး ရောဂါအဆင့်အထိ ဖြစ်လာတာမျိုး ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့ တွေ့ဆုံပြီး အကူအညီနဲ့ အကြံဉာဏ်တွေတောင်းခံဖို့ လိုအပ်ပါတယ်။ တစ်ခါတလေမှာ ဘဝအမောတွေကို သက်ပြင်းချလိုက်ရုံနဲ့ စိတ်တင်းကျပ်နေတာတွေ အနည်းငယ်ပြေလျော့သွားပေမယ့် တစ်ခါတစ်ရံမှာတော့ စိတ်ဖိစီးမှုကြောင့် နေ့နေ့ညည အိပ်ရေးပျက် အစားပျက်တဲ့အထိ ဖြစ်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလို နိစ္စဓူဝအလုပ်တွေ မလုပ်နိုင်လောက်အောင် ဖိစီးမှုတွေ ခံစားနေရပြီဆိုရင်တော့ ဖြေလျှော့နိုင်မယ့် နည်းလမ်းတစ်ခုခုကို ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး ဖြေလျှော့သင့်နေပါပြီ။

ဘဝလောကကြီးမှာ ကျင်လည်နေကြသူအားလုံး ကိုယ့်မှာဖြစ်လာနိုင်တဲ့ဖိစီးမှုတွေကိုအသိ၊ သတိ နဲ့ ကြိုတင်ကာကွယ်နိုင်ပါစေ။ ခံစားရသမျှ ဖိစီးမှုတွေကိုလည်း ကောင်းကောင်းထိန်းချုပ် ဖြေလျှော့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top