Healthy Life Ad
Life Style

ဆရာဝန်များက လူနာတိုင်းကို သိစေလိုသည့် အချက် ခုနစ်ချက်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဆရာဝန်တွေက အလုပ်များတဲ့အတွက် လူနာတိုင်းကိုလိုက်ပြီး မရှင်းပြနိုင်တာကြောင့် သူတို့ပြောလိုတဲ့ အချက်တိုင်း သင့်ကိုပြောပြဖို့ အားချင်မှအားပါလိမ့်မယ်။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပါ၊ အစားအသောက်ဆင်ခြင်စားပါ၊ ဆေးလိပ်မသောက်ပါနဲ့၊ အရက်ကိုတတ်နိုင်သမျှ လျှော့သောက်ပါစတဲ့ စကားတွေကတော့မပြောလည်း သင်သိပြီးသားဖြစ်မှာပါ။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး လူနာတိုင်းကို အသေးစိတ်သိစေလိုတဲ့အချက်တွေကို ဆရာဝန်တွေရဲ့ကိုယ်စား ဗာဂျီးနီးယားဆေးတက္ကသိုလ်မှ ဂျော့ဂျ်က အခုလိုရှင်းပြပါတယ်။

(၁) ဆေးလိပ်အကြောင်း
ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာက ရှင်းပါတယ်။ အသေးစိတ်ကျတဲ့အချက်တစ်ခုကို ပြောပြချင်ပါတယ်။ စီးကရက်သောက်တာကို ဖြတ်လိုက်ရင် တစ်နှစ်အကြာမှာ နှလုံးရောဂါထနိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျမှုရှိတယ်ဆိုတဲ့ အချက်ပါ။

(၂) လေ့ကျင့်ခန်းအကြောင်း
လေ့ကျင့်ခန်းလုပ်တာက သင့်သက်တမ်းကို ပိုရှည်အောင် ပံ့ပိုးပေးနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ ခန္ဓာကိုယ်ပေါ်မူတည်ပြီး လုပ်နိုင်တဲ့အတိုင်းအတာနဲ့ ဝါသနာပါတဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေက မတူကြပါဘူး။ သက်ရှည်ကျန်းမာဖို့ လူတိုင်းတစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လောက်တော့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ အလေးမမယ်ဆိုရင်လည်း အလေးတုံးကို အသက်ရှူနိုင်လောက်တဲ့အတိုင်းအတာအတွင်း မသင့်ပါတယ်။

(၃) နှလုံးရောဂါကု ဆေးဝါးများအကြောင်း
နှလုံးရောဂါကုဆေးဝါးတွေကို မှန်မှန်သောက်နေရတဲ့ လူနာတွေအနေနဲ့ တစ်ရက်လောက် ဆေးသောက်ဖို့မေ့သွားရင်တောင် ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကုသနေသူတွေအနေနဲ့ ဆေးသောက်ဖို့ မမေ့သင့်ပါဘူး။

(၄) ပန်းသေပန်းညှိုးရောဂါ
ပန်းသေပန်းညှိုးရောဂါဟာ နှလုံးသွေးကြောဆိုင်ရာရောဂါကို သတိပေးညွှန်ပြတဲ့အရာပါ။ သွေးကြောချင်း ဆက်နွှယ်မှုရှိနေလို့ပါ။ ဒါကြောင့် သွေးတိုးရောဂါကုသဆေးတချို့ကလည်း ပန်းသေပန်းညှိုး ရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ နှလုံးရောဂါကုသမှု ခံယူစဉ်မှာ ပန်းသေပန်းညှိုးရောဂါမဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကို လေ့လာသင့်ပါတယ်။

(၅) အမျိုးသားဖြစ်ခြင်း၏ အသေးစားကံမကောင်းမှု
သင်ကအမျိုးသားဖြစ်ပြီး အခုအချိန်မှာ ငယ်ရွယ်ကာ ကြံ့ခိုင်တယ်ဆိုပေမယ့် ဆေးလိပ်သောက်တယ်ဆိုရင် သင့်အသက် ၆၀ လောက်မှာ ဘာလက္ခဏာမှ မပြရင်တောင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

(၆) သွေးတိုးခြင်း အကြောင်း
သွေးတိုးနေပြီဆိုရင် သွေးတိုးရောဂါကုသဖို့ ဆရာဝန်တွေက သတိပေးလေ့ရှိပါတယ်။ ပုံမှန် သွေးဖိအား(၁၁၉/၇၉ mmHg နဲ့အောက်)ထက်မြင့်တက်သွားရင် ၁၁ဦးအနက် တစ်ဦးမှာ နှလုံးရောဂါထနိုင်ခြေ ဒါမှမဟုတ် လေဖြတ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် သွေးတိုးကုသနေသူတွေက သွေးတိုးကျဆေးအပြင် သွေးတိုးကျစေမယ့် အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကိုလည်း လိုက်နာရပါမယ်။

(၇) စိတ်တည်ငြိမ်အေးချမ်းခြင်း၏ အရေးပါမှု
နာတာရှည်စိတ်ဖိစီးမှုဟာ တကယ့် ကျန်းမာရေးပြဿနာပါ။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်လာပြီ ဆိုရင် စိတ်ဖိစီးမှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး အဖြေရှာရပါမယ်။ စိတ်ဖိစီးမှုလျှော့ချတာက အစားအသောက်နဲ့ လေ့ကျင့်ခန်းတို့ကို အလေးထားသလိုပဲ နှလုံးကျန်းမာရေးအတွက် အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top