Healthy Life Ad
Health Tips

သွေးတွင်းမကောင်းသော ကိုလက်စထရောများနေသူတို့ သတိပြုဆင်ခြင်သင့်သော အစာ ၁၀ မျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုလက်စထရောဆိုတာ သွေးထဲက အဆီတစ်မျိုးဖြစ်ပြီး ဟော်မုန်းထုတ်လုပ်မှုနဲ့ အမြှေးပါးလုပ်ငန်းဆောင်တာတွေအတွက် အရေးပါပါတယ်။ ကောင်းတဲ့ ကိုလက်စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရောဆိုပြီး နှစ်မျိုးရှိကာ မကောင်းတဲ့ ကိုလက်စထရော မြင့်မားနေရင်တော့ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာဖြစ်နိုင်ခြေ မြင့်မားနေပါတယ်။ ဒါကြောင့် ကိုလက်စထရောမြင့်မားတဲ့ အစာတွေကို သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။

(၁) ကြက်ဥအနှစ်၊ ဘဲဥအနှစ်
ကြက်ဥအနှစ်၊ ဘဲဥအနှစ်မှာ ကိုလက်စထရော ပါဝင်မှုများတဲ့အတွက် ကိုလက်စထရော မြင့်မားနေသူတွေဆိုရင် သတိထားသင့်ပါတယ်။ ဥပမာ နံနက်ခင်းမှာ ကြက်ဥတစ်လုံး စားခဲ့ရင် နေ့လယ်စာမှာ ချိစ်ဘာဂါကို ရှောင်ဖို့လိုပါတယ်။

(၂) တိရစ္ဆာန်အသည်း
တိရစ္ဆာန်ကလီစာတွေမှာ ကိုလက်စထရော ပါဝင်မှုများတတ်ပါတယ်။ တိရစ္ဆာန် အသည်း ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၅၆၄ မီလီဂရမ် ပါဝင်နေပါတယ်။ အမေရိကန်နှလုံးအဖွဲ့အစည်း လေ့လာမှုအရ ကျန်းမာတဲ့လူကြီးတွေအတွက် တစ်နေ့မှာ ကို လက်စထရော ၃၀ဝ မီလီဂရမ်ထက် မပိုသင့်ဘူးလို့ သိရပါတယ်။

(၃) ထောပတ်
ထောပတ် (Butter) ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၂၁၅ မီလီဂရမ်ပါဝင်ပြီး ထမင်းစားဇွန်း တစ်ဇွန်း စာပမာဏမှာ ကိုလက်စထရော ၃၀ မီလီဂရမ် ပါဝင်နေပါတယ်။

(၄) ပုစွန်
ပုစွန် ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၁၉၅ မီလီဂရမ်ပါဝင်ပါတယ်။ ပုစွန်ကြီးတစ်ကောင်မှာ ကိုလက်စထရော ၁၁ မီလီဂရမ် ပါဝင်ပြီး ပုစွန်တစ်အောင်စမှာ ကိုလက်စထရော ၅၅ မီလီဂရမ်ခန့် ပါဝင်နေပါတယ်။

(၅) ကြက်အရေခွံ
အရေခွံပါတဲ့ ကြက်ခြေထောက်တစ်ချောင်းဟာ ရေခဲမုန့်တစ်ခွက်၊ ဘာဂါတစ်ခုထက်တောင် အဆီနဲ့ ကိုလက်စထရော ပိုမို ပါဝင်နေပါတယ်။ ကြက်အရေခွံက ကိုလက်စထရော ပါဝင်မှုများတဲ့ အစာပါ။

(၆) အဆင်သင့်အစာများ
အဆင်သင့်အစာတွေမှာ ကိုလက်စထရော ပါဝင်မှုများပါတယ်။ အာလူးချောင်းကြော်၊ ဥအမျိုးမျိုးနဲ့ ချိစ်ဘီစကွတ် မုန့်တွေ ၁၀ဝ ဂရမ်ရှိတိုင်း ကိုလက်စထရော ၁၇၂ မီလီဂရမ် ပါဝင်နေပါတယ်။ အဆင်သင့်အစာတွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ထပ်ပြန်ကြော်ဆီ (ထရန့်စ်ဖက်စ်) တွေက အဆင်သင့်အစာတွေကို ကိုလက်စထရောများတဲ့ အစာတွေအဖြစ် ပြောင်းလဲသွားစေတာ ဖြစ်ပါတယ်။

(၇) ချိစ် (Cheese)
ဟင်းလျာတွေကို အရသာရှိစေတဲ့ ချိစ် ၁၀ဝ ဂရမ်မှာ ကိုလက်စထရော ၁၂၃ မီလီဂရမ် ပါဝင်နေပါတယ်။

(၈) ပြုပြင်ထားသော အသား
အသားတွေကို ကြာရှည်ခံအောင် ပြုပြင်တဲ့အချိန်မှာ အဆီတွေကို ထည့်သွင်းလေ့ရှိပါတယ်။ ဒါ ကြောင့် ကိုလက်စထရောများရတာပါ။ တိရစ္ဆာန် အသားတွေထဲမှာ ဘဲသားနဲ့ သိုးသားက ကိုလက်စထရောအများဆုံး ဖြစ်ပါတယ်။

(၉) ချိစ်ဘာဂါ
ချိစ်ဘာဂါကြီးတစ်ခုမှာ ကိုလက်စထရော ၁၇၅ မီလီဂရမ်ခန့် ပါရှိပါတယ်။ ဒါကြောင့် ချိစ်ဘာဂါစားတဲ့အခါ အာလူးချောင်းကြော်လို ဆီကြော်စာတွေနဲ့ တွဲမစားပါနဲ့။

(၁၀) ရေခဲမုန့်
ရေခဲမုန့်တစ်ခွက်မှာ ဟမ်ဘာဂါတစ်ခုထက် အဆီပိုပါဝင်ပြီး ဒိုးနပ်မုန့်ဝိုင်းတစ်ခုထက် ကိုလက်စထရောပိုများတယ်ဆိုတာ သင်သိပါရဲ့လား။ သရေစာအဖြစ်စားချင်ရင် ရေခဲမုန့်ကို ရှောင်ပြီး သစ်သီးတစ်မျိုးကိုမှာပါ။ သစ်သီးတွေမှာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်၊ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပါဝင်မှုများတဲ့အတွက် ကိုလက်စထရော လျော့ကျလိုသူတို့ စားသင့်တဲ့ အကောင်းဆုံးအစာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top